အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် တရုတ်နိုင်ငံသို့ ပထမဆုံးအကြိမ် ခရီးစဉ်အဖြစ် ဇွန် ၁၀ ရက်တွင် သွားရောက်ခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်၏ အဆိုပါ ခရီးစဉ်သည် ရွေးကောက်ပွဲအပြီး ဖြစ်ပေါ်လာမည့် မြန်မာနိုင်ငံရေးအပေါ် တရုတ်နိုင်ငံ၏ ထားရှိမည့် မူဝါဒကို ထင်ဟပ်ခြင်းများစွာ ရှိခဲ့သည့်အတွက် ၂၀၁၅ ခုနှစ်အတွက် ထင်ရှားသည့် ဖြစ်ရပ်တစ်ခုအဖြစ် Weekly Eleven News ဂျာနယ်က ဖော်ပြအပ်ပါသည်။NLD ပါတီမှ လူကြီးအဖွဲ့နှင့် လူငယ်အဖွဲ့ ကိုယ်စားလှယ်များသည် အာဏာရ တရုတ်ကွန်မြူနစ် ပါတီ၏ ဖိတ်ကြားချက်အရ တရုတ်နိုင်ငံသို့ လေ့လာရေး ခရီးများ သွားရောက်ခဲ့ဖူးသော်လည်း ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် ပထမဆုံး ခရီးစဉ်လည်းဖြစ်သည်။ဒေါ်အောင်ဆန်းစုကြည်၏ တရုတ်ခရီးစဉ်သည် ဇွန် ၁၀ ရက်မှ ၁၄ ရက်အထိ လေးရက်ကြာမြင့်ခဲ့ပြီး ခရီးစဉ်အတွင်း တရုတ်သမ္မတ ရှီကျင်ပင်း၊ ဝန်ကြီးချုပ် လီခယ်ကျင်း အပါအဝင် တရုတ်ကွန်မြူနစ်ပါတီ ထိပ်တန်းခေါင်းဆောင်များနှင့်လည်း သီးခြားစီ တွေ့ဆုံ ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။တရုတ်သမ္မတ ရှီကျင်ပင်းနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ တရုတ်နိုင်ငံ ပေကျင်းမြို့ရှိ ပြည်သူ့ခန်းမကြီး၌ ဇွန် ၁၁ ရက်က တွေ့ဆုံဆွေးနွေးရာတွင် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေ အတွင်းရေးမှူးလည်းဖြစ်သူ ရှီကျင်ပင်းက မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့သည် ရင်းနှီးခင်မင်ပြီး နီးစပ်မှုရှိသည့် အိမ်နီးချင်းများဖြစ်ကြောင်း၊ တရုတ်နိုင်ငံ အနေဖြင့် မြန်မာ-တရုတ် ဆက်ဆံရေးကို မဟာဗျူဟာမြောက် ရေရှည်ရှုထောင့်မှ အမြဲကြည့်ရှုလေ့ရှိကြောင်း ပြောကြားခဲ့သည်။တရုတ်သမ္မတ ရှီကျင်ပင်းသည် တရုတ်နိုင်ငံသို့ လာရောက်လည်ပတ်သော နိုင်ငံ့ခေါင်းဆောင်များကိုသာ ပေကျင်းမြို့ရှိ ပြည်သူ့ခန်းမကြီး၌ လက်ခံတွေ့ဆုံ ဆွေးနွေးလေ့ ရှိသည့်အတွက် မြန်မာနိုင်ငံ၏ နိုင်ငံရေးပါတီ ဥက္ကဋ္ဌ တစ်ဦးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်အား ထိုကဲ့သို့ လက်ခံတွေ့ဆုံမှုမှာ ရှေ့ဆက် ဖြစ်ပေါ်လာမည့် မြန်မာ့နိုင်ငံရေးအတွက် ကြိုတင်ပြင်ဆင်ခြင်း ဖြစ်သည်ဟု ခန့်မှန်းမှုများလည်း ထွက်ပေါ်လာခဲ့သည်။ဒေါ်အောင်ဆန်းစုကြည်သည် တရုတ်သမ္မတ ရှီကျင်ပင်းနှင့် မတွေ့ဆုံမီ တရုတ်ပြည်သူ့နိုင်ငံရေး အတိုင်ပင်ခံ ကွန်ဖရင့် ဒုတိယဥက္ကဋ္ဌ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ ပြည်ပဆက်သွယ်ရေးဌာန အကြီးအကဲ ဝမ်ကျားရွေ့နှင့် တရုတ်နိုင်ငံ ပေကျင်းမြို့၌ ဇွန် ၁၀ ရက်က တွေ့ဆုံဆွေးနွေးခဲ့ပြီး ပါတီနှစ်ခုကြား ဆက်ဆံရေးကို အမြင်ချင်း ဖလှယ်ခဲ့ကြကြောင်း သိရသည်။ထို့ပြင် ဒေါ်အောင်ဆန်းစုကြည်သည် တရုတ်အစိုးရဘက်မှ နိုင်ငံခြားရေးပေါ်လစီ ကိုင်တွယ်သည့် တရုတ်နိုင်ငံတော် ကောင်စီဝင် ယန်ကျဲ့ချီနှင့် တရုတ်ပြည်သူ့ ကွန်ဂရက် (လွှတ်တော်) အမြဲတမ်းကော်မတီ ဒုတိယ ဥက္ကဋ္ဌနှင့် တရုတ်နိုင်ငံ အမျိုးသမီးသမဂ္ဂ ဥက္ကဋ္ဌ စိန်ယွဲ့ယွဲ့တို့နှင့်လည်း ဇွန် ၁၁ ရက်တွင် သီးခြားစီ တွေ့ဆုံဆွေးနွေးခဲ့သည်။တရုတ်အစိုးရဘက်မှ နိုင်ငံခြားရေး ပေါ်လစီ ကိုင်တွယ်သည့် တရုတ်နိုင်ငံတော် ကောင်စီဝင် ယန်ကျဲ့ချီနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံရာတွင် ယန်ကျဲ့ချီက မြန်မာ-တရုတ် နှစ်နိုင်ငံသည် အစဉ်အလာအရ ချစ်ကြည်ရင်းနှီးသော အိမ်နီးချင်းနိုင်ငံဖြစ်ကြောင်း၊ လက်ရှိအချိန်သည် တရုတ်-မြန်မာ ဆက်ဆံရေး တိုးမြှင့်နိုင်ရန် အရေးကြီးသော ကာလသို့ ရောက်ရှိနေကြောင်း၊ တရုတ်နိုင်ငံ အနေဖြင့် မြန်မာနိုင်ငံနှင့် အတူတကွ မြန်မာ-တရုတ် ဘက်စုံမဟာဗျူဟာ မိတ်ဖက်ပူးပေါင်း ဆက်ဆံရေးကို တွန်းအားပေးသွားမည်ဖြစ်ကြောင်း၊ ၎င်းသည် နှစ်နိုင်ငံနှင့် နှစ်နိုင်ငံရှိ ပြည်သူလူထု၏ အကျိုးစီးပွားနှင့်လည်း ကိုက်ညီကြောင်း ပြောကြားခဲ့သည်ဟု တရုတ်နိုင်ငံပိုင် ဆင်ဟွာသတင်းတွင် ဖော်ပြခဲ့သည်။ဒေါ်အောင်ဆန်းစုကြည်သည် ဇွန် ၁၁ ရက် နံနက်ပိုင်းတွင် ပေကျင်းမြို့ BaDaCh က ဥယျာဉ်အတွင်းရှိ Lingguang ဘုရားကျောင်းသို့ သွားရောက်ခဲ့ပြီး ဗုဒ္ဓမြတ်စွယ်တော်အား ဖူးမြော်ခဲ့သည်။ဒေါ်အောင်ဆန်းစုကြည်သည် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုနိုင်ငံရေး ဗျူရိုကောင်စီဝင် ရှန်ဟိုင်းမြို့ ကော်မတီ အထွေထွေ အတွင်းရေးမှူး ဟန်ကျိမ့်နှင့် ဇွန် ၁၂ ရက်တွင် တွေ့ဆုံ ဆွေးနွေးခဲ့သည်။ခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်သည် ရှန်ဟိုင်းနှင့် ယူနန်ပြည်နယ်များသို့လည်း သွားရောက်ခဲ့ကြောင်း သတင်း ဖော်ပြချက်များအရ သိရသည်။တရုတ်နိုင်ငံသည် ယခင်စစ်အစိုးရ လက်ထက်တွင် မြန်မာအစိုးရအား ကမ္ဘာ့ဇာတ်ခုံ အလယ်တွင် ကာကွယ်ပေးခဲ့ပြီး မြန်မာနိုင်ငံ၏ စီးပွားရေးတွင် အခြားနိုင်ငံများထက် လက်ဦးမှု ရယူနိုင်ခဲ့သည်။သို့ရာတွင် သမ္မတ ဦးသိန်းစိန် အစိုးရ တက်လာပြီးနောက် မြန်မာနိုင်ငံသည် ယခင်က ဆက်ဆံရေး အေးစက်ခဲ့သည့် အမေရိကန်ပြည်ထောင်စု၊ ဗြိတိန်၊ ဥရောပနိုင်ငံများ စသည့် အနောက်နိုင်ငံများနှင့် ဆက်ဆံရေး တိုးတက် ကောင်းမွန်လာခဲ့ရာ တရုတ်အစိုးရသည် ယခင်က မြန်မာအစိုးရနှင့်သာ ဆက်ဆံခဲ့ရာမှ အတိုက်အခံ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အပါအဝင် နိုင်ငံရေးပါတီများ၊ အရပ်ဘက် အဖွဲ့အစည်းများနှင့်ပါ ထိတွေ့ ဆက်ဆံလာခဲ့သည်။တရုတ်နိုင်ငံ ခရီးစဉ်သို့ ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖြိုးဇေယျာသော်၊ ဦးဖြိုးမင်းသိန်းနှင့် ဥက္ကဋ္ဌရုံး တာဝန်ခံ ဒေါက်တာတင်မာအောင်တို့ လိုက်ပါသွားခဲ့သည်။ဒေါ်အောင်ဆန်းစုကြည်အား တရုတ် ကွန်မြူနစ်ပါတီ၏ ဖိတ်ကြားမှုသည် မြန်မာနိုင်ငံတွင် လာမည့် ၂၀၁၅ ရွေးကောက် ပွဲမတိုင်မီ အတိုက်အခံနှင့် ဆက်ဆံရေး တည်ဆောက်ရန် တရုတ်ကွန်မြူနစ်ပါတီ အနေဖြင့် မျှော်လင့်နေသည်ဟု တရုတ်ဂလိုဘယ်တိုင်းမ် သတင်းစာတွင် ဒေါ်အောင်ဆန်းစုကြည် တရုတ်နိုင်ငံသို့ မလာရောက်မီ ရေးသားဖော်ပြခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်၏ ပထမဆုံး တရုတ်ခရီးစဉ်တွင် တရုတ်သမ္မတ ရှီကျင်ပင်း၊ ဝန်ကြီးချုပ် လီခယ်ကျင်း အပါအဝင် တရုတ်ကွန်မြူနစ်ပါတီ ထိပ်တန်းခေါင်းဆောင်များသည် အတိုက်အခံပါတီ ခေါင်းဆောင်တစ်ဦးထက် ပိုသည့် ကြိုဆိုမှုများဖြင့် ကြိုဆိုတွေ့ဆုံခဲ့ပြီး ရွေးကောက်ပွဲအပြီး ဖြစ်ပေါ်လာမည့် မြန်မာ့နိုင်ငံရေးအပေါ် ထင်ဟပ်မည့် သဘောထားများကို ပြသခဲ့သည်။ ထို့ပြင် ရွေးကောက်ပွဲတွင် NLD ပါတီ အပြတ်အသတ် အနိုင်ရခဲ့ပြီး နောက်ပိုင်းတွင်လည်း အစိုးရသစ်နှင့် ဆက်ဆံမှု တိုးမြှင့်ရန် တရုတ်နိုင်ငံ အနေဖြင့် ရည်ရွယ်ထားခြင်းများကို တွေ့ခဲ့ရသည်။









