ဗိုလ်ချုပ်အောင်ဆန်း၏ နှစ် (၁၀၀)ပြည့်

ဗိုလ်ချုပ်အောင်ဆန်း၏ နှစ် (၁၀၀)ပြည့်
Published 27 December 2015

မြန်မာ တစ်မျိုးသားလုံး၏ လွတ်လပ်ရေးဖခင် အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ် အောင်ဆန်း၏ မွေးနေ့ နှစ်တစ်ရာပြည့်နှစ်သည် ၂၀၁၅ ခုနှစ်တွင် ကျရောက်ခဲ့ပြီး ထူးခြားစွာဖြင့် မြန်မာနိုင်ငံ၌ အထွေထွေ ရွေးကောက်ပွဲ တစ်ရပ်လည်း ကျင်းပခဲ့ကာ အဆိုပါ ရွေးကောက်ပွဲတွင် ဗိုလ်ချုပ်၏ သမီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်သည် အရပ်သား အစိုးရသစ်တစ်ရပ် ဖွဲ့စည်းနိုင်သည့် မဲရလဒ်ဖြင့် အပြတ်အသတ် အနိုင်ရရှိခဲ့ပြီး မကြာမီ အစိုးရသစ်တစ်ရပ် ဖွဲ့စည်းနိုင်တော့မည်ဖြစ်ကာ လူသာသေ၍ နာမည် မသေခဲ့သော ဗိုလ်ချုပ်အောင်ဆန်း၏ ထူးခြားမှုများနှင့် ပြည့်စုံနေသော နှစ်တစ်ရာပြည့် မွေးနေ့အား ၂၀၁၅ ခုနှစ်၏ ထင်ရှားကျော်ကြား ဖြစ်ရပ်တစ်ခုအဖြစ် ရွေးချယ် ဖော်ပြလိုက်ပါသည်။၁၉၁၅ ခုနှစ် ဖေဖော်ဝါရီ ၁၃ ရက်တွင် နတ်မောက်မြို့၌ မွေးဖွားခဲ့သော ဗိုလ်ချုပ် အောင်ဆန်းသည် မြန်မာနိုင်ငံ လွတ်လပ်ရေး ရရှိရေးအတွက် ဦးဆောင်ကြိုးပမ်းခဲ့သူ တစ်ဦးဖြစ်ကာ ၁၉၄၇ ခုနှစ် ဇူလိုင် ၁၉ ရက် အသက် ၃၂ နှစ် အရွယ်တွင် မသမာသူ အချို့၏ လုပ်ကြံမှုကြောင့် ကွယ်လွန်ခဲ့ရသည်။ယခင်က ဗိုလ်ချုပ် မွေးဖွားခဲ့သည့် ဖေဖော်ဝါရီ ၁၃ ရက်ကို “မြန်မာနိုင်ငံ ကလေးများနေ့” အဖြစ် သတ်မှတ်၍ အခမ်းအနားများ ကျင်းပခဲ့ကာ ယခင် နိုင်ငံရေး ပွင့်လင်းမှု မရှိသော ကာလများက သာမန်အခမ်းအနားဖြင့်သာ ကျင်းပခဲ့ကြသည်။သို့ရာတွင် ဗိုလ်ချုပ်အောင်ဆန်း၏ နှစ်တစ်ရာပြည့်နှစ်ဖြစ်သည့် ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီ ၁၃ ရက် မတိုင်မီတွင်မူ ဗိုလ်ချုပ် ရာပြည့်အခမ်းအနားများကို ၂၀၁၄ နှစ်ကုန်ပိုင်းမှ စတင်ကာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်နှင့် အခြားအဖွဲ့အစည်း အသီးသီးမှ ပုံစံမျိုးစုံဖြင့် ကျင်းပခဲ့ကြသည်။အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ အနေဖြင့်လည်း ဗိုလ်ချုပ်အောင်ဆန်း၏ ရာပြည့်နှစ်ကို ဂုဏ်ပြုသောအားဖြင့် ဗိုလ်ချုပ်၏ မွေးနေ့ ကျရောက်သည့်နေ့တွင် သာမက ၂၀၁၅ ခုနှစ် တစ်နှစ်ပတ်လုံး လစဉ် ဗိုလ်ချုပ် ရာပြည့် ဂုဏ်ပြုပွဲများ ကျင်းပရန် ပါတီအောက်ခြေ အဆင့်ဆင့်သို့ ညွှန်ကြား ဆောင်ရွက်စေခဲ့သည်။ ထို့နောက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က မြို့နယ်အလိုက် ဗိုလ်ချုပ်အောင်ဆန်း နှစ် ၁၀၀ ပြည့် မွေးနေ့ဂုဏ်ပြုပွဲများအဖြစ် ကဗျာရွတ်ဆို ပြိုင်ပွဲများ၊ ပန်းချီ ပြပွဲများ၊ ကျပန်းစကားပြော ပြိုင်ပွဲများ၊လမ်းလျှောက်ပွဲများ၊ ပျော်ပွဲရွှင်ပွဲများ အသီးသီး ကျင်းပခဲ့ပြီး အခြား လူမှုအဖွဲ့အစည်းများကလည်း ၎င်းတို့ အစီအစဉ်ဖြင့် ဗိုလ်ချုပ်ရာပြည့် အထိမ်းအမှတ် စာပေဟောပြောပွဲများ ကျင်းပခဲ့သည်။ထို့အတူ ဗိုလ်ချုပ်အောင်ဆန်း၏ သမီးဖြစ်သူ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ နယ်မြို့ကြီးများတွင် ကျင်းပသော ဗိုလ်ချုပ်နှစ် ၁၀၀ ပြည့် အကြိုအထိမ်းအမှတ် လူထုဟောပြောပွဲများတွင် လိုက်လံ ဟောပြောမှုများ ပြုလုပ်ခဲ့သည်။ထို့ပြင် နိုင်ငံပိုင် ရုပ်သံလိုင်းများနှင့် နိုင်ငံပိုင် သတင်းစာများကလည်း ယခင် စစ်အစိုးရ လက်ထက် တစ်ကြိမ်တစ်ခါမျှ ထုတ်လွှင့်ဖူးခြင်း မရှိခဲ့သော ဗိုလ်ချုပ်အောင်ဆန်း၏ မိန့်ခွန်းကောက်နုတ်ချက်များအား ဗိုလ်ချုပ်အောင်ဆန်း မွေးနေ့မတိုင်မီအထိ နေ့စဉ်ရက်ဆက် ဖော်ပြမှုများ ပြုလုပ်ခဲ့သည်။မြန်မာ့လွတ်လပ်ရေး ဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်း၏ နှစ် ၁၀၀ ပြည့် မွေးနေ့ကို ၎င်း၏ ဇာတိမြို့ဖြစ်သော မကွေးတိုင်း ဒေသကြီး နတ်မောက်မြို့တွင် ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီ ၇ ရက်တွင် စတင်၍ ပျော်ပွဲရွှင်ပွဲများဖြင့် စည်းကား သိုက်မြိုက်စွာ ကျင်းပခဲ့ပြီး ခရီးသွား အသွားအလာ နည်းပါးသော နတ်မောက်မြို့လေးသည် နိုင်ငံအနှံ့မှ အဆိုပါ အထိမ်းအမှတ်ပွဲသို့ လာရောက်သူများဖြင့် ကြက်ပျံမကျ စည်းကားခဲ့သည်။ထူးခြားစွာဖြင့် ဗိုလ်ချုပ်အောင်ဆန်း နှစ် ၁၀၀ ပြည့် အခမ်းအနားကို နေပြည်တော်ရှိ ပြည်ထောင်စု လွှတ်တော်တွင်လည်း ဖေဖော်ဝါရီ ၁၂ ရက်၌ ကျင်းပခဲ့ပြီး ဗိုလ်ချုပ်အောင်ဆန်းနှင့် ပတ်သက်၍ စာတမ်းများကို တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်များ အပါအဝင် နိုင်ငံရေး ပါတီများက ဖတ်ကြားခဲ့ပြီး ဗိုလ်ချုပ်အောင်ဆန်းနှင့် ပတ်သက်သည့် စာရွက်စာတမ်း၊ ဓာတ်ပုံ မှတ်တမ်းများကိုလည်း ခင်းကျင်း ပြသခဲ့သည်။နတ်မောက်မြို့တွင် ကျင်းပသည့် ဗိုလ်ချုပ်ရာပြည့် အထိမ်းအမှတ်ပွဲ၏ မုခ်ဦးဖွင့်ပွဲ အခမ်းအနားကို ဖေဖော်ဝါရီ ၇ ရက်က ပြုလုပ်ခဲ့ပြီး နံနက်တိုင်းတွင် နိုင်ငံအနှံ့အပြားမှ လာရောက်ကြသူများကို ဗိုလ်ချုပ်အောင်ဆန်း ကြိုက်နှစ်သက်သည့် ပဲပြုတ်နှင့် နံပြား စတုဒိသာ လှူဒါန်းကျွေးမွေးခြင်း အစီအစဉ်ကိုလည်း ထည့်သွင်း ပြုလုပ်ခဲ့သည်။ဗိုလ်ချုပ်အောင်ဆန်း နှစ် (၁၀၀) ပြည့် အခမ်းအနားကို ဖေဖော်ဝါရီ ၁၃ ရက်တွင်  ကျင်းပပြုလုပ်ခဲ့ပြီး သီတဂူ ဆရာတော်ကြီး တက်ရောက်၍ သြဝါဒစကား မိန့်ကြားခြင်း၊ ဗိုလ်ချုပ်အောင်ဆန်း၏ သမီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် တက်ရောက်၍ မိန့်ခွန်း ပြောကြားခြင်း၊ နတ်မောက်မြို့ရှိ ဗိုလ်ချုပ်နေအိမ် ပြတိုက်ခြံဝင်းအတွင်း ဗိုလ်ချုပ်ရာပြည့် ကဗ္ပည်းကျောက်စာတိုင်ကို သီတဂူ ဆရာတော်ကြီးနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ကပင် စက်ခလုတ် ဖွင့်လှစ်ခြင်း၊ ဒေါ်အောင်ဆန်းစုကြည်က ဗိုလ်ချုပ်အောင်ဆန်းပုံတူ စီလီကွန် ရုပ်တုကို ဗိုလ်ချုပ် ပြတိုက်တွင် ထားရှိရန် ယဉ်ကျေးမှု ဝန်ကြီးဌာနသို့ လွှဲပြောင်း လှူဒါန်းမှုတို့ ဆောင်ရွက်ခဲ့ပြီး အခမ်းအနား တက်ရောက်လာသူ ရဟန်းရှင်လူပြည်သူ သိန်းချီရှိခဲ့ကာ မြို့ ၁၅ မိုင် ပတ်လည်ခန့်ရှိ ကားလမ်းများတွင် ကားများ ပြည့်ကျပ်သည်အထိ ဖြစ်ပေါ်ခဲ့သည်အထိ စည်ကားခဲ့သည်။နတ်မောက်မြို့တွင် ကျင်းပသကဲ့သို့ပင် ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း) က နေပြည်တော်ရှိ ဇေယျသီရိဗိမာန်၊ သဘင်ဆောင်၌ ဗိုလ်ချုပ်နှစ် (၁၀၀) ပြည့် အထိမ်းအမှတ် အခမ်းအနားကို ဖေဖော်ဝါရီ ၁၃ ရက်တွင် ကျင်းပခဲ့ပြီး တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကိုယ်တိုင် တက်ရောက် မိန့်ခွန်းပြောကြားခဲ့သည်။ထို့အတူ မြို့အသီးသီးတွင်လည်း နိုင်ငံရေး အဖွဲ့အစည်းများက သံဃာတော်များအား ဆွမ်းဆက်ကပ် လှူဒါန်းခြင်း၊ အထိမ်းအမှတ် အခမ်းအနား ကျင်းပခြင်းတို့ ပြုလုပ်ခဲ့သည်။

Most Read

Most Recent