အစိုးရသစ်ကို တည်ငြိမ်အေးချမ်းစွာ အာဏာလွှဲပြောင်းနိုင်ရေး ဒေါ်အောင်ဆန်းစုကြည်၏ တွေ့ဆုံမှုများ

အစိုးရသစ်ကို တည်ငြိမ်အေးချမ်းစွာ အာဏာလွှဲပြောင်းနိုင်ရေး ဒေါ်အောင်ဆန်းစုကြည်၏ တွေ့ဆုံမှုများ
Published 27 December 2015
ကျော်ဇင်ဝင်း

၂၀၁၅ အထွေထွေ ရွေးကောက်ပွဲအပြီး အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ဖွဲ့စည်းမည့် အစိုးရသစ် အနေဖြင့် လက်ရှိသမ္မတ ဦးသိန်းစိန် ဦးဆောင်သော အစိုးရအဖွဲ့ထံမှ အာဏာလွှဲပြောင်း ရယူရာတွင် တည်ငြိမ်အေးချမ်းမှု ရှိစေရေးအတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် လက်ရှိ နိုင်ငံ၏ ထိပ်ပိုင်းခေါင်းဆောင် နေရာများအား တာဝန်ယူထားသူများ၊ သြဇာကြီးမားသူများနှင့် တွေ့ဆုံခဲ့မှုများကို ၂၀၁၅ ခုနှစ်၏ ထင်ရှားကျော်ကြား နိုင်ငံရေးဖြစ်ရပ် တစ်ခုအဖြစ် ဖော်ပြလိုက်ပါသည်။ရွေးကောက်ပွဲ မကျင်းပမီ ကာလများက အဆိုပါ ပုဂ္ဂိုလ်များနှင့်ပင် တွေ့ဆုံဆွေးနွေးရန် ဒေါ်အောင်ဆန်းစုကြည်သည် အကြိမ်ကြိမ် တောင်းဆို ကြိုးစားခဲ့သော်လည်း ဟန်ပြတွေ့ဆုံမှု အချို့သာ ရှိခဲ့ပြီး အောင်မြင်မှု မရှိခဲ့ပေ။ဒေါ်အောင်ဆန်းစုကြည်၏ တောင်းဆိုမှုအပေါ် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်၏ ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းစဉ်များ ပြီးဆုံးချိန်တွင် နှစ်ဖက်ညှိနှိုင်း ဆောင်ရွက်သွားမည်ဟု သမ္မတဦးသိန်းစိန်နှင့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်တို့က နိုဝင်ဘာ ၁၁ ရက်၌ အသီးသီး ထုတ်ပြန် ကြေညာခဲ့ကြသည်။ထို့အတူ ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းကလည်း “လာမည့် အပတ်အတွင်း အဆင်ပြေမည့် အချိန်တွင် အမျိုးသား သင့်မြတ်ရေးကို အခြေခံပြီး အခြား အရေးကိစ္စများ ရှိပါကလည်း ဆွေးနွေးရန် စီစဉ်ဆောင်ရွက်သွားမည် ဖြစ်ပါသည်” ဟု ၎င်း၏ ဖေ့စ်ဘွတ်စာမျက်နှာမှတစ်ဆင့် ပြည်သူများသို့ အကြောင်းပြန်ခဲ့သည်။တွေ့ဆုံမှုများ စတင်မှုအဖြစ် နိုဝင်ဘာ ၁၇ ရက်တွင် ဒေါ်အောင်ဆန်းစုကြည်သည် လွှတ်တော်တွင်း၌ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်တို့အား သီးခြားစီ အလွတ်သဘော တွေ့ဆုံခဲ့သည်။ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းနှင့် ဒေါ်အောင်ဆန်းစုကြည်တို့သည် တရားဝင် တွေ့ဆုံမှုကို နိုဝင်ဘာ ၁၉ ရက် နံနက် ၉ နာရီမှ စတင်ကာ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌရုံးခန်းတွင် နှစ်နာရီကြာ တွေ့ဆုံ ဆွေးနွေးခဲ့ပြီး ပူးတွဲကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။ယင်းပူးတွဲ ကြေညာချက်တွင် နိုဝင်ဘာ ၈ ရက် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲမှ ထွက်ပေါ်လာသည့် ပြည်သူ့ဆန္ဒကို တည်ငြိမ်အေးချမ်းစွာ စနစ်တကျ အကောင်အထည်ဖော်ခြင်းဖြင့် နိုင်ငံတော်၏ ဂုဏ်သိက္ခာ မြင့်မားရေးနှင့် ပြည်သူပြည်သားများ နှလုံးစိတ်ဝမ်း အေးချမ်းမှု ရရှိစေရန်၊ လွှတ်တော်များ ဖွဲ့စည်းရာတွင် အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကိုပါ အလေးအနက်ထား ရှေးရှုဆောင်ရွက်ရန်၊ လွှတ်တော်ဆိုင်ရာ ကိစ္စရပ်များ၊ အခြားအရေးကြီးသော လုပ်ငန်းတာဝန်များအတွက် ညှိနှိုင်းပူးပေါင်း ဆောင်ရွက်ခြင်းဖြင့် အပြန်အလှန် ယုံကြည်လေးစားပြီး သဟဇာတဖြစ်သော အစဉ်အလာကောင်းများ ချမှတ်နိုင်ရန်နှင့် ဒုတိယအကြိမ် လွှတ်တော်များကို ဥပဒေနှင့်အညီ ခေါ်ယူ ဖွဲ့စည်းနိုင်ရေးအတွက် ဆွေးနွေးညှိနှိုင်း ပူးပေါင်းဆောင်ရွက်နေရန်တို့ကို နှစ်ဖက်သဘောတူညီမှု ရရှိခဲ့ကြောင်း ဖော်ပြရေးသားခဲ့သည်။ဆက်လက်၍ နိုဝင်ဘာ ၁၉ ရက် ညနေပိုင်းတွင် ဒေါ်အောင်ဆန်းစုကြည်သည် နေပြည်တော် လွှတ်တော်ဝင်းအတွင်းရှိ တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီရုံး (I-12) တွင် နိုင်ငံတကာ သံရုံးနှင့် အဖွဲ့အစည်း ၄၁ ရုံးမှ သံတမန်များနှင့် တွေ့ဆုံကာ ရွေးကောက်ပွဲအလွန် တရားဥပဒေ စိုးမိုးရေး ကိစ္စရပ်များ ဆွေးနွေးခဲ့ကြသည်။သမ္မတ ဦးသိန်းစိန်နှင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်တို့သည် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံရန် အချိန်ကြာညောင်းနေမှုအပေါ် ဝေဖန်မှုများ ရှိခဲ့ပြီး နိုဝင်ဘာ ၃၀ ရက်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးသိန်းစိန်တို့သည် ဒီဇင်ဘာ ၂ ရက် နံနက်ပိုင်းတွင် တွေ့ဆုံဆွေးနွေးကြမည်ဟု နိုင်ငံတော် သမ္မတရုံးမှ လည်းကောင်း၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် မွန်းလွဲပိုင်းတွင် တွေ့ဆုံဆွေးနွေးကြမည်ဟု တပ်မတော် သတင်းမှန် ပြန်ကြားရေး အဖွဲ့က လည်းကောင်း အသီးသီး ကြေညာချက်များ ထုတ်ပြန်ခဲ့သည်။သမ္မတ ဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့သည် ဒီဇင်ဘာ ၂ ရက်နံနက် ၉ နာရီမှ စတင်ကာ ၄၅ မိနစ်ကြာ နေပြည်တော်ရှိ နိုင်ငံတော်သမ္မတ အိမ်တော်ဧည့်ခန်းမဆောင်၌ တွေ့ဆုံခဲ့ပြီး အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် ဦးဝင်းမြင့်နှင့် သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ပြည်ထောင်စုဝန်ကြီး ဦးရဲထွဋ်တို့ ပါဝင် တက်ရောက်ခဲ့ပြီး ဆွေးနွေးမှုများ အနေဖြင့် နောင်ပေါ်ပေါက်လာမည့် အစိုးရကို အေးချမ်းတည်ငြိမ်ချောမွေ့စွာ တာဝန်လွှဲပြောင်းနိုင်ရေး၊ ပြည်သူများ အနေဖြင့် စိုးရိမ်ပူပန်မှုများ မရှိစေရေး နှစ်ဖက်ပူးပေါင်း ဆောင်ရွက်မည့် ကိစ္စရပ်များ၊ မြန်မာနိုင်ငံ အနေဖြင့် ဒီမိုကရေစီ အသွင်ကူးပြောင်းရာတွင် ယခင်က အစဉ်အလာ မရှိခဲ့သေးသည့် နိုင်ငံတော် အကြီးအကဲ တာဝန်များ စနစ်တကျ လွှဲပြောင်းပေးသည့် အစဉ်အလာကောင်း တစ်ခုကို ထူထောင်ရန်အတွက် ဆွေးနွေးခဲ့ကြောင်း သတင်းထုတ်ပြန်ခဲ့သည်။ဒေါ်အောင်ဆန်းစုကြည်သည် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် မွန်းလွဲ ၂ နာရီမှ ၃ နာရီအထိ တစ်နာရီကြာ နေပြည်တော် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံး၊ ဘုရင့်နောင် ဧည့်ရိပ်သာ ဧည့်ခန်းမဆောင်တွင် တွေ့ဆုံဆွေးနွေးခဲ့ပြီး ပြည်သူလူထု၏ ဆန္ဒကို အလေးထား၍ တည်ငြိမ်းအေးချမ်းရေးနှင့် တရားဥပဒေ စိုးမိုးရေး၊ စည်းလုံးညီညွတ်ရေးနှင့် နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် နှစ်ဖက်ညှိနှိုင်း ပူးပေါင်းဆောင်ရွက်ရန် သဘောတူညီကြောင်း တပ်မတော်ဘက်မှ သတင်းထုတ်ပြန်ခဲ့သည်။ထိုသို့ တွေ့ဆုံမှုများနှင့် ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်အား သမ္မတ ဦးသိန်းစိန်သည် သာမန်ဧည့်သည်တစ်ဦး တွေ့သကဲ့သို့ ထိုင်ခုံနေရာချထား တွေ့ဆုံပြီး တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကမူ ခေါင်းဆောင်နှစ်ဦး တွေ့ဆုံ ဆွေးနွေးသကဲ့သို့ ထိုင်ခုံနေရာချထား တွေ့ဆုံခဲ့သဖြင့် သမ္မတ၏ ထိုင်ခုံနေရာချထားမှုအပေါ် ဝေဖန်မှုအချို့ ရှိခဲ့သည်။ယင်းကဲ့သို့ တရားဝင် တောင်းဆိုတွေ့ဆုံမှုများ အပြီးတွင် တစ်နိုင်ငံလုံးအား အံ့သြစေခဲ့သော တွေ့ဆုံမှုအဖြစ် ဒေါ်အောင်ဆန်းစုကြည်သည် ယခင်တပ်မတော် အစိုးရ အကြီးအကဲဖြစ်ခဲ့သော ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေနှင့် နေပြည်တော်ရှိ ဦးသန်းရွှေ၏ နေအိမ်တွင် ဒီဇင်ဘာ ၄ ရက် မွန်းလွဲ ၃ နာရီမှ စတင်ကာ နှစ်နာရီခွဲခန့် တွေ့ဆုံခဲ့ကြောင်း သတင်းများ ထွက်ပေါ်ခဲ့ပြီး သတင်းအား တရားဝင် အတည်ပြုပေးမည့်သူ မရှိဘဲ ဒီဇင်ဘာ ၅ ရက်တွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပြောရေးဆိုခွင့် ရှိသူများနှင့် ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေ၏ မြေးဖြစ်သူ ကိုနေရွှေသွေးအောင်တို့က ဒေါ်အောင်ဆန်းစုကြည်နှင့် ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေတို့ တွေ့ဆုံမှု သတင်းကို အတည်ပြု ထုတ်ပြန်ပေးခဲ့သည်။သို့ရာတွင် တပ်မတော် အနေဖြင့် တွေ့ဆုံမှု ကိစ္စကို မသိရှိကြောင်း၊ တပ်မတော်နှင့်လည်း မပတ်သက်ကြောင်း ကာကွယ်ရေး ဝန်ကြီးဌာန၊ ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်ဆင်ရေးဌာန ညွှန်ကြားရေးမှူး ဗိုလ်ချုပ်အောင်ရဲဝင်းက မီဒီယာ အချို့အား ပြောကြားခဲ့သည်။ကိုနေရွှေသွေးအောင် ဒီဇင်ဘာ ၅ ရက် ည ၁၀ နာရီခန့်တွင် ၎င်း၏ ဖေ့စ်ဘွတ် စာမျက်နှာမှတစ်ဆင့် ရေးသားထုတ်ပြန်ချက်အရ ယင်းသို့ ရေးသားထားချက်အရ ဒေါ်အောင်ဆန်းစုကြည်က “တိုင်းပြည်အကျိုးကို ထိခိုက် ဆုတ်ယုတ်စေနိုင်သည့် အငြိုးအတေးနှင့် အာဃာတတရားများ မိမိတွင် လုံးဝမရှိ။ အနာဂတ် မြန်မာနိုင်ငံတော် အောင်မြင်စွာ တည်ထောင်နိုင်ရေးနှင့် တပ်မတော် အပါအဝင် အဖွဲ့အစည်း အားလုံးနှင့် လက်တွဲပူးပေါင်း ဆောင်ရွက်နိုင်ရေးတို့အတွက် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံဆွေးနွေးလို” ဟု ပြောကြားကြောင်း ဖော်ပြခဲ့သည်။ထို့အတူ ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေက “ရွေးကောက်ပွဲတွင် တရားဝင် အနိုင်ရရှိခဲ့ပြီးနောက် မြန်မာပြည်၏ အနာဂတ်ခေါင်းဆောင်သည် ဒေါ်အောင်ဆန်းစုကြည် ဖြစ်လာမည် မှာအားလုံးလက်ခံရမည့် အမှန်တရားပင်ဖြစ်။ သူမ အနေဖြင့် တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အမှန်တကယ် ကြိုးပမ်းဆောင်ရွက်မည်ဆို ပါက မိမိအနေဖြင့် တတ်နိုင်သည့်ဘက်မှ အစွမ်းကုန် ပံ့ပိုးကူညီမည်” ဟု ပြောကြားကြောင်း ကိုနေရွှေသွေးအောင်က ရေးသားခဲ့သည်။တွေ့ဆုံဆွေးနွေးမှုများ၏ နောက်ဆက်တွဲအဖြစ် ဒီဇင်ဘာ ၁၀ ရက်တွင် ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက ဒုတိယအကြိမ် လွှတ်တော်အသီးသီး၏ ပုံမှန် အစည်းအဝေး ခေါ်ယူကျင်းပနိုင်ရန်အတွက် ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးများ ပါဝင်သော ဗဟိုကော်မတီနှင့် လုပ်ငန်းကော်မတီများ၏ ညှိနှိုင်းအစည်းအဝေး ကျင်းပခဲ့ပြီး  ပူးတွဲ သဘောတူညီချက်ကို အကောင်အထည် ဖော်နေခြင်းဖြစ်ကြောင်း သူရဦးရွှေမန်းက ပြောကြားခဲ့ကာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်လည်း အဆိုပါ အစည်းအဝေးသို့ တက်ရောက်ခဲ့သည်။ထို့နောက် ဒီဇင်ဘာ ၁၁ ရက်တွင် နိုင်ငံတော် အကြီးအကဲတာဝန် လွှဲပြောင်းမှု အထောက်အကူပြု ကော်မတီကို ဖွဲ့စည်းလိုက်ကြောင်းနှင့် အဆိုပါ ကော်မတီနှင့် ညှိနှိုင်းပူးပေါင်း ဆောင်ရွက်ရန်အတွက် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ အသွင်ကူးပြောင်းရေးအဖွဲ့ ဖွဲ့စည်းခဲ့ကြောင်း နိုင်ငံတော် သမ္မတရုံးက ထုတ်ပြန်ခဲ့ပြီး ဒီဇင်ဘာ ၁၆ ရက်တွင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ကာ နိုင်ငံတော် အကြီးအကဲတာဝန် လွှဲပြောင်းမှု အထောက်အကူပြု ကော်မတီနှင့် အသွင်ကူးေ့ပာင်းရေး အဖွဲ့၏ ပထမအကြိမ် အစည်းအဝေးကို ကျင်းပခဲ့သည်။သို့ရာတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အနေဖြင့် ရွေးကောက်ပွဲတွင် အစိုးရတစ်ရပ် ဖွဲ့နိုင်လောက်သည့် လွှတ်တော်ကိုယ်စားလှယ် ပမာဏအား လွတ်လွတ်ကျွတ်ကျွတ် ရရှိထားချိန်တွင် နိုင်ငံ၏ ရေရှည်အကျိုးအတွက် တွေ့ဆုံဆွေးနွေးရမည့် တပ်မတော် တာဝန်ရှိသူများ၊ တိုင်းရင်းသား အဖွဲ့အစည်းများနှင့် အကြိမ်ကြိမ် တွေ့ဆုံခြင်းမျိုး မဟုတ်ဘဲ အခြားသော ပုဂ္ဂိုလ်များ တွေ့ဆုံမှုများ ပြုလုပ်ပြီး ဆွေးနွေးမှုများကိုလည်း ထုတ်ဖော်ပြောကြားမှု မရှိခြင်းတို့ကြောင့် တွေ့ဆုံမှုများသည် ရှုပ်ထွေးမှုများ ရှိနေကြောင်း နိုင်ငံရေး လေ့လာသူများက သုံးသပ်ကြသည်။လက်ရှိအချိန်တွင် ရွေးကောက်ပွဲအလွန် ကာလတွင် အာဏာလွှဲပြောင်း ရယူရာတွင် တည်ငြိမ်အေးချမ်းမှု ရှိစေရေးအတွက် တွေ့ဆုံဆွေးနွေးမှုများမှာ ယေဘုယျအားဖြင့် အဆင်ပြေသည့် သဘောဆောင်လျက်ရှိပြီး ၂၀၁၆ ခုနှစ်တွင် လက်တွေ့ အာဏာလွှဲပြောင်းမှုမှာ အခက်အခဲပြဿနာ  တစ်စုံတစ်ရာ မရှိဘဲ လွှဲပြောင်းနိုင်ခြင်း ရှိ၊ မရှိမှာ စောင့်ကြည့်ရမည် ဖြစ်ပေသည်။          

Most Read

Most Recent