မအောင်မြင်ခဲ့သော ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး

မအောင်မြင်ခဲ့သော ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး
Published 27 December 2015
ကျော်ဇင်ဝင်း

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ပြည်ထောင်စု လွှတ်တော်တွင် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ဥပဒေကြမ်းအား တင်သွင်းခဲ့ရာ လွှတ်တော် ကိုယ်စားလှယ် အများအပြား ထောက်ခံ ဆွေးနွေးခဲ့သော်လည်း  တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များက ကန့်ကွက် ဆွေးနွေးခဲ့သည့်အပြင် မဲခွဲရာတွင် လုံလောက်သည့် ထောက်ခံမဲ မရရှိသဖြင့် အောင်မြင်မှု မရရှိခဲ့သော ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးအား ၂၀၁၅ ခုနှစ်၏ ထင်ရှားကျော်ကြား ဖြစ်ရပ်တစ်ခုအဖြစ် ရွေးချယ် ဖော်ပြအပ်ပါသည်။၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ဥပဒေမူကြမ်းကို ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းဇော်က ၂၀၁၅ ခုနှစ် ဇွန် ၁၀ ရက်တွင် ကျင်းပသည့် ၁၂ ကြိမ်မြောက် ပြည်ထောင်စု လွှတ်တော် ပုံမှန်အစည်းအဝေးတွင် တင်သွင်းခဲ့သည်။ထိုသို့ ပြည်ခိုင်ဖြိုးပါတီမှ တင်သွင်းသည့် ဥပဒေကြမ်းတွင် လွှတ်တော် ကိုယ်စားလှယ် ၇၅ ရာခိုင်နှုန်းကျော် ထောက်ခံခဲ့သည့် တိုင်ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ပြုလုပ်ပြီးမှသာ ပြင်ဆင်နိုင်မည့် ပုဒ်မများဖြစ်သော သမ္မတ အရည်အချင်း သတ်မှတ်ချက် ပုဒ်မ ၅၉(စ)၊ ပုဒ်မ ၅၉(ဃ)နှင့် ဖွဲ့စည်းပုံ ပြင်ဆင်ရေးတွင် အဓိကကျသည့် ပုဒ်မ ၄၃၆ အား ပြင်ဆင်ရာတွင် လိုအပ်သည့် လွှတ်တော် ကိုယ်စားလှယ် ရာခိုင်နှုန်း ပြင်ဆင်ချက်လည်း ပါဝင်ခဲ့သည်။အဆိုပါ ပုဒ်မ ၅၉(စ)၊ ပုဒ်မ ၅၉(ဃ) အား ဥပဒေကြမ်း၌ ပြင်ဆင်ချက် တင်သွင်းရာတွင် အနည်းငယ်သာ ဖြေလျှော့ထားပြီး ပုဒ်မ ၄၃၆ ကိုလည်း မူလပြဋ္ဌာန်းချက်တွင် ပုဒ်မ ၄၃၆ ကို ပြင်ဆင်လိုပါက လွှတ်တော် ကိုယ်စားလှယ် ၇၅ ရာခိုင်နှုန်းကျော် ထောက်ခံမှသာ ပြင်ဆင်နိုင်ကြောင်း ပြဋ္ဌာန်းထားမှုအား လွှတ်တော် ကိုယ်စားလှယ် ရာခိုင်နှုန်း ၇၀ အောက် မလျော့သော ဆန္ဒမဲဖြင့် ပြင်ဆင်နိုင်ကြောင်း အစားထိုး ပြင်ဆင်ရန် တင်သွင်းခဲ့ပြီး ဇွန် ၂၃ ရက်မှ ၂၅ ရက်ထိ သုံးရက်ကြာ လွှတ်တော် ကိုယ်စားလှယ် ၃၇ ဦးမှ ပါဝင်ဆွေးနွေးခဲ့သည်။ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အနေဖြင့် ၎င်းတို့တင်သွင်းသည့် ဥပဒေကြမ်းအပေါ် ထောက်ခံ ဆွေးနွေးခဲ့ပြီး တပ်မတော် လွှတ်တော် ကိုယ်စားလှယ်များက ပြင်ဆင်ချက် ၅၉(ဃ) တစ်ခုတည်းကိုသာ ထောက်ခံဆွေးနွေးခဲ့ကာ ကျန်ပုဒ်မအားလုံး မူလအတိုင်း ထားရှိရန် ဆွေးနွေးခဲ့သည်။ပုဒ်မ ၅၉(ဃ) ၏ မူလပြဋ္ဌာန်းမှာ နိုင်ငံတော် အရေးအရာများဖြစ်သော နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေး၊ စစ်ရေးစသည့် အမြင်များ ရှိရမည်ဖြစ်ပြီး ဥပဒေကြမ်းတွင် ပြင်ဆင်ချက်မှာ “စစ်ရေး” စာသားအစား “ကာကွယ်ရေး” ဟု စာသား ပြောင်းလဲထားခြင်းသာ ဖြစ်သည်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကမူ ပုဒ်မ ၅၉(စ) ပယ်ဖျက်ရန်နှင့် ပုဒ်မ ၄၃၆ ဖွဲ့စည်းပုံ ပြင်ဆင်ရေး လွှတ်တော် ကိုယ်စားလှယ် ရာခိုင်နှုန်းအား ရွေးကောက်ခံ လွှတ်တော် ကိုယ်စားလှယ် အားလုံး၏ သုံးပုံနှစ်ပုံ သို့မဟုတ် ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ် အားလုံး၏ ထက်ဝက်ကျော်ဖြင့် ပြင်ဆင်ရန် ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။လျှို့ဝှက် မဲလက်မှတ် စနစ်ဖြင့် မဲခွဲဆုံးဖြတ်ရာတွင် ပုဒ်မ ၅၉(ဃ) ပြင်ဆင်ချက် တစ်ခုကိုတည်းသာ ပြင်ဆင်ရန် လုံလောက်သည့် ထောက်ခံမဲ ရရှိခဲ့ပြီး ပုဒ်မ ၅၉(စ) နှင့် ပုဒ်မ ၄၃၆ တို့အား လုံလောက်သည့် ထောက်ခံမဲ မရရှိသဖြင့် ပြင်ဆင်နိုင်ခဲ့ခြင်း မရှိပေ။ထို့ပြင် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ မလိုဘဲ လွှတ်တော် ကိုယ်စားလှယ် ၇၅ ရာခိုင်နှုန်းကျော် ထောက်ခံမှုဖြင့် ပြင်ဆင်နိုင်သော ပုဒ်မ ၄၃၆(ခ) တွင် အကျုံးဝင်သည့် ပုဒ်မများဖြစ်သည့် တိုင်းရင်းသားများနှင့် အဓိက သက်ဆိုင်သည့် တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ် ဝန်ကြီးချုပ်အား သက်ဆိုင်ရာ လွှတ်တော်မှ ခန့်အပ်နိုင်ရေး ပြင်ဆင်ချက်၊ ပြည်ထောင်စု ဝန်ကြီးများနှင့် ဒုတိယ ဝန်ကြီးများအား လွှတ်တော် ကိုယ်စားလှယ်ထဲမှသာ ခန့်အပ်ရန် ပြင်ဆင်ချက်၊ လွှတ်တော် ကော်မတီများအား ပြည်ထောင်စုအဆင့် သတ်မှတ်ပေးရန် ပြင်ဆင်ချက်၊ ပြည်ထောင်စု တရားလွှတ်တော် တရားသူကြီးချုပ်နှင့် ပြည်ထောင်စု တရားလွှတ်တော် တရားသူကြီးများ၊ ပြည်နယ် တရားလွှတ်တော် တရားသူကြီးချုပ်နှင့် တရားလွှတ်တော် တရားသူကြီးများ၏ သက်တမ်းအား ပြင်ဆင် သတ်မှတ်ချက်၊ လွှတ်တော် ကိုယ်စားလှယ် တာဝန်မှ ပြန်လည် ရုပ်သိမ်းရာတွင် မဲဆန္ဒနယ်ရှင် တစ်ရာခိုင်နှုန်းမှ တိုင်တန်းနိုင်သည်ဆိုသည့် ပြဋ္ဌာန်းချက်အား ပယ်ဖျက် စသည့် ပြင်ဆင်ချက်များ ပါဝင်သည်။ပုဒ်မ ၄၃၆(ခ) တွင် အကျုံးဝင်သည့် ပုဒ်မများ၏ ပြင်ဆင်ချက်များကို ဇွန် ၃၀ ရက် မှ ဇူလိုင် ၂ ရက်ထိ လည်းကောင်း၊ ဇူလိုင် ၇ ရက်မှ ၈ ရက်ထိ ငါးရက်ကြား လွှတ်တော် ကိုယ်စားလှယ် ၆၃ ဦးက ဆွေးနွေးခဲ့ရာတွင် တိုင်းရင်းသားပါတီ ကိုယ်စားပြု လွှတ်တော် ကိုယ်စားလှယ် အများအပြား ပါဝင်ထောက်ခံ ဆွေးနွေးခဲ့သော်လည်း တပ်မတော်သားများက ပြင်ဆင်ချက် အားလုံးအား ယခုအချိန်တွင် ပြင်ဆင်ရန် မသင့်သေးကြောင်း ကန့်ကွက်ဆွေးနွေးခဲ့ပြီး မဲခွဲဆုံးဖြတ်ရာတွင် တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်များက ကန့်ကွက်ခဲ့သဖြင့် လုံလောက်သော ထောက်ခံမဲ မရှိသဖြင့် ပုဒ်မ ၄၃၆(ခ) တွင် အကျုံးဝင်သည့် အချက်များ ပြင်ဆင်ရာတွင်လည်း အောင်မြင်မှု မရရှိခဲ့ပေ။ အနည်းငယ် ဖြေလျှော့ထားသည့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းကိုပင် တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်များ၏ ထောက်ခံမှု မရရှိသဖြင့် ပြင်ဆင်နိုင်ခြင်း မရှိခြင်းအပေါ် တိုင်းရင်းသား လွှတ်တော် ကိုယ်စားလှယ်များက ပြင်းပြင်းထန်ထန် ဝေဖန် ပြောဆိုမှုများ ပြုလုပ်ခဲ့ကြသည်။သို့ဖြစ်၍ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေးတွင် အရေးကြီးပုဒ်မ မဟုတ်သော ပုဒ်မ ၅၉(ဃ) တစ်ခုသာ ပြင်ဆင်နိုင်ခဲ့ပြီး ပုဒ်မ ၅၉(ဃ) တစ်ခုတည်းအတွက် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ကျင်းပမည် ဆိုပါက နိုင်ငံတော် ဘဏ္ဍာငွေမှ ကျပ်သန်းပေါင်း ၄၇၂၉ ဒသမ ၀၄၃ ခန့် အနည်းဆုံး ကျခံသုံးစွဲရန် လိုအပ်သည့်အပြင် ထိုစဉ်အချိန်က ၂၀၁၅ ရွေးကောက်ပွဲ ကျင်းပရန် လုပ်ငန်းစဉ်များလည်း ရှိနေသဖြင့် နောင်တွင် ပေါ်ပေါက်လာနိုင်သည့် အခြေခံဥပဒေ ပြင်ဆင်ရေးဆိုင်ရာများနှင့်အတူ ဆန္ဒခံယူပွဲ ပြုလုပ်ပါက ပိုမိုသင့်လျော်သောကြောင့် ခေတ္တ ဆိုင်းငံ့ထားသင့်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က စာပေးပို့မှုအပေါ် ပြည်ထောင်စု လွှတ်တော်ကလည်း ဆန္ဒခံယူပွဲအား ဆိုင်းငံ့ခြင်းကို သဘောတူ ဆုံးဖြတ်ခဲ့သဖြင့် ဖွဲ့စည်းပုံ ပြင်ဆင်ရေးမှာ အောင်မြင်မှု မရရှိခဲ့ပေ။ လက်ရှိ လွှတ်တော်၌  ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး အောင်မြင်မှု မရခဲ့သလို၊ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ကိုယ်စားလှယ် အများစုဖြင့် အသာရမည့် လာမည့် လွှတ်တော်တွင် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး အောင်မြင်မှု ရရှိနိုင်မနိုင်မှာ စောင့်ကြည့်ရမည် ဖြစ်သည်။

Most Read

Most Recent