၂၀၁၅ ခုနှစ်အတွင်း နိုင်ငံရေး၊ စီးပွားရေးဆိုင်ရာ ဆန္ဒပြမှုများ ရှိခဲ့သလို အစိုးရ အနေဖြင့်လည်း ထိုတက်ကြွ လှုပ်ရှားသူများအား ဖမ်းဆီး ထောင်ချခဲ့သည့် ဖြစ်စဉ်များ အများအပြား ရှိခဲ့သည်။ တစ်ဖက်တွင်လည်း နိုင်ငံရေး အကျဉ်းသားများ ရှိနေသေးသည် ဟူသော ပြောကြားချက်များနှင့် နိုင်ငံရေး အကျဉ်းသားများဆိုင်ရာ ဆောင်ရွက်နေသည့် အဖွဲ့အစည်းများက အစိုးရထံ တောင်းဆို တိုက်တွန်းမှုများ ပြုလုပ်ခဲ့ကြရာ၂၀၁၅ ခုနှစ်အတွင်း ထင်ရှားသည့် ဖြစ်ရပ်တစ်ခုအဖြစ် ဖော်ပြလိုက်ပါသည်။၂၀၁၅ နှစ်ဆန်းပိုင်းတွင် မြန်မာနိုင်ငံရှိ အကျဉ်းထောင် အသီးသီးတွင် နိုင်ငံရေး အကျဉ်းသား ၁၇၀ ကျော်ခန့် ရှိနေပြီး၊ နိုင်ငံရေး ပုဒ်မများဖြင့် အမှု ရင်ဆိုင်နေရသူ ဦးရေမှာ၂၁၀ ကျော်အထိ ရှိခဲ့သည်။ထို့နောက်၂၀၁၅ ခုနှစ်အတွင်း တက်ကြွလှုပ်ရှားသူများအား ဖမ်းဆီးထောင်ချမှုများသည်လည်း လျော့နည်းသွားခြင်း မရှိသည့်အပြင် ဆက်လက် တိုးပွားလာပြီး ပုဒ်မ ၁၈၊ ပုဒ်မ ၁၉၊ ပုဒ်မ ၅၀၅ (ခ) စသည့် နိုင်ငံရေး ပုဒ်မများဖြင့် တရားစွဲဆို ထောင်ချခံရသူများတွင် နိုင်ငံရေး တက်ကြွလှုပ်ရှားသူများ သာမက အလုပ်သမားအရေး၊ လယ်သမားအရေး ဆောင်ရွက်သူများလည်း ပါဝင်လာခဲ့သည်။နိုင်ငံရေး ပုဒ်မများဖြင့် တရားစွဲဆို ထောင်ချ ခံရခြင်းများတွင် ဗိုလ်ချုပ်အောင်ဆန်းနှစ် (၁၀၀) ပြည့် မွေးနေ့အကြို ဂုဏ်ပြုလမ်းလျှောက်မှု၊ လယ်သမားများအား ဦးဆောင်၍ ဆန္ဒပြမှု၊ လက်ပံတောင်းတောင် ဒေသခံ ဒေါ်ခင်ဝင်း သေဆုံးမှုကြောင့် တရုတ်သံရုံးရှေ့ဆန္ဒပြမှု စသည်တို့လည်း ပါဝင်ခဲ့သည်။AAPP၊ FPPS တို့အပါအဝင် နိုင်/ကျဉ်းရေးရာ အဖွဲ့အစည်းများ၊ နိုင်ငံရေး ပါတီများနှင့် အရပ်ဘက် အဖွဲ့အစည်းများက ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ဖြစ်စေ၊ ဥပဒေတစ်ရပ်ရပ် အရဖြစ်စေ၊ ဖွဲ့စည်း ပေါ်ပေါက်လာသော မဏ္ဍိုင်သုံးရပ်နှင့် လုပ်ငန်းအဖွဲ့များ (သို့မဟုတ်) ပြည်ထောင်စု အဖွဲ့ဝင် လုပ်ငန်းအဖွဲ့ များ၏ ရပ်တည်ချက်၊ ဆောင်ရွက်ချက်များအပေါ် နည်းလမ်း အမျိုးမျိုးဖြင့် တစ်ဦးချင်းဖြစ်စေ၊ စုပေါင်း၍ ဖြစ်စေ၊ ကန့်ကွက်ခြင်း၊ ဟောပြောခြင်း၊ ရေးသား ပုံနှိပ်ထုတ်ေ၀ ဖြန့်ချိခြင်း၊ ဆန္ဒ ထုတ်ဖော်ခြင်း၊ မကျေနပ်ကြောင်း၊ ကန့်ကွက်ကြောင်းကို အခြားပုံသဏ္ဌာန် တစ်ခုခု ဖြင့် လှုပ်ရှား ဆောင်ရွက်ခြင်း၊ အားပေး ကူညီခြင်း၊ ပူးပေါင်း ကြံစည်ခြင်း၊ ဆက်စပ်ပတ်သက်ခြင်း စသည်တို့ကြောင့် ပြစ်မှုအကြောင်းအရ ဖြစ်စေ၊ တရားမ အကြောင်းအရ ဖြစ်စေ၊ ဖမ်းဆီးထိန်းသိမ်း ပြစ်ဒဏ် ချမှတ်ခံရသူများကိုလည်း နိုင်ငံရေး အကျဉ်းသားအဖြစ် သတ်မှတ်ထားသည်။အစိုးရ အနေဖြင့်မူ နိုင်ငံရေး ပုဒ်မများဖြင့် တရားစွဲဆို ဖမ်းဆီး ထောင်ချခံရသည့် တက်ကြွလှုပ်ရှားသူများကို တရားဝင် နိုင်ငံရေး အကျဉ်းသားများအဖြစ် သုံးနှုန်းခေါ်ဆိုခြင်း မရှိချေ။ သို့သော် နိုင်ငံရေး အကျဉ်းသားများ၏ အရေးကိစ္စများနှင့် ပတ်သက်၍ လျင်လျင်မြန်မြန် အောက်ခြေ အဆင့်အထိ ကျယ်ပြန့်စွာ ဆောင်ရွက်နိုင်ရေးအတွက် နိုင်ငံရေး အကျဉ်းသားများရေးရာ ကော်မတီကို နိုင်ငံတော် သမ္မတရုံးက ၂၀၁၅ ဇန်နဝါရီ ၅ ရက်တွင် ဖွဲ့စည်းပေးခဲ့သည်။၂၀၁၃ ခုနှစ်က ဖွဲ့စည်းထားသည့် ယခင် လက်ကျန် နိုင်ငံရေး အကျဉ်းသားများ စိစစ်ရေး ကော်မတီကို ပြန်လည် ပြောင်းလဲဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။ အဖွဲ့ဝင်၂၈ ဦး ပါဝင်ကာ ဥက္ကဋ္ဌအဖြစ် ပြည်ထဲရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ် ကျော်ကျော်ထွန်းက တာဝန်ယူထားသည်။ ထို့ပြင် ယခင် ကော်မတီဟောင်းမှ အဖွဲ့ဝင် အများအပြား ပြန်လည်ပါဝင်ခဲ့ပြီး အထူးသဖြင့် နိုင်ငံရေးပါတီ ၁၆ ခုမှ ပုဂ္ဂိုလ်များ အဖွဲ့ဝင်အဖြစ် ပါဝင်ခဲ့သည်။အစိုးရ၏ ထိုသို့သော ကော်မတီ ဖွဲ့စည်း ဆောင်ရွက်မှုများကို နိုင်/ကျဉ်းရေးရာ ဆောင်ရွက်နေသည့် အဖွဲ့အစည်းများက ကြိုဆိုခဲ့ကြသော်လည်း ကော်မတီတွင် နိုင်ငံရေး ပါတီဝင်များမှ ပုဂ္ဂိုလ်အချို့သည် အဖွဲ့ဝင်အဖြစ် ပါဝင်လျက်ရှိရာ အဆိုပါ နိုင်ငံရေး ပါတီဝင်များ အနေဖြင့် အကျဉ်းသားရေးရာ ကိစ္စရပ်များကို အမှန်တကယ် လုပ်ဆောင်ပေးနိုင်ခြင်း ရှိနိုင်/မရှိနိုင် နိုင်ငံရေး အကျဉ်းသားများဆိုင်ရာ အဖွဲ့အစည်းများကလည်း မေးခွန်းထုတ်မှုများ ရှိခဲ့သည်။ထို့ပြင် အဆိုပါ နိုင်ငံရေး အကျဉ်းသားများရေးရာ ကော်မတီတွင် ယခင် လက်ကျန်နိုင်ငံရေး အကျဉ်းသား စိစစ်ရေး ကော်မတီတွင် ပါဝင်ခဲ့ပြီး နိုင်ငံရေး အကျဉ်းသား အရေးကိစ္စများအား အမှန်တကယ် လုပ်ဆောင်နိုင်သည့် အဖွဲ့များမှ ကိုယ်စားလှယ်များ ပြန်လည် ပါဝင်ခြင်း မရှိသည့် အပေါ်တွင်လည်း ဝေဖန်ခဲ့ကြပြီး ကော်မတီ အနေဖြင့် လက်ရှိအချိန်အထိ အစည်းအဝေး ခေါ်ယူခြင်းနှင့် လုပ်ငန်း စတင်ခြင်း မရှိသေးပေ။၂၀၁၅ နှစ်လယ်ပိုင်းတွင်မူ နိုင်ငံရေး အကျဉ်းသား အဓိပ္ပာယ် ဖွင့်ဆိုချက်နှင့် ပတ်သက်၍ လက်ရှိ လွှတ်တော်သက်တမ်းတွင် တင်သွင်းနိုင်ရန်လည်း နိုင်/ကျဉ်း အဖွဲ့အစည်းများက လွှတ်တော် ကိုယ်စားလှယ်များနှင့် ပူးပေါင်းလုပ်ဆောင်ခဲ့ကြသလို အကျဉ်းထောင်များ ဥပဒေအား ပြည်ထဲရေး ဝန်ကြီးဌာနက ရေးဆွဲမှုနှင့် ပြည်သူများ သိရှိလေ့လာ အကြံပြုနိုင်ရန် ထုတ်ပြန်ခဲ့သည့် အကျဉ်းထောင်များ ဥပဒေကြမ်းတွင် နိုင်ငံရေး အကျဉ်းသားများအတွက် ပြဋ္ဌာန်းချက် မပါဝင်မှုနှင့် အခြားအချက်များ အပေါ်လည်း ထောက်ပြခဲ့ကြသည်။ဇူလိုင် ၆ ရက်တွင် နိုင်ငံရေး အကျဉ်းသားဟောင်းများ အဖွဲ့က ၂၀၁၅ ရွေးကောက်ပွဲ မတိုင်မီ နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးရန် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်ထံ အကြံပြုစာ ပေးပို့ခဲ့ပြီး နိုင်ငံရေး အကျဉ်းသားဟောင်း များအဖွဲ့ (FPPS) အနေဖြင့် နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေးအတွက် တောင်းဆိုရာတွင် ယခင်က ကြေညာချက်များဖြင့်သာ ထုတ်ပြန်တောင်းဆိုခြင်း ပြုလုပ်ခဲ့သော်လည်း ယခုတွင်မူ ပထမဆုံး အကြိမ်အဖြစ် နိုင်ငံတော် သမ္မတထံ တိုက်ရိုက် အကြံပြု တောင်းဆိုခဲ့ခြင်းဖြစ်သည်။ သမ္မတထံ ပေးပို့သည့် အကြံပြုစာတွင် အမျိုးသား ပြန်လည် သင့်မြတ်ရေးအတွက် လာမည့် ရွေးကောက်ပွဲတွင် အားလုံး ပါဝင်ခွင့်ရှိရေးနှင့် နိုင်ငံရေး အကျဉ်းသားများထဲမှ ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်လိုပါကလည်း ဝင်ရောက် ယှဉ်ပြိုင်ခွင့် ရရှိနိုင်ရန်အတွက် ပြန်လွှတ်ပေးရန် မေတ္တာရပ်ခံခဲ့ကြောင်း သိရသည်။ဇူလိုင် ၃၀ ရက်တွင်မူ နိုင်ငံခြားသား အကျဉ်းသား၂၁၀ ဦးအပါအဝင် အကျဉ်းသား ၆၉၆၆ ဦးကို သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွှတ်ပေးခဲ့ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ကြေညာခဲ့ရာ ၂၀၁၄ ခုနှစ် အောက်တိုဘာလ နောက်ပိုင်း ပထမဆုံး ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။ ထိုလွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်မြောက်လာသူများထဲတွင်မူ နိုင်ငံရေး အကျဉ်းသား ၁၃ ဦးသာ ပါဝင်ခဲ့ကြောင်း သိရသည်။ထို့အတွက်လည်း အစိုးရ၏ အကျဉ်းသားများ လွတ်ငြိမ်းချမ်းသာခွင့် ပေးမှုမှာ ရည်ရွယ်ချက်နှင့် ကွဲလွဲနေကြောင်း နိုင်ငံရေး အကျဉ်းသားများဆိုင်ရာ ကိစ္စများ ဆောင်ရွက်လျက်ရှိသည့် အဖွဲ့များက ဝေဖန်ခဲ့ကြသလို ထို့အတွက် နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးရန် နိုဝင်ဘာတွင် ထပ်မံတောင်းဆိုမှု ပြုလုပ်ခဲ့ကြသည်။နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ကမူ ၂၀၁၅ နိုဝင်ဘာ လကုန်အထိ နိုင်ငံတစ်ဝန်းရှိ အကျဉ်းထောင်များအတွင်း နိုင်ငံရေး အကျဉ်းသား ၁၂၇ ဦး ဆက်လက် ထိန်းသိမ်းခံနေရပြီး တက်ကြွလှုပ်ရှားသူ ၄၇၇ ဦး တရားရင်ဆိုင်နေရဆဲ ဖြစ်သည်ဟု ဆိုသည်။ အဆိုပါ နိုင်ငံရေး ပုဒ်မများဖြင့် တရားစွဲဆို ခံရသူများနှင့် အကျဉ်းကျသူ ဦးရေမှာ အရေအတွက်မှာ၂၀၁၅ နှစ်စပိုင်းကထက် ပိုမိုများပြားလာခြင်းလည်း ဖြစ်သည်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ ဦးဆောင်သော အစိုးရသစ် လက်ထက်တွင်မူ နိုင်ငံရေး အကျဉ်းသား လွတ်ငြိမ်းချမ်းသာခွင့်နှင့် ပတ်သက်၍ အဖွဲ့အစည်း အသီးသီးက မျှော်လင့်လျက်ရှိသည်။
ဆက်လက်ရှိနေဆဲ နိုင်ငံရေး အကျဉ်းသား အမည်မခံရသော တက်ကြွလှုပ်ရှားသူများ









