တစ်နိုင်ငံလုံး လှုပ်ခတ်ခဲ့သည့် ပြည်ခိုင်ဖြိုးပါတီ ခေါင်းဆောင်ပိုင်း အပြောင်းအလဲ

တစ်နိုင်ငံလုံး လှုပ်ခတ်ခဲ့သည့် ပြည်ခိုင်ဖြိုးပါတီ ခေါင်းဆောင်ပိုင်း အပြောင်းအလဲ
Published 27 December 2015
ငြိမ်းကို

၂၀၁၅ ခုနှစ် သြဂုတ် ၁၂ ရက် ညပိုင်းက အာဏာရ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ခေါင်းဆောင်ပိုင်း အပြောင်းအလဲ ဖြစ်ပေါ်ခဲ့ရာ အဆိုပါ သတင်းသည် တစ်နိုင်ငံလုံးကို လှုပ်ခတ်ခဲ့သည်။ ပြည်သူများအကြား စိုးရိမ်ပူပန်စိတ်များ ဖြစ်ပေါ်ခဲ့သည့် ပြည်ခိုင်ဖြိုးပါတီ၏ ခေါင်းဆောင်ပိုင်း အပြောင်းအလဲကို ၂၀၁၅ ခုနှစ်အတွက် ထင်ရှားသည့် ဖြစ်ရပ်တစ်ခုအဖြစ် Weekly Eleven News ဂျာနယ်က ဖော်ပြအပ်ပါသည်။သြဂုတ် ၁၂ ရက်ည ၈ နာရီခန့်မှ စတင်ကာ နေပြည်တော်ရှိ ပြည်ခိုင်ဖြိုးပါတီ ရုံးချုပ်အား ရဲတပ်ဖွဲ့ဝင်များဖြင့် စောင့်ကြပ်၍ အဝင်အထွက်များ တားမြစ်ကာ မည်သူများက မည်သည့် အကြောင်းအရာများ ဆွေးနွေးသည်ကို မသိရှိရဘဲ ခေါင်းဆောင်ပိုင်းနေရာ အပြောင်းအလဲ ပြုလုပ်မှုတွင် ပါတီ ပူးတွဲဥက္ကဋ္ဌ သူရဦးရွှေမန်း၊ အထွေထွေအတွင်းရေးမှူး ဦးမောင်မောင်သိမ်းတို့ကို ရာထူးမှ ဖယ်ရှားလိုက်ကြောင်းနှင့် ပါတီပူးတွဲဥက္ကဋ္ဌ သူရဦးရွှေမန်းအား နေအိမ်အကျယ်ချုပ်ပုံစံ ထိန်းသိမ်းထားသည်ဟု ကောလာဟလ သတင်းများ ထွက်ပေါ်လာခဲ့သည်။အထက်ပါ သြဂုတ် ၁၂ ရက် နံနက်ပိုင်းတွင် ပြည်ခိုင်ဖြိုးပါတီ ရုံးချုပ်၌ လွှတ်တော် ကိုယ်စားလှယ်လောင်း ကြိုဆိုတွေ့ဆုံပွဲ ကျင်းပခဲ့ရာ ပါတီပူးတွဲဥက္ကဋ္ဌ သူရဦးရွှေမန်း တက်ရောက်ခဲ့သလို ဒုတိယဝန်ကြီး အချို့နှင့် တပ်မတော်မှ အငြိမ်းစားယူ၍ နုတ်ထွက်လာသည့် တပ်မတော် အဆင့်မြင့် အရာရှိကြီးများဖြစ်သည့် ဗိုလ်ချုပ်ကြီး (ငြိမ်း) လှဌေးဝင်းနှင့် ဗိုလ်ချုပ်ကြီး (ငြိမ်း) သူရသက်ဆွေ အပါအဝင် အခြားသော အဆင့်မြင့် အရာရှိကြီးများ တက်ရောက်ခဲ့သည်။ထို့နောက် အဆိုပါ တွေ့ဆုံကြိုဆိုပွဲနှင့် စပ်လျဉ်း၍ ပြည်ခိုင်ဖြိုးရုံး၌ပင် ပါတီ အထွေထွေ အတွင်းရေးမှူး ဦးမောင်မောင်သိမ်း၊ ပါတီအတွင်းရေးမှူး ဦးသိန်းဆွေ၊ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးစိုးနိုင်၊ ဦးဇော်မြင့်ဖေနှင့် ဦးအောင်ထွန်းတို့ ဦးဆောင်၍ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခဲ့ပြီး ပါတီကိုယ်စားလှယ်လောင်း ရွေးချယ်ခဲ့မှု၊ ပါတီရွေးကောက်ပွဲ ဝင်ရောက်မည့် အခြေအနေ၊ သမ္မတ ဦးသိန်းစိန် ပြည်ခိုင်ဖြိုးပါတီမှ ရွေးကောက်ပွဲ ဝင်ရောက်ခြင်း မပြုတော့သည့် အခြေအနေများအား ရှင်းလင်းခဲ့သည်။ထို့နောက် သြဂုတ် ၁၂ ရက် ည ၈ နာရီခန့်မှ စတင်ကာ ပြည်ခိုင်ဖြိုးပါတီ ရုံးချုပ်အား ရဲတပ်ဖွဲ့ဝင်များဖြင့် စောင့်ကြပ်၍ အဝင်အထွက်များ တားမြစ်ကာ မည်သူများက မည်သည့် အကြောင်းအရာများ ဆွေးနွေးသည်ကို မသိရှိရဘဲ ကောလာဟလ သတင်းများ ထွက်ပေါ်ခဲ့ပြီးနောက် သြဂုတ် ၁၃ ရက်တွင် ပါတီ ဗဟိုအလုပ်အမှုဆောင် အဖွဲ့အား အသစ်ပြန်လည် ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး စည်းမျဉ်းများလည်း ပြင်ဆင်ကြောင်း သတင်းများ ထွက်ပေါ်လာခြင်းဖြစ်သည်။ယင်းကဲ့သို့ ပါတီရုံးတံခါး ပိတ်ထားချိန်တွင် စားသောက်စရာများ လာရောက်ပို့ဆောင်သည့် အိမ်စီးကားငယ် အချို့ကို တွေ့ရသော်လည်း စားသောက်စရာ လာရောက်ပို့ဆောင်သူများမှာ အထဲသို့ ဝင်ခွင့်မရဘဲ လုံခြုံရေးများမှတစ်ဆင့် ပေးပို့ရသည်ကို တွေ့ခဲ့ရပြီး သြဂုတ် ၁၃ ရက် နံနက် ၂ နာရီ ၅ မိနစ်ခန့်တွင် ပါတီရုံးဝင်း အတွင်းမှ အိမ်စီးကားသုံးစီး ပြန်လည်ထွက်ခွာသွားသည်ကို တွေ့ခဲ့ရသည်။ထို့နောက် သြဂုတ် ၁၃ ရက်တွင် အသစ် ဖွဲ့စည်းလိုက်သည့် ပြည်ခိုင်ဖြိုးပါတီ ဗဟိုအတွင်းရေးမှူးများဖြစ်သည့် ဦးပိုက်ထွေး၊ ဒေါက်တာမောင်မောင်ဌေး၊ ဦးသန်းထွန်းတို့က မီဒီယာများနှင့် တွေ့ဆုံကာ ထိုကဲ့သို့ ရဲတပ်ဖွဲ့ အစောင့်များ ချထားခဲ့ခြင်းသည် လွှတ်တော်တက်ရောက်ရန် ရောက်ရှိနေသည့် လွှတ်တော်ကိုယ်စားလှယ်များ လုံခြုံရေးအတွက် ဖြစ်ကြောင်း ပြောကြားခဲ့သလို ဗဟိုအလုပ်အမှုဆောင် ကော်မတီ ပြန်လည်ဖွဲ့စည်းမှုကိုလည်း ကြေညာချက် ထုတ်ပြန်ခဲ့သည်။  နေပြည်တော် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီရုံးချုပ်တွင် သြဂုတ်လ ၁၃ ရက်က ဗဟိုအလုပ်အမှုဆောင် ကော်မတီ အစည်းအဝေး နှစ်ကြိမ်တိုင် ပြုလုပ်ခဲ့ပြီး ဗဟိုအလုပ်မှုဆောင် ကော်မတီအဖွဲ့အား အသစ်ပြန်လည် ဖွဲ့စည်းခဲ့ကြောင်း၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ပူးတွဲဥက္ကဋ္ဌ သူရဦးရွှေမန်း၊ အထွေထွေ အတွင်းရေးမှူး ဦးမောင်မောင်သိမ်း အပါအဝင် သူရဦးအောင်ကို၊ ဦးအောင်သိန်းလင်း စသည့် ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် အချို့အား ပါတီထိပ်ပိုင်း ရာထူးများမှ ဖယ်ရှားခဲ့ပြီး အတွင်းရေးမှူး အဖွဲ့ဝင်များကိုလည်း ပြန်လည်ဖွဲ့စည်းခဲ့ကြောင်း ရှင်းလင်းပြောကြားမှုများအရ သိရသည်။ထိုသို့ ဗဟိုအလုပ်အမှုဆောင် ကော်မတီ ဖွဲ့စည်းမှုကို ပြည်ခိုင်ဖြိုးပါတီမှ ထုတ်ပြန်ခဲ့သည့် ကြေညာချက်တွင် ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌဖြစ်သော ဦးသိန်းစိန်သည် နိုင်ငံတော် သမ္မတတာဝန် ထမ်းဆောင်ရသည့်အတွက် ပြည်ခိုင်ဖြိုးပါတီ ဖွဲ့စည်းပုံအခြေခံ စည်းမျဉ်း အပုဒ် (၉၉/ခ) အရ ပါတီတာဝန်များကို ဒုတိယဥက္ကဋ္ဌ သူရဦးရွှေမန်းအား ဥက္ကဋ္ဌတာဝန် ပူးတွဲထမ်းဆောင်ရန် တာဝန်ပေးအပ်ခဲ့ကြောင်း၊ ဒုတိယဥက္ကဋ္ဌ/ဥက္ကဋ္ဌ ပူးတွဲတာဝန် ယူထားသည့် သူရဦးရွှေမန်းသည် နိုင်ငံတော်အတွက် ကြီးလေးသော တာဝန်များဖြစ်သည့် ပြည်ထောင်စုလွှတ်တော် နာယကနှင့် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌအဖြစ် အချိန်ပြည့် ထမ်းဆောင်နေရသူဖြစ်၍ ယခုအချိန်တွင် ပါတီလုပ်ငန်းများကို ပိုမို၍ ဖိဖိစီးစီး ဆောင်ရွက်ရန် လိုအပ်လာပြီ ဖြစ်သည့်အတွက် ပါတီဥက္ကဋ္ဌ၊ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ဒုတိယဥက္ကဋ္ဌ/ဥက္ကဋ္ဌ ပူးတွဲတာဝန်အား သူရဦးရွှေမန်းအစား ဒုတိယဥက္ကဋ္ဌ ဦးဌေးဦးထံသို့ သြဂုတ်လ ၁၂ ရက်က လွှဲပြောင်းပေးအပ်ခဲ့ကြောင်း ဖော်ပြခဲ့သည်။ပြန်လည်ဖွဲ့စည်းခဲ့သော ပြည်ခိုင်ဖြိုး ကော်မတီ အသစ်တွင် ဦးသိန်းစိန် ဥက္ကဋ္ဌ နိုင်ငံတော်သမ္မတ၊ ဦးဌေးဦး ဒုတိယဥက္ကဋ္ဌ/ဥက္ကဋ္ဌ ပူးတွဲတာဝန်၊ ဦးတင်ထွတ်၊ ဦးစိုးသာ၊ ဗဟို အတိုင်ပင်ခံ/ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်၊ ဦးခင်အောင်မြင့် ဗဟိုအတိုင်ပင်ခံ/အမျိုးသားလွှတ်တော်ဥက္ကဋ္ဌနှင့် သူရဦးအေးမြင့်/ဒုတိယဥက္ကဋ္ဌ၊ ဗဟိုအကြံပေးများအဖြစ် ဦးသောင်း၊ ဦးလွန်းသီ၊ ဒေါက်တာချမ်းငြိမ်း၊ ဦးသိန်းဇော်၊ ဦးသိန်းဆွေ၊ ဒေါက်တာကျော်မြင့်၊ ဒေါက်တာမြဦးတို့ဖြစ်ပြီး ဦးတင်နိုင်သိန်း/အထွေထွေ အတွင်းရေးမှူး၊ ဦးသက်နိုင်ဝင်း/တွဲဖက် အထွေထွေ အတွင်းရေးမှူးတို့ ဖြစ်ကြောင်း သိရသည်။ပါတီဗဟို အလုပ်အမှုဆောင် ကော်မတီ ညှိနှိုင်းဆွေးနွေး ဆုံးဖြတ်ချက်ကို ပါတီဖွဲ့စည်းပုံ အခြေခံစည်းမျဉ်းနှင့်အညီ အနီးကပ်ဆုံး ပါတီဗဟိုကော်မတီ အစည်းအဝေးနှင့် ပါတီညီလာခံသို့ တင်ပြ အတည်ပြုချက် ရယူသွားမည်ဖြစ်ပြီး ယင်းအစည်းအဝေးတွင် ပါတီပူးတွဲ ဥက္ကဋ္ဌ သူရဦးရွှေမန်း ပါဝင်ခြင်း မရှိကြောင်းလည်း သိရသည်။အဆိုပါ ပြည်ခိုင်ဖြိုးကော်မတီသစ် ဖွဲ့စည်းမှု အကြောင်းကို ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်သစ်များက မီဒီယာများနှင့် တွေ့ဆုံပြောကြားပြီးနောက် သြဂုတ် ၁၄ ရက်တွင် သူရဦးရွှေမန်းက ၎င်း Facebook စာမျက်နှာမှတစ်ဆင့် ပြည်သူများ၏ ကောင်းကျိုးချမ်းသာအတွက် ပြည်သူများနှင့်အတူ နောက်ဆုံးအချိန်အထိ ဆက်လက်ဆောင်ရွက်သွားမည်ဟု ပြည်သူလူထုထံသို့ ပြောကြားခဲ့သလို သြဂုတ် ၁၅ ရက်တွင်လည်း မိမိကြောင့် အများပြည်သူများ ဒုက္ခမတွေ့စေရ၊ အခက်အခဲ မတွေ့စေရ၊ ပြဿနာများ မဖြစ်စေရအောင် သတိနှင့်ယှဉ်ပြီး ဆောင်ရွက်သွားမည် ဖြစ်ပါသည်ဟု ထပ်မံရေးသား ပြောကြားခဲ့သည်။ထို့နောက် သြဂုတ် ၁၈ ရက်က ပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအတွင်း လတ်တလော ဖြစ်ပေါ်နေသော ကိစ္စရပ်များကို လွှတ်တော်အတွင်း ယူဆောင်လာခြင်း မပြုစေလိုဟု ပြောကြားခဲ့သည်။ထိုကဲ့သို့ ပြည်ခိုင်ဖြိုးပါတီ၏  ခေါင်းဆောင်ပိုင်း အပြောင်းအလဲ ဖြစ်ပေါ်ခဲ့မှုသည် ပါတီစည်းလုံးမှုနှင့် ရွေးကောက်ပွဲ ရလဒ်အပေါ် ထိခိုက်လိမ့်မည်ဟု ကြိုတင်ခန့်မှန်းမှုများ ထွက်ပေါ်ခဲ့သည့်အတိုင်း ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲတွင် ပြည်ခိုင်ဖြိုးပါတီသည် ပြည်သူ့လွှတ်တော်နေရာ ၃၀၊ အမျိုး သားလွှတ်တော် ၁၁ နေရာနှင့် တိုင်း/ပြည်နယ်လွှတ်တော် ၇၆ နေရာသာ အနိုင်ရရှိခဲ့သည်။       

Most Read

Most Recent