၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲတွင် နိုင်ငံရေးပါတီ ၉၁ ပါတီ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ထိုအထဲတွင် တိုင်းရင်းသား မျိုးနွယ်စုများ ကိုယ်စားပြု ဝင်ပြိုင်ခဲ့သည့် နိုင်ငံရေး ပါတီမှာလည်း ၅၃ ပါတီအထိ ရှိခဲ့သည်။ရွေးကောက်ပွဲ ရလဒ်များအရ ထူးခြားချက် တစ်ခုမှာ ပြည်နယ်များတွင် အနိုင်ရရှိမည်ဟု ခန့်မှန်းထားသည့် တိုင်းရင်းသားပါတီ အများစုမှ ကိုယ်စားလှယ်များ ရွေးချယ်ခံရမှု နည်းပါးခဲ့ခြင်းလည်း ဖြစ်သည်။ထိုအထဲတွင် တိုင်းရင်းသားပါတီ ၁၈ ခုကသာ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် ပြည်နယ်လွှတ်တော် အသီးသီးတို့တွင် အနိုင်ရရှိခဲ့သည်။ စုစုပေါင်း လွှတ်တော်နေရာ ၁၄၀ တွင်ဖြစ်ပြီး ပြည်သူ့လွှတ်တော်တွင် ၃၇ နေရာ၊ အမျိုးသားလွှတ်တော် ၁၈ နေရာ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော် အသီးသီးတို့တွင် ၈၁ နေရာနှင့် တိုင်းဒေသကြီး/ပြည်နယ် (တိုင်းရင်းသားလူမျိုးလွှတ်တော်) ငါးနေရာတို့တွင် အနိုင်ရရှိခဲ့ကြခြင်းဖြစ်သည်။ပြည်နယ်ခုနစ်ခု ရှိသည့်အနက် တိုင်းရင်းသားပါတီ ကိုယ်စားပြု အနေဖြင့် ဖွဲ့စည်းထားသည့် ပါတီများမှာ ရှမ်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင်သာ အများအပြား အနိုင်ရရှိခဲ့ခြင်းဖြစ်ပြီး ရှမ်းပြည်နယ်တွင် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီမှ ကိုယ်စားလှယ်များနှင့် ရခိုင်ပြည်နယ်တွင် ရခိုင်အမျိုးသားပါတီမှ ကိုယ်စားလှယ် အများစု ရွေးချယ်ခံခဲ့ရခြင်း ဖြစ်သည်။ထို့ပြင် ၂၀၁၅ ရွေးကောက်ပွဲ၌ ၂၀၁၀ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင် အနိုင်ရခဲ့သည့် တိုင်းရင်းသားပါတီ အများစုမှာလည်း အနိုင်ရရှိခဲ့ခြင်း မရှိပေ။တိုင်းရင်းသားပါတီ အများစု ပါဝင်ဖွဲ့စည်းထားသည့် နိုင်ငံရေး အစုအဖွဲ့ နှစ်ခုရှိရာတွင် ညီနောင်စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ (UNA) မှ ပါတီများမှ ကိုယ်စားလှယ်များမှာ ရွေးကောက်ခံရမှုများ ရှိသော်လည်း ညီနောင်တိုင်းရင်းသား လူမျိုးများ ဖက်ဒရေးရှင်း (NBF) မှ ကိုယ်စားလှယ်များမှာမူ တစ်နေရာသာ ရွေးချယ်ခံခဲ့ရသည်။လာမည့် ၂၀၁၅ ရွေးကောက်ပွဲတွင် စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ (UNA) အဖွဲ့ဝင် တိုင်းရင်းသားပါတီများက လာမည့် ၂၀၁၅ ရွေးကောက်ပွဲအတွက် တိုင်းရင်းသား ပြည်နယ်များနှင့် တိုင်းဒေသကြီးအချို့ရှိ မဲဆန္ဒနယ် ၃၈၀ ခန့်တွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်ပြီး NBF အဖွဲ့ဝင် တိုင်းရင်းသား ပါတီများကမူ မဲဆန္ဒနယ် ၄၀၀ ကျော်တွင် ဝင်ရောက် ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်သည်။တိုင်းရင်းသား ပါတီများ အနေဖြင့် ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်ခဲ့ကြသော်လည်း အနိုင်ရရှိခဲ့ခြင်း မရှိသည်မှာလည်း ၂၀၁၅ ရွေးကောက်ပွဲ ရလဒ်များတွင် ထူးခြားချက်ပင်ဖြစ်သည်။ အထူးသဖြင့် ရွေးကောက်ပွဲအတွက် ပူးပေါင်းဆောင်ရွက်မှုများ အရှိန်အဟုန်မြှင့် ပြုလုပ်ခဲ့သည့် ချင်းနိုင်ငံရေး ပါတီများ ရွေးကောက်ပွဲ ရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။ထိုသို့ ရွေးကောက်ပွဲတွင် တိုင်းရင်းသား နိုင်ငံရေး ပါတီများ မရှုမလှ ရှုံးနိမ့်ခဲ့ခြင်းကြောင့် ရွေးကောက်ပွဲ အလွန်၌ တိုင်းရင်းသား ပါတီများအကြား ပူးပေါင်းဆောင်ရွက်မှု၊ မဟာမိတ် ဖွဲ့စည်းမှုများမှာ အခန်းကဏ္ဍ တစ်ရပ်အနေဖြင့် ပေါ်ပေါက်လာခဲ့ပြီး ပါတီတည်ဆောက်ရေး သို့မဟုတ် ပေါင်းစည်းမှုများ ပြုလုပ်ခြင်းဖြင့် ပါတီများ စည်းလုံးမှု ရယူရန် လိုလားကြောင်း သက်ဆိုင်ရာ ပါတီခေါင်းဆောင်များက ထုတ်ဖော်ပြောကြားမှုများ ရှိလာသည်။ လက်ရှိတွင် ရွေးကောက်ပွဲမှ ရှုံးနိမ့်ခဲ့သည့် ကရင်နိုင်ငံရေးပါတီ ငါးခုကလည်း ပူးပေါင်းရန် မူဘောင်ရေးဆွဲ ညှိနှိုင်းမှုများ ပြုလုပ်လာသည်။ထို့ပြင် ၂၀၁၅ ရွေးကောက်ပွဲ၌ ပူးပေါင်းညှိနှိုင်း ဆောင်ရွက်ခဲ့မှုများ ရှိခဲ့သည့် ချင်းတိုင်းရင်းသား ပါတီ ၁၀ ခုတို့ကလည်း နိုင်ငံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက် ပြုလုပ်ရန် စီစဉ်ထားသလို ရွေးကောက်ပွဲတွင် လွှတ်တော်နေရာ အများအပြား အနိုင်ရခဲ့သည့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီနှင့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီတို့ကလည်း ရှမ်းနှစ်ပါတီ ပူးပေါင်းရေး ကိစ္စများကို ဆွေးနွေးမှုများ ပြုလုပ်လျက်ရှိကြောင်းလည်း သိရသည်။ရွေးကောက်ပွဲအပြီး နိုင်ငံရေး အခင်းအကျင်း ပြောင်းလဲလာသည်နှင့်အညီ အနိုင်ရရှိခဲ့သည့် တိုင်းရင်းသားပါတီအချို့ အချင်းချင်း ကြားတွင်လည်း မဟာမိတ် ဆက်ဆံရေး တည်ဆောက်မှုများ ရှိလာသည်ကို တွေ့ရပြီး လွှတ်တော်လေးနေရာ အနိုင်ရရှိထားသည့် တိုင်းရင်းသားပါတီ တစ်ခုဖြစ်သော ကချင်ပြည်နယ် ဒီမိုကရေစီပါတီက စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ (UNA) သို့ ဝင်ရောက်ရန် ကမ်းလှမ်းမှု ရှိလာခဲ့သည်။ထိုကဲ့သို့ တိုင်းရင်းသားများ နေထိုင်ရာ ပြည်နယ်များတွင် တိုင်းရင်းသား ကိုယ်စားပြု ပါတီအများစု ရွေးကောက်ပွဲတွင် ရှုံးနိမ့်ခဲ့ရသဖြင့် ထိုပါတီများ၏ ရပ်တည်ချက်၊ မူဝါဒတို့အပေါ် မေးခွန်းထုတ်မှုများ ရှိလာခဲ့ပြီး တိုင်းရင်းသားများ နေထိုင်ရာ ပြည်နယ်များတွင် အဆိုပါ တိုင်းရင်းသား ကိုယ်စားပြု ပါတီ အများစု ရှုံးနိမ့်ခဲ့ရခြင်းမှာ ပြိုင်ဘက်နိုင်ငံရေး ပါတီများ၏ အားသာချက်ကြောင့်သာ မဟုတ်ဘဲ တိုင်းရင်းသားများ ကိုယ်စားပြု ရွေးချယ်ရမည့် ပါတီ များနေခြင်းကြောင့်လည်း ဖြစ်သည်ဟု နိုင်ငံရေး လေ့လာသုံးသပ်သူများက ပြောကြားလာခဲ့သည်။လက်ရှိပါတီများ ပေါင်းစည်းရန် လုပ်ဆောင်မှု၊ မဟာမိတ် ဖွဲ့စည်းရန် စီစဉ်မှုနှင့် လာမည့် နိုင်ငံရေး အခင်းအကျင်းသစ်တွင် အစိုးရနှင့် ပူးပေါင်းဆောင်ရွက်နိုင်ခြင်း ရှိ၊ မရှိတို့မှာ စိတ်ဝင်စားဖွယ် ဖြစ်နေပြီး တိုင်းရင်းသားပါတီများ အစဉ်တစိုက် ပြောကြားခဲ့သည့် ဖက်ဒရယ်ပြည်ထောင်စု ထူထောင်ရေးနှင့် တိုင်းရင်းသား အရေးတို့အတွက် လွှတ်တော်တွင်းနှင့် လွှတ်တော်ပြင်ပ တိုင်းရင်းသားနိုင်ငံရေး ပါတီများအကြား ချိတ်ဆက်ဆောင်ရွက်နိုင်မှု အပိုင်းမှာလည်း စောင့်ကြည့်ရမည်ဖြစ်သည်။
တိုင်းရင်းသား ပါတီများ၏ မထင်မှတ်ထားသော ရွေးကောက်ပွဲ ရှုံးနိမ့်မှု









