အာဆီယံ လူငယ်အကောင်းဆုံး ဘောလုံးသမားဆုရှင် အောင်သူ

အာဆီယံ လူငယ်အကောင်းဆုံး ဘောလုံးသမားဆုရှင် အောင်သူ
Published 27 December 2015

မြန်မာ ယူ-၂၀ အသင်း ကမ္ဘာ့ဖလား ဝင်ခွင့်ရရှိခဲ့ခြင်းနှင့်အတူ မြန်မာအသင်း အတွက် ခြေစွမ်းပြခဲ့သည့် ကစားသမားမှာ တိုက်စစ်မှူး အောင်သူဖြစ်သည်။ အောင်သူသည် မြန်မာအသင်းနှင့် ခြေစွမ်းပြ ကစားနိုင်ခဲ့သောကြောင့် အာဆီယံ ဘောလုံးအဖွဲ့ချုပ် (AFF) က ချီးမြှင့်သည့် ၂၀၁၅ အာဆီယံ လူငယ်အကောင်းဆုံး ဘောလုံးသမားဆု ရရှိခဲ့သည်။ ယင်းအတွက်ကြောင့် အာဆီယံ လူငယ်အကောင်းဆုံး ဘောလုံးသမားဆုရ အောင်သူကို ၂၀၁၅ ခုနှစ်၏ အားကစား ထင်ရှားကျော်ကြား ကဏ္ဏတွင် ထည့်သွင်း ရွေးချယ်ခဲ့ခြင်းဖြစ်သည်။
အောင်သူသည် မြန်မာဘောလုံး အကယ်ဒမီ(မန္တလေး)မှ ပေါ်ထွက်ခဲ့သည့် ကစားသမား တစ်ဦးဖြစ်ပြီး သက်တမ်းအလိုက် လူငယ်လက်ရွေးစင် အသင်းများတွင် အဆင့်ဆင့် ရွေးချယ်ခံရကာ ယခုနှစ်တွင် မြန်မာ့လက်ရွေးစင် အသင်း၌ ပထမဆုံးအကြိမ် ရွေးချယ်ခံခဲ့ရသည်။ အောင်သူသည် မြန်မာဘောလုံး အကယ်ဒမီတွင် တက်ရောက် သင်ကြားခဲ့သူဖြစ်ပြီး ၂၀၁၁ ခုနှစ်တွင် မြန်မာ ယူ-၁၆ အသင်း၌ စတင်ရွေးချယ် ခံခဲ့ရသည်။ ၂၀၁၂ ခုနှစ်တွင် ဂတ်ဖရိုင်းဒရစ် ကိုင်တွယ်နေသည့် မြန်မာ ယူ-၁၉ အသင်း၌ ရွေးချယ်ခံခဲ့ရပြီး ယခင်က ပွဲထွက်ခွင့် နေရာအတွက် ရုန်းကန်ခဲ့ရသော်လည်း ၎င်း၏ မဆုတ်မနစ် ကြိုးပမ်းမှုများကြောင့် အောင်မြင်မှု ရရှိခဲ့သည့် မြန်မာ ယူ-၁၉ အသင်း၏ အမာခံ ကစားသမား ဖြစ်လာခဲ့ခြင်း ဖြစ်သည်။ မြန်မာ ယူ-၁၉ အသင်း ချန်ပီယံဆု ဆွတ်ခူးရရှိခဲ့သည့် ဘရူနိုင်းဘုရင့်ဖလား ပြိုင်ပွဲတွင် အမာခံ ကစားသမားအဖြစ် ပါဝင်ခွင့်ရရှိပြီး အရေးပါသည့်ဂိုးများ သွင်းယူပေးနိုင်ခဲ့သည်။ ခြေစွမ်းပြပြီး နည်းပြဂတ်ဖရိုင်းဒရစ်၏ ယုံကြည်မှုကို ရရှိလာသည့် အောင်သူသည် မြန်မာ ယူ-၁၉ အသင်းနှင့် ယူ-၂၀ အသင်းတို့တွင် အရေးပါသည့် ကစားသမားတစ်ဦး ဖြစ်လာခဲ့သည်။ အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့သည့် အာရှ ယူ-၁၉ ချန်ပီယံရှစ်ပြိုင်ပွဲတွင် မြန်မာ ယူ-၁၉ အသင်းအတွက် ခြေစွမ်းပြနိုင်ခဲ့ပြီး ယူ-၂၀ ကမ္ဘာ့ဖလား ပြိုင်ပွဲတွင်လည်း အိမ်ရှင် နယူးဇီလန် အသင်းနှင့် တွေ့ဆုံရာတွင် လှပသည့် ကန်ချက်ဖြင့် ဦးဆောင်ဂိုး သွင်းယူပေးနိုင်ခဲ့သည်။ အောင်သူသည် ယူ-၂၀ ကမ္ဘာ့ ဖလားပြိုင်ပွဲအပြီးတွင် ကမ္ဘာ့ဖလား ခြေစစ်ပွဲ ယှဉ်ပြိုင်နေသည့် မြန်မာ့လက်ရွေးစင် အသင်း၌ ဆက်လက် ရွေးချယ်ခံခဲ့ရသည်။
ထို့ကြောင့် ပြီးခဲ့သည့် စက်တင်ဘာလ အတွင်းက ရန်ကုန်မြို့ရှိ Novotel ဟိုတယ်၌ ပြုလုပ်သည့် အာဆီယံ ဘောလုံးအဖွဲ့ချုပ်၏ တစ်နှစ်တာ အကောင်းဆုံး ဆုပေးပွဲတွင် အောင်သူမှာ အာဆီယံ လူငယ်အကောင်းဆုံး ဘောလုံးသမားဆုကို ရယူနိုင်ခဲ့ခြင်းဖြစ်သည်။ ယင်းဆုအတွက် ပြိုင်ဘက် ဗီယက်နမ် တိုက်စစ်မှူး ငုယင်ကောင်ဖောင်နှင့် အပြိုင်ဖြစ်ခဲ့ပြီး ၎င်း၏ စွမ်းဆောင်ရည်များကြောင့်သာ ရယူနိုင်ခဲ့ခြင်း ဖြစ်သည်။
အောင်သူသည် အနာဂတ် မြန်မာ့လက်ရွေးစင် အသင်းအတွက် အားထားရမည့် ကစားသမားအဖြစ် သတ်မှတ်ခံထား ရသူဖြစ်ပြီး လက်ရှိတွင် လက်ရွေးစင်အသင်းအတွက် စွမ်းဆောင်ရည်ကောင်းများ ပြသနိုင်ခြင်း မရှိသော်လည်း ၎င်း၏ ဘောလုံးပညာနှင့် ကျွမ်းကျင်မှုတို့ကြောင့် အားထားရမည့်သူအဖြစ် သတ်မှတ်ခံထားရသည်။

Most Read

Most Recent