မြန်မာ့ဘောလုံး သမိုင်းတစ်လျှောက် ပထမဆုံး ကမ္ဘာ့ဖလားပြိုင်ပွဲ ယှဉ်ပြိုင်ခွင့် ရရှိခဲ့သည့် ယူ-၂၀ အသင်း

မြန်မာ့ဘောလုံး သမိုင်းတစ်လျှောက် ပထမဆုံး ကမ္ဘာ့ဖလားပြိုင်ပွဲ ယှဉ်ပြိုင်ခွင့် ရရှိခဲ့သည့် ယူ-၂၀ အသင်း
Published 27 December 2015

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) က ကျင်းပသည့် ကမ္ဘာ့အဆင့် ပြိုင်ပွဲများကို မြန်မာအသင်း ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရရှိခဲ့ခြင်းမှာ မြန်မာ့ဘောလုံး လောကအတွက် ထူးခြားသည့်အောင်မြင်မှု ပြယုဂ်တစ်ခု ဖြစ်ခဲ့သည်။ မြန်မာ ယူ-၂၀ အသင်းသည် အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့သည့် ၂၀၁၄ အာရှ ယူ-၁၉ ချန်ပီယံရှစ်ပြိုင်ပွဲတွင် ဆီမီးဖိုင်နယ် အဆင့်ရောက်ရှိပြီး နယူးဇီလန်နိုင်ငံ၌ ကျင်းပသည့် ၂၀၁၅ ယူ-၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲကို ယှဉ်ပြိုင်ခွင့် ရရှိခဲ့ခြင်းကြောင့် ရွေးချယ်ဖော်ပြခြင်း ဖြစ်သည်။
မြန်မာ့ဘောလုံးသမိုင်းတွင် ယခင်က အဆင့်မြင့်ဆုံး ပြိုင်ပွဲအဖြစ် ၁၉၇၂ မြူးနစ် အိုလံပစ်ပြိုင်ပွဲကိုသာ ယှဉ်ပြိုင်ခဲ့ဖူးပြီး ယခုမှသာ ကမ္ဘာ့အဆင့်ပြိုင်ပွဲကို ယှဉ်ပြိုင်ခွင့်ရရှိ ခဲ့ခြင်းဖြစ်သည်။ မြန်မာ ယူ-၂၀ အသင်း ဝင်ရောက် ယှဉ်ပြိုင်ခဲ့သည့် ယူ-၂၀ ကမ္ဘာ့ဖလား ပြိုင်ပွဲကို မေ ၃၀ ရက်မှ ဇွန် ၂၀ ရက်အထိ နယူးဇီလန်နိုင်ငံတွင် ကျင်းပခဲ့ပြီး အာဆီယံ ဒေသတွင်းမှ မြန်မာအသင်း တစ်သင်းတည်းသာ ယှဉ်ပြိုင်ခွင့် ရရှိခဲ့ခြင်းဖြစ်သည်။ မြန်မာအသင်းသည် ယင်းပြိုင်ပွဲတွင် အုပ်စုအဆင့်မှ ထွက်ခဲ့ရသော်လည်း ကမ္ဘာ့ဖလားပြိုင်ပွဲကို ယှဉ်ပြိုင်ခွင့်ရခဲ့ခြင်း၊ ကမ္ဘာ့အဆင့်ရှိ အသင်းများနှင့် ယှဉ်ပြိုင်ခွင့် ရရှိခဲ့သည့် အတွေ့အကြုံကောင်းများ ရရှိခဲ့ခြင်းက မြန်မာဘောလုံး သမားများအတွက် အဖိုးမဖြတ်နိုင်မှု ဖြစ်ခဲ့ရသည်။ မြန်မာ ယူ-၂၀ အသင်းမှာ အုပ်စုတွင်း ပွဲစဉ်များတွင် အမေရိကန် အသင်းကို (၂-၁)ဂိုး၊ ယူကရိန်းအသင်းကို (၆-ဝ)ဂိုး၊ အိမ်ရှင် နယူးဇီလန်အသင်းကို (၅-၁) ဂိုးတို့ဖြင့် ရှုံးနိမ့်ကာ အမှတ်မရရှိဘဲ ပြိုင်ပွဲမှ ထွက်ခဲ့ရခြင်းဖြစ်သည်။ မြန်မာအသင်းမှာ အုပ်စုအဆင့်မှ ထွက်ခဲ့ရသော်လည်း ဂုဏ်မငယ်ခဲ့ရဘဲ အမေရိကန်အသင်းနှင့် အဖွင့်ပွဲတွင် တောင်ပံကစားသမား ရန်နိုင်ဦး သွင်းယူသည့်ဂိုးမှာ ပြိုင်ပွဲ၏ ပထမဆုံး ဂိုးဖြစ်ခဲ့ပြီး အိမ်ရှင်အသင်းနှင့် တွေ့ဆုံခဲ့သည့် နောက်ဆုံးပွဲတွင် အောင်သူ သွင်းယူခဲ့သော ဂိုးမှာလည်း လှပသည့် ဂိုးအဖြစ် ချီးကျူးခံခဲ့ရသည်။ မြန်မာ ယူ-၂၀ အသင်းမှာ ခြေစွမ်းပိုင်းအရ အကောင်းဘက်တွင် ရှိခဲ့သော်လည်း ကမ္ဘာ့အဆင့် ပြိုင်ပွဲများတွင် ယှဉ်ပြိုင်ဖူးသည့် အတွေ့အကြုံ မရှိခြင်းက နောက်တစ်ဆင့် တက်နိုင်ရန် ရုန်းကန်စေခဲ့ရခြင်း ဖြစ်သည်။ ယင်းအသင်းမှ မြန်မာ့လက်ရွေးစင် အသင်းအတွက် အားထားရသည့် ကစားသမားကောင်းများစွာ ထွက်ပေါ်ခဲ့ပြီး အောင်သူ၊ ကျော်မင်းဦး၊ နန္ဒကျော်၊ သန်းပိုင်၊ မျိုးမင်းလတ်စသည့် ကစားသမားများမှာ လက်ရွေးစင် အသင်းတွင် ပါဝင်ကစားနေပြီ ဖြစ်သည်။
မြန်မာ ယူ-၂၀ အသင်း ကမ္ဘာ့ဖလားပြိုင်ပွဲဝင်ခွင့် ရရှိစေရန်အတွက် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်မှာ အချိန်ယူပြင်ဆင်ခဲ့ပြီး ဂျာမန်လူမျိုးနည်းပြ ဂတ်ဖရိုင်းဒရစ်ကို သုံးနှစ်နီးပါး အချိန်ယူ ပြင်ဆင်စေခဲ့ခြင်းဖြစ်သည်။ ထို့ပြင် ယူ-၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲ ဝင်ခွင့်ရရှိစေမည့် အာရှ ယူ-၁၉ ချန်ပီယံရှစ်ပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပနိုင်ရန် ဆောင်ရွက်ခဲ့ပြီး ပြိုင်ပွဲတွင်လည်း နာမည်ကြီး အသင်းများကို ကျော်ဖြတ်ကာ ဆီမီးတက်ရောက် နိုင်ခဲ့ခြင်းဖြစ်သည်။ မြန်မာ ယူ-၂၀ အသင်း၏ ကမ္ဘာ့ဖလားဝင်ခွင့် ရရှိမှုမှာ ကျဆင်းနေသည့် မြန်မာ့ဘောလုံး လောကအတွက် ကျေနပ်စရာ ကောင်းခဲ့သည်မှာ အမှန်ဖြစ်သည်။

Most Read

Most Recent