ဖိုးသူတော်တို့၏ ဤနိုင်ငံတော်

ဖိုးသူတော်တို့၏ ဤနိုင်ငံတော်
Published 27 December 2015
ဖေဒီ

(၁)
သစ်တစ်ပင်ကို ကြည့်သောအခါ အမြစ်ပိုင်း၊ ပင်စည်ပိုင်း၊ အကိုင်းအခက်ပိုင်းဟူ၍ သုံးပိုင်းပါဝင် သကဲ့သို့ လူ့ဘဝတွင်လည်း ကိုယ်ကျင့်တရားပိုင်း၊ အသိပညာပိုင်းနှင့် အတတ်ပညာပိုင်း၊ ရာထူးဂုဏ်သိန် စည်းစိမ်ဥစ္စာ ပိုင်းဟူ၍ပင် အပိုင်းသုံးမျိုး ပါဝင်၏။ သစ်ပင်တွင် အမြစ်ပိုင်း ပျက်စီးသွားပါက ပင်စည်နှင့် အကိုင်းအခက်ပိုင်း တို့သည် ဘာမှအသုံးမကျဘဲ ထင်းခြောက်ပမာသာ ဖြစ်၏။
ထိုနည်းတူပင် လူ့ဘဝတွင်လည်း ကိုယ်ကျင့်တရားပိုင်း ပျက်စီးသွားပါက ကျန်သော အသိပညာပိုင်းနှင့် အတတ်ပညာပိုင်း၊ ရာထူး ဂုဏ်သိန် စည်းစိမ်ဥစ္စာပိုင်း တို့သည် အလွန် ကြောက်စရာကောင်းသော လောက၏ အဆိပ်များသာ ဖြစ်၏။ ‘ဝဠဝါမုခ’ ခေါ် အလွန်ကြောက်စရာ ကောင်းသော ကမ္ဘာဖျက်မီးနှင့် တူ၏။
ဆရာကြီး ဦးရွှေအောင်  (ဒေဝဒတ္တဝတ္ထုမှ)
 
(၂)
ဆရာကြီး ဦးရွှေအောင်သည် သာသနာတော်တွင် ဘုရားပြိုင်ဖြစ်ရန် ကြိုးစားခဲ့သော အရှင်ဒေဝဒတ် အကြောင်းကို ရေးဖွဲ့ရာတွင် အထက်ပါ ထိမိသော စကားလုံးများကို ရေးသားဖော်ပြခဲ့ပါသည်။
မတော်မတရားမှုများအား လုပ်သည့်သူမျိုးကိုတွေ့လျှင် ‘ဒီသူက ဒေဝဒတ်ပဲ’ ဟူ၍ ယနေ့တိုင် ခိုင်းနှိုင်းခံရသူလည်း ဖြစ်၏။ တကယ်တော့ အရှင်ဒေဝဒတ်သည် ရခဲသော လူ့ဘဝကို ရရှိခဲ့သူ။ လူ့ဘဝကို ရခဲ့သည်တွင်လည်း အထက်တန်းစား ရာဇာမျိုးဟု ခေါ်ဆိုရသည့် သာကီဝင်မင်းသား အဖြစ်ကို ရရှိခဲ့သူ။ ထိုလူ့ဘဝကို ကျော်လွန်ပြီး ရခဲသော ရဟန်းဘဝကို ရရှိခဲ့ပြန်သူ။ ရဟန်းအဖြစ်ကို ရရှိပြန်ရာတွင်လည်း သာမန်ရိုးရိုး ရဟန်းတစ်ပါးအနေဖြင့်သာ မဟုတ်ဘဲ ဈာန်သမာပတ်နှင့် အဘိညာဉ် တန်ခိုးတွေ ရရှိခဲ့သူ။ ဤကဲ့သို့ ထူးချွန်ထက်မြက်သည့် ရဟန်းတစ်ပါး ဖြစ်ခဲ့ရရုံသာမက မြတ်စွာဘုရားရှင်နှင့်ပင် ကိုယ်တိုင်ကိုယ်ကျ တွေ့ဆုံစည်းခွင့်ပါ ရရှိခဲ့သူ။
ဤသို့ဤနှယ် အစ၏ကောင်းခြင်းများ နှင့် ပြည့်စုံသူဖြစ်ပါလျက် အလယ်ပိုင်းတွင် ထိုကောင်းခြင်းများကို အလွဲသုံးစားပြုခဲ့သဖြင့် အဆုံး၌ မြေမျိုပြီး မဟာအဝီစိငရဲသို့ ကျရောက်သွားရခြင်းမှာ ရင်နာဖွယ် ကောင်းလှပါသည်။ တကယ်တော့ အရှင်ဒေဝဒတ်သည် သစ်ပင်၏ အမြစ်နှင့်တူသော သူ၏ကိုယ်ကျင့် တရားပိုင်း ပျက်စီးယိုယွင်းမှုများကြောင့်သာ ဤကဲ့သို့ ဇာတ်သိမ်းမလှ ဖြစ်ခဲ့ရခြင်းသာ ဖြစ်သည်။ သူ၏ကိုယ်ကျင့်တရား ပျက်ယွင်းမှုသည် ‘ဝဠဝါမုခ-ကမ္ဘာဖျက်မီးလိုပင် သူ့ကိုယ်သူ လောင်ကျွမ်းစေရုံသာမက နုနယ်သော အဇာတသတ် မင်းသားငယ်လေးကိုပါ ဖခင်ကို သတ်မိသူဖြစ်အောင်အထိ လောင်ကျွမ်း ဖျက်ဆီးခဲ့လေသည်။
 
(၃)
အရှင်ဒေဝဒတ်၏ ရင်နာဖွယ် အကြောင်းများကို စဉ်းစားနေစဉ်မှာပင် ဒီဇင်ဘာ ၈ ရက်က ပြည်သူ့လွှတ်တော်သို့ တရားစီရင်ရေး၊ ဥပဒေရေးရာနှင့် တိုင်ကြားစာများ၊ အသနားခံစာများ စိစစ်ဆောင်ရွက်ရေး ကော်မတီက တင်သွင်းခဲ့သော အစီရင်ခံစာကို သတိရလိုက်မိသည်။ ထိုကော်မတီ၏ အစီရင်ခံစာပါ အကြောင်းအရာများကို တွေ့လိုက်ရသည့်အခါ မြန်မာတစ်ပြည်လုံးသို့ ‘ဝဠဝါမုခ’ ဆိုသည့် ကမ္ဘာဖျက်မီးကြီး စတင်လောင်ကျွမ်းနေပြီ လားဟုပင် ခံစားလိုက်ရပါသည်။
တရားစီရင်ရေးတွင် အဂတိလိုက်စားမှုမှာ တရားသူကြီး အဆင့်ဆင့်မှ တရားရုံးစာရေး (စာပို့လုလင်)အထိ ပါဝင်ဆက်စပ် လျက်ရှိခြင်းကြောင့် ထင်သာမြင်သာအောင် ဖော်ထုတ်နိုင်ရန် ခက်ခဲနေကြောင်း ထိုအစီအရင်ခံတွင် ဖော်ပြခဲ့သည်။ တရားစီရင်ရေးတွင် အဂတိတရားများ လွှမ်းခြုံလျက်ရှိနေပုံမှာ တရားသူကြီး အဆင့်ဆင့်သည် အထက်တရားသူကြီး အဆင့်ဆင့်၏ ကြီးကြပ်မှုဖြင့် ဆောင်ရွက်ရာတွင် အပေးအယူ ကိစ္စများ၌ ကွင်းဆက်များ ရှိနေသလို ဥပဒေဝန်ထမ်း အဆင့်ဆင့်၌လည်း ယေဘုယျအားဖြင့် ကွင်းဆက်များ ရှိနေပြီး နားလည်မှုဖြင့် ဆောင်ရွက်လျက် ရှိနေကြောင်းနှင့် အများအားဖြင့် ပြစ်မှုများတွင် အဆိုပါ အခြေအနေများကို တွေ့ရှိရကြောင်း အစီရင်ခံစာက ဖော်ပြခဲ့သည်။
 
(၄)
ဤတွင် ဖတ်ဖူးသော ဖိုးသူတော် ပုံပြင်လေးတစ်ပုဒ်ကို တိုက်ဆိုင်လာသဖြင့် သတိရလိုက်မိပြန်ပါသည်။ ‘ဖိုးသူတော် အကြံတတ်၍ ပုဂံသံညှပ်ကွယ်ရသည်’ တဲ့။ ပုံပြင်လေးကတော့ ဒီလိုပါ။
 
(၅)
ရှေးရှေးတုန်းက ပုဂံပြည်တွင် ဓမ္မာအမည်ရသော မင်းတစ်ပါး စိုးစံအုပ်ချုပ်လေသည်။ ထိုမင်းသည် တိုင်းသူပြည်သားတို့အား သားသမီးကဲ့သို့ အရာရာတွင် တရားမျှတစွာ၊ မေတ္တာကရုဏာ အလွန်ကြီးမားစွာဖြင့် ဆက်ဆံအုပ်ချုပ်သောကြောင့် ဘုန်းတန်ခိုးလည်း အလွန်ကြီးလေရာ သိကြားမင်း၏ ဘုံဗိမာန်ကိုပါ တုန်လှုပ်စေသည်။ ထိုအခါ သိကြားမင်းက ဘုံဗိမာန် တုန်လှုပ်ရခြင်း အကြောင်းကို စုံစမ်းဆင်ခြင်လေသော် ပုဂံပြည်ရှိ ဓမ္မာမင်း၏ ဘုန်းတန်ခိုးကြောင့်ဖြစ်ကြောင်း တွေ့ရလေသည်။ သိကြားမင်းသည် ပြည်သူကို ပြည်သူမှန်း သိသော ဒီမင်းကို ကူညီရမှာ ငါ့တာဝန် ဖြစ်ပေသည်ဟုဆိုကာ ဓမ္မာမင်းကို သံညှပ်တစ်ခု ဆက်သလေသည်။ သိကြားမင်း စီရင်ဆက်သသော သံညှပ်ဖြစ်သောကြောင့် ထိုသံညှပ်သည် တရားစီရင်ရာ၌ အလွန်တရာ တိကျမှန်ကန်မှုကို ဆုံးဖြတ်ပေးသော သံညှပ်လည်းဖြစ်သည်။ လိမ်လည်လှည့်ဖြား မတရား လုပ်သူများကို ညှပ်ပြ၍ တရားသောသူနှင့် မှန်သောသူများကို ဘယ်အခါမှ မညှပ်သော အဂတိလေးပါး လုံးဝကင်းစင်သော သံညှပ် တရားသူကြီး ဖြစ်လေသည်။
 
(၆)
ပုဂံပြည် တစ်ခုသော အရပ်ရှိ ဇရပ်ပျက်တစ်ခုတွင် အဂ္ဂိရတ်ထိုးနေသော ဖိုးသူတော် တစ်ပါးရှိသည်။ ထိုဖိုးသူတော်အား အလွန်ကြည်ညိုသော ဒါယိကာမကြီး တစ်ဦးရှိ၏။ ထိုဒါယိကာမကြီးသည် သူစုဆောင်းထားသည့် ရွှေတစ်ပိဿာကို ဖိုးသူတော်အား ယုံကြည်စိတ်ချစွာဖြင့် အပ်နှံထားလိုက်သည်။ တစ်နေ့သော် သားသမီးများက အမွေခွဲပေးရန် တောင်းကြသဖြင့် ဒါယိကာမကြီးက သူအပ်ထားသော ရွှေတစ်ပိဿာကို ဦးသူတော်ထံ ပြန်တောင်းသည့်အခါ ဦးသူတော်က “အပ်မထားပါ။ ယူမထားပါ” ဟု ဗြောင်ငြင်းလေရာ သံညှပ်တရားသူကြီးထံ အဆုံးအဖြတ် ခံယူရန် ရောက်လာကြသည်။ ဦးသူတော်သည် တရားရုံးသို့ သွားသည့်အခါ ယူထားသော ရွှေတစ်ပိဿာကို အတောင့်ပြုလျက် အမြဲကိုင်စွဲ သွားလာနေသော တောင်ဝှေးထဲသို့ လုံခြုံစွာထည့်ပြီး သွားလေသည်။
တရားရုံးက ဘယ်သူမှန် ဘယ်သူမှား စစ်ဆေးရာတွင် တရားလို ဒါယိကာမကြီးကို သံညှပ်ထဲသို့ အရင်ဝင်စေသော်လည်း ဒါယိကာမကြီးသည် တရားသောသူ ဖြစ်နေသောကြောင့် သံညှပ်ကြီးက မညှပ်ပေ။ ထို့နောက် စွပ်စွဲခံရသူ ဦးသူတော်အလှည့် ရောက်သည့်အခါ ဉာဏ်များသည့် ဦးသူတော်က ‘ခက်တာပဲ။ သီလ၊ သမာဓိနဲ့ ဖိုးသူတော် လုပ်နေတာကို ခုမှပဲ သင်တရားစွဲလို့ လူပုံအလယ်မှာ ငါ အရှက်ကွဲရပြီ။ ဒီလိုလုပ်တာ မကောင်းပါဘူး ဒကာမကြီးရယ်’ ဟု ပြောဆိုရင်း ‘ကဲ.. ဒီတောင်ဝှေးယူထား။ ငါ ဝင်လိုက်မယ်’ ဆိုပြီး ရွှေတွေ ထည့်ထားသော တောင်ဝှေးကို ဒါယိ ကာမကြီးထံ ပေးခဲ့၍ သံညှပ်ထဲသို့ ဝင်လေရာ ပိုင်ရှင်၏ လက်ထဲသို့ ရွှေများပြန်ရောက်နေပြီ ဖြစ်သဖြင့် ဖိုးသူတော်ကို သံညှပ်ကြီးက မညှပ်တော့ပေ။ ဖိုးသူတော်သည် သံညှပ်ထဲမှ ပြန်ထွက်လာပြီး ဒါယိကာမကြီးရှေ့တွင် ရပ်ကာ ‘ကဲ နင့်ရွှေတွေကို ငါယူတယ်ဆိုတာ ဘယ်မလဲ။ မတရားသူကို မလွတ်တမ်း ညှပ်ပါတယ်ဆိုတဲ့ သံညှပ်တောင် မညှပ်တာ မြင်ပြီ မဟုတ်လား။ ငါ့တောင်ဝှေးကိုပေး’ ဟု ပြောဆိုပြီး တောင်ဝှေးကိုင်ကာ ထွက်သွားသည်။
ဤအကြောင်းကို သိကြားမင်း သိသောအခါ ‘ဒီအတိုင်းသာ ငါ့သံညှပ်ကို ဆက်လက်ထားရင် ငါသိကြားမင်းပင် နာမည်ပျက်ရ ချည်ရဲ့’ ဆိုပြီး သံညှပ်ကြီးကို ကွယ်ပစ် လိုက်တော့သည်။ ထိုအခါမှစ၍ ‘ဖိုးသူတော် အကြံတတ်၍ ပုဂံသံညှပ် ကွယ်ရလေသည်’ ဟူသော စကားပုံတောင် ဖြစ်လာပါသတဲ့။
 
(၇)
အထက်တွင် ဖော်ပြခဲ့သည့် အစီရင်ခံစာပါ တရားစီရင်ရေးနယ်ပယ်မှ အဖြစ်စုံ သနစ်စုံများကိုသာမက နိုင်ငံ၏ နယ်ပယ်စုံမှ မြင်တွေ့ကြားသိ နေရသည်များကို စုပေါင်းပြီး ကြည့်လိုက်မည်ဆိုလျှင် ကျွန်တော်တို့ နိုင်ငံသည် ပုဂံခေတ် ဖိုးသူတော်လို လက်တစ်လုံးခြား အကြံအဖန် ဉာဏ်နီ ဉာဏ်နက်သူတို့ ညီညွတ်စွာဖြင့် ကျွဲကို ဤဟု ဖတ်နေသော ခေတ်သစ် ဖိုးသူတော်တို့၏ ‘ဤ’ နိုင်ငံတော်ကြီး ပါပေတကား။

Most Read

Most Recent