ထိုင်းနိုင်ငံ လိပ်ကျွန်းတွင် ဗြိတိန်နှစ်ဦးကို သတ်မှုဖြင့် စွဲချက်တင် သေဒဏ်ချမှတ်ခံခဲ့ရသည့် မြန်မာနှစ်ဦးသည် ထိုင်းရဲများ၏ ညှဉ်းပန်းနှိပ်စက်မှု ခံခဲ့ရသည်ဆိုသော စွပ်စွဲချက်များအပေါ် လွတ်လပ်သည့် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ပေးရန် နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ Amnesty International က တောင်းဆိုလိုက်ကြောင်း သတင်းရရှိသည်။
နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့မှ တာဝန်ရှိသူတစ်ဦးဖြစ်သူ Champa Patel က ထိုင်းနိုင်ငံမှ ရဲများသည် ညှဉ်းပန်းနှိပ်စက်မှုများ ပြုလုပ်တတ်သည်ဆိုသည့် စိတ်ပျက်စရာကောင်းသော သမိုင်းကြောင်းများ ရှိခဲ့ကြောင်း ပြောကြားခဲ့သည်ဟု ဘီဘီစီသတင်းတွင် ဖော်ပြထားသည်။
ထိုင်းနိုင်ငံတောင်ပိုင်း၊ ကော့စမွီခရိုင်အတွင်းရှိ လိပ်ကျွန်းတွင် ၂၀၁၄ ခုနှစ် စက်တင်ဘာ ၁၅ ရက်က ဖြစ်ပွားခဲ့သည့် ဗြိတိန် နှစ်ဦး အသတ်ခံရမှုတွင် စွဲချက်တင်ခံထားရသည့် မြန်မာလုပ်သားနှစ်ဦးဖြစ်သည့် ဇော်လင်းနှင့် ဝင်းဇော်ထွန်းတို့ကို ဒီဇင်ဘာ ၂၄ ရက်နံနက်က ကော့စမွီခရိုင်တရားရုံးမှ လူသတ်မှု၊ မုဒိမ်းမှုတို့ အပါအဝင်ပုဒ်မ ခုနစ်ခုတို့အတွက် သေဒဏ်ချမှတ်ခဲ့သည်။
၂၀၁၄ ခုနှစ် စက်တင်ဘာ ၁၅ ရက်တွင် လိပ်ကျွန်းကမ်းခြေ တစ်နေရာတွင် အသတ်ခံထားရသည့် ဗြိတိန်နှစ်ဦးဖြစ်သော ဒေးဗစ်မီလာနှင့် ဟန်နာဝှစ်သာရစ်တို့၏ ရုပ်အလောင်းအား ထိုင်းရဲတပ်ဖွဲ့မှ တွေ့ရှိခဲ့ပြီးနောက် စက်တင်ဘာ ၂၁ ရက်နှောင်းပိုင်းအထိ ထိုကျွန်းပေါ်ရှိ အလုပ်သမား ၂၀၀ ကျော်အား သံသယမှုဖြင့် ဒီအင်န်အေ စစ်ဆေးခဲ့ရာတွင် ဝင်းဇော်ထွန်းနှင့် ဇော်လင်းတို့လည်း ပါဝင်ခဲ့သည်။ သို့သော် ထိုစဉ်က ကိုက်ညီမှုမရှိဟုဆိုကာ ပြန်လည်လွှတ်ပေးခဲ့သည်။
ထို့နောက် နိုင်ငံတကာမှ ဖိအားပေးမှုများ ပေါ်ပေါက်လာခဲ့ပြီး အောက်တိုဘာ ၃ ရက်တွင် ၎င်းတို့ကဝန်ခံသည်ဟု ထိုင်းရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့ပြီး ကျွန်းပေါ်တွင် သရုပ်ပြစေခဲ့သည်။ အလားတူ ဒီအင်န်အေ ပြန်လည်စစ်ဆေးရာတွင်လည်း ကိုက်ညီမှုရှိသည်ဟု ပြန်လည်ထုတ်ပြန်ခဲ့သည်။ ထိုင်းရဲတပ်ဖွဲ့ ကိုင်တွယ်ပုံမှာ လုပ်ထုံးလုပ်နည်း မကျသဖြင့် နိုင်ငံတကာ စောင့်ကြည့်သူများ၏ ဝေဖန်မှုကို အပြင်းအထန်ခံခဲ့ရသည်။
သေဒဏ်ချမှတ်ခံခဲ့ရသော မြန်မာနိုင်ငံသားနှစ်ဦးအား ထိုင်းရဲများက ညှဉ်းပန်းနှိပ်စက်ခဲ့သည့် စွပ်စွဲချက်များအပေါ် ဖော်ထုတ်ပေးရန် နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ တောင်းဆို















