ဘဏ္ဍာငွေများကို တိုင်းပြည်အကျိုးပြုရာ ပြုကြောင်း မလုပ်ဘဲ ကိုယ့်အိတ်ထဲ ကိုယ်ထည့်ယူကာ ကျိကျိတက် ချမ်းသာနေသည့်ပုဂ္ဂိုလ်များထက် ရိုးရိုးသားသား လုပ်ကိုင်စားသောက်နေသည့် အနှေးယာဉ်လုပ်သားများက စိတ်စေတနာ ပိုမိုမြင့်မြတ်ကြောင်း NLD နာယက သူရဦးတင်ဦး ပြောကြား

ဘဏ္ဍာငွေများကို တိုင်းပြည်အကျိုးပြုရာ ပြုကြောင်း မလုပ်ဘဲ ကိုယ့်အိတ်ထဲ ကိုယ်ထည့်ယူကာ ကျိကျိတက် ချမ်းသာနေသည့်ပုဂ္ဂိုလ်များထက် ရိုးရိုးသားသား လုပ်ကိုင်စားသောက်နေသည့် အနှေးယာဉ်လုပ်သားများက စိတ်စေတနာ ပိုမိုမြင့်မြတ်ကြောင်း NLD နာယက သူရဦးတင်ဦး ပြောကြား
Published 27 December 2015

တိုင်းပြည်ဘဏ္ဍာငွေများကို တိုင်းပြည် နှင့် ပြည်သူလူထုအတွက် အကျိုးပြုရာပြုကြောင်း မလုပ်ဘဲ ကိုယ့်အိတ်ထဲ ကိုယ်ထည့်ယူကာ ကျိကျိတက် ချမ်းသာနေသည့် ပုဂ္ဂိုလ်များထက် ရိုးရိုးသားသား လုပ်ကိုင်စားသောက်နေသည့် အနှေးယာဉ်လုပ်သားများက စိတ်စေတနာ ပိုမိုမြင့်မြတ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နာယက သူရဦးတင်ဦးက ပြောကြားသည်။
 
NLDနာယက သူရဦးတင်ဦးက  ဒီဇင်ဘာ ၂၆ ရက်တွင် ရန်ကုန်မြို့ရှိ  တော်ဝင်နှင်းဆီ စားသောက်ဆိုင်၌ပြုလုပ်သည့် အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က အနှေးယာဉ်လုပ်သား ဆိုက္ကားဆရာကြီးများအား ဂုဏ်ပြုပွဲတွင် အမှာစကားပြောရာ၌ ထိုသို့  ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။
 
ပြီးခဲ့သည့်ရွေးကောက်ပွဲကာလ၌ အနှေးယာဉ်လုပ်သားများ၏ ဆောင်ရွက်မှုများ၊ ပင်ကိုယ် စိတ်ဓာတ်၊ စေတနာကို အင်မတန်မှ လေးစားသည့်အတွက် ယနေ့ သီးသန့်ဖိတ်ခေါ်ကာ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် တွေ့ဆုံခြင်းဖြစ်ကြောင်း သူရဦးတင်ဦးက ဆိုသည်။
 
“ဒီနေ့အခမ်းအနားဟာ အနှေးယာဉ် အလုပ်သမားများကို တိုင်းပြည်မှာ အင်မတန်မှ သိက္ခာရှိတဲ့ ပါတီအဖွဲ့အစည်းဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဥက္ကဋ္ဌကိုယ်တိုင် တစ်နည်းအားဖြင့် ကျွန်တော်တို့ တစ်မျိုးသားလုံး အားလုံး လေးစားချစ်ကြည်ခြင်းခံရတဲ့ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်ပင်လျှင် ပြီးခဲ့တဲ့ ရွေးကောက်ပွဲတုန်းက ခင်ဗျားတို့ အားလုံးရဲ့ ပင်ကို၊ စိတ်ဓာတ်၊ စေတနာကို အင်မတန်မှ လေးစားအပ်တာကြောင့်မို့လို့ ဒီကနေ့ သီးသီးသန့်သန့် နဲ့ဖိတ်ခေါ်ပြီး သူကိုယ်တိုင် ခင်ဗျားတို့အားလုံးကို ထားရှိတဲ့ မေတ္တာ၊ စေတနာ၊ နောက်ပြီးတော့ ခင်ဗျားတို့ ဆောင်ရွက်ခဲ့ကြတဲ့အပေါ်မှာ အင်မတန်မှ ကျေးဇူးရှိထိုက်တာကို၊ ကျေးဇူး ထိုက်ထိုက်တန်တန် တုံ့ပြန်တဲ့အနေနဲ့ ဒီနေ့ခေါ်ယူပြီးတော့ တွေ့ဆုံခြင်းဖြစ်ပါတယ်”ဟု နာယက သူရဦးတင်ဦးက ပြောကြားသည်။
 
သူရဦးတင်ဦးက “ဒီနေ့ ဒီနိုင်ငံမှာ ဖြစ်လာခဲ့တဲ့ အခြေအနေကို ပြောတာပါ။ ဘယ်သူ၊ ဘယ်ဝါ၊ ဘယ်ပုဂ္ဂိုလ်မှ မြင်ပြီးပြောတာ မဟုတ်ပါဘူး။ အင်မတန် တိုင်းပြည်မှာရှိတဲ့ ဘဏ္ဍာငွေတွေကို တိုင်းပြည်ရဲ့ အကျိုးပြုရာ ပြုကြောင်းကို မလုပ်ဘဲနဲ့ မိမိရဲ့ကိုယ်ကျိုးပြု ရာပြုကြောင်းဖြစ်တဲ့ကိစ္စတွေမှာ မိမိရဲ့ ဆွေမျိုးသားချင်းကို တစ်စု ဒီနေ့ လောဘဇောတိုက်နေပြီးတော့ ရှာဖွေစားသောက်နေကြတဲ့ လူတွေထက်စာရင် ခင်ဗျားတို့မှာရှိနေတဲ့ ပင်ကိုစိတ်ဓာတ် စေတနာဟာ  အဲဒီပုဂ္ဂိုလ်တွေထက် ပိုပြီးတော့ မြင့်တယ်။ မြတ်တယ်။ ကျွန်တော်ကတော့ ဒီလိုခံယူထားပါတယ်”ဟု ပြောကြားသည်။
 
အနှေးယာဉ်လုပ်သားများသည် ခြေရောလက်ပါ တစ်ကိုယ်လုံး လှုပ်ရှားပြီး ပင်ပန်းဆင်းရဲစွာ လုပ်ကိုင်မှ ပါးစပ်လှုပ်ရသည့် ပုဂ္ဂိုလ်များဖြစ်ပြီး ကာယ၊ ဉာဏ၊ ဝီရိယ၊ ဇွဲ၊ သတ္တိ စသည်တို့ဖြင့် ရိုးရိုးသားသား အသက်မွေးဝမ်းကျောင်း ပြုသူများဖြစ်ကြောင်း တက်ရောက်လာသည့် အနှေးယာဉ်လုပ်သားများအား နာယက သူရဦးတင်ဦးက ပြောကြားသည်။
 
“ကိုယ့်ရဲ့ချွေးတွေ၊ သွေးတွေ စသည်ဖြင့် နေပူမရှောင်၊ မိုးရွာမရှောင် မိမိနဲ့တကွ မိမိရဲ့ မိသားစုရဲ့ လူမှုရေးကိစ္စများနဲ့ ပတ်သက်လို့ ဖြေရှင်းခဲ့ရတဲ့အပေါ်မှာ ပင်ပန်းကြီးစွာ ဖြေရှင်းရတာ ကျွန်တော်သိပါတယ်။ အဲဒီလို ရိုးရိုးရှာဖွေတဲ့ ပုဂ္ဂိုလ်တွေရဲ့ဝင်ငွေဟာ  အခုနက ကျွန်တော်ဆိုခဲ့တဲ့ တိုင်းပြည်နဲ့နိုင်ငံတော်ကို ပြည်သူ၊ ပြည်သားတွေအတွက် လုပ်ပေးရမယ့်အစား ကိုယ့်ဟာကိုယ် ရယူပြီးတော့ အိတ်ထဲမှာ အကုန်ထည့်ယူ တကယ့်ကို ကျိကျိတက် ချမ်းသာသွားတဲ့ လူတွေထက်စာရင် တကယ်ကိုယ်ခံရှိတဲ့ ခင်ဗျားတို့ရဲ့ စေတနာတရားကို ဂုဏ်ပြုချင်ပါတယ်။ ဒါလည်း အမှန်တရားပါပဲ”ဟု  NLD နာယက သူရဦးတင်ဦး က ဆိုသည်။
 
အဆိုပါဂုဏ်ပြုပွဲ တက်ရောက်လာသည့် အနှေးယာဉ်လုပ်သား ဆိုက္ကားဆရာများသည် ဒေါ်အောင်ဆန်းစုကြည်အား အနှေးယာဉ်လုပ်ငန်းများနှင့် ပတ်သက်ပြီး တွေ့ကြုံနေရသည့် အခက်အခဲများကို တင်ပြခဲ့ကြသည်။
 
အနှေးယာဉ်လုပ်သား ဆိုက္ကားဆရာများ၏ တင်ပြတောင်းဆိုမှုနှင့် ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်က ယခုတင်ပြမှုသည် ရသင့်ရထိုက်သည့် အခြေခံရပိုင်ခွင့်များဖြစ်ကြောင်း၊ လောဘဇောတိုက်ကာ တောင်းဆိုမှုများမရှိဘဲ ရိုးသားစွာ အခက်အခဲများကို တင်ပြတောင်းဆိုခဲ့သည့်အတွက် လေးစားဂုဏ်ယူကြောင်း ပြန်လည်ပြောကြားသည်။
 
နိုဝင်ဘာ ၈ ရက်ကပြုလုပ်ခဲ့သည့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးကာလတွင် အနှေးယာဉ်လုပ်သား ဆိုက္ကားဆရာများသည် ဆိုက္ကားများတွင် NLD အမှတ်တံဆိပ်၊ အလံ၊ စတေကာများ ချိတ်ဆွဲကာ ရန်ကုန်တိုင်းအတွင်းရှိ  မြို့နယ်အများအပြား၌ လှည့်လည် စည်းရုံးရေးဆင်းမှုများ ပြုလုပ်ခဲ့ကြသည်။
 
အဆိုပါဂုဏ်ပြုပွဲသို့ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များမှ အနှေးယာဉ်လုပ်သားဆိုက္ကား ဆရာ ၂၀၀ ကျော် တက်ရောက်ခဲ့သလို ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့မှ ဆိုက္ကားဆရာအချို့လည်း လာရောက်ခဲ့ကြောင်း  သိရသည်။

Most Read

Most Recent