NLD ပါတီ အနိုင်ရရှိရန် အဓိကပါဝင်ခဲ့သော ဆိုက္ကားဆရာများကို ဒေါ်အောင်ဆန်းစုကြည် ဂုဏ်ပြု ၊ ဆိုက္ကားဆရာများ၏ စိတ်ဓာတ်သည် အချို့ကိုယ်စားလှယ်လောင်းများ၏ စိတ်ဓာတ်ထက် အများကြီးသာကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

NLD ပါတီ အနိုင်ရရှိရန် အဓိကပါဝင်ခဲ့သော ဆိုက္ကားဆရာများကို ဒေါ်အောင်ဆန်းစုကြည် ဂုဏ်ပြု ၊ ဆိုက္ကားဆရာများ၏ စိတ်ဓာတ်သည် အချို့ကိုယ်စားလှယ်လောင်းများ၏ စိတ်ဓာတ်ထက် အများကြီးသာကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
Published 26 December 2015
အောင်ဇော်ထွန်း၊ ငြိမ်းကို၊ မျိုးမင်းထက်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၁၅ ရွေးကောက်ပွဲတွင် NLD ပါတီ အနိုင်ရရှိရန် အဓိကပါဝင်ခဲ့သော ဆိုက္ကားဆရာများကို ဒီဇင်ဘာ ၂၆ ရက်တွင် ဂုဏ်ပြုပွဲ ပြုလုပ်ပေးခဲ့ကြောင်း သတင်းရရှိသည်။ 
 
ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်များမှ ဆိုက္ကားဆရာများကို NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ဂုဏ်ပြုသည့် အခမ်းအနားကို ရန်ကုန်မြို့တော်ဝင်နှင်းဆီ စားသောက်ဆိုင်တွင် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ပါတီနာယက သူရဦးတင်ဦးနှင့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်အချို့လည်း တက်ရောက်ခဲ့ကြသည်။
 
အခမ်းအနားတွင် ပါတီနာယက သူရဦးတင်ဦးက အဖွင့်အမှာစကား ပြောကြားခဲ့ပြီးနောက် ဒေါ်အောင်ဆန်းစုကြည်က ဆိုက္ကားဆရာများကို ဂုဏ်ပြုစကား ပြောကြားခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်က ယခုလို ခေါ်ယူတွေ့ဆုံရခြင်းမှာ အကြောင်းသုံးခု ရှိကြောင်းနှင့် အောင်မြင်ကြောင်းတရားများကို ဆိုက္ကားဆရာများက ပြသနိုင်ခဲ့ကြောင်း ဂုဏ်ပြုစကားပြောကြားသည်။
 
“ကျွန်မတို့ ဒီလိုခေါ်တွေ့ရတာဟာ အကြောင်းသုံးခု ရှိပါတယ်။ ပထမအကြောင်းက ကျေးဇူးတင်စကားပြောချင်လို့ပါ။ ဒုတိယ အကြောင်းကတော့ ကိုယ်ရဲ့လူမှုရေး ဆိုက္ကားဆရာကြီးများရဲ့ အတွေ့အကြုံတွေ၊ မိမိတို့ရဲ့ ဘဝတွေ အခက်အခဲတွေအကြောင်းကို အတိုင်းအတာတစ်ခုအထိ ကျွန်မတို့  သိချင်လို့ပါ။ အတိုင်းအတာတစ်ခုထိလို့ ပြောတာက ဒီလိုတွေ့ဆုံပွဲတစ်ခုမှာ အားလုံးသိဖို့ဆို တာတော့ မဖြစ်နိုင်ပါဘူး။ သိနိုင်သလောက်ပါ။ နောက်ဆုံးတစ်ခုကတော့ ကျွန်မတို့ အားလုံး ဒီနိုင်ငံတိုးတက်ရေးအတွက် ဘယ်လိုဝိုင်းပြီးတော့ လုပ်ဆောင်နိုင်မလဲဆိုတာ စဉ်းစားပြီးတော့ ဆွေးနွေးဖို့ပါ”ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။
 
ဆက်လက်ပြီး ၎င်းက “ကျွန်မက ပထမဦးဆုံး  ကျေးဇူးတင်တယ်လို့ ပြောတဲ့အခါမှာ ကျွန်မတို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရွေးကောက်ပွဲမှာ မဲနိုင်ဖို့အတွက် လုပ်ပေးတာကြောင့် ကျေးဇူးတင်တာထက် အောင်မြင်ခြင်းတရားလေးပါးဆိုတာ တကယ်လက်တွေ့ ဖြစ်နိုင်တယ်ဆိုတာ ပြလိုက်တဲ့အတွက် ကျွန်မတို့ အများကြီး ကျေးဇူးတင်ပါတယ်။ အောင်မြင်ခြင်းတရားလေးပါးနဲ့ ပတ်သက်လို့  ကျွန်မခဏခဏ ကျွန်မတို့ရဲ့ အဖွဲ့ဝင်တွေကို ပြောပြပါတယ်။ ပြည်သူလူထုကိုလည်း ဒီကိစ္စ ကျွန်မကြုံတဲ့အခါတိုင်း ပြောပါတယ်။ အောင်မြင်ခြင်း တရားလေးပါးဆိုတာကတော့ ဆန္ဒ၊ ဝီရိယ၊ စိတ်ဓာတ်၊ ပညာပေါ့ အဲဒီ လေးခုကို ကိုင်စွဲထားလို့ရှိရင် ဘာမဆို အောင်နိုင်တယ်ဆိုတာ ကျွန်မ ထပ်တလဲလဲပြောပါတယ်။ ဒါပေမဲ့ ကျွန်မတို့ရဲ့ ဆိုက္ကားဆရာကြီးများဟာ ဒါဟာ တကယ်ပဲ ဖြစ်နိုင်တယ်ဆိုတာ ပြလိုက်ပါတယ်”ဟု ပြောကြားသည်။
 
ထို့ပြင် ရွေးကောက်ပွဲတွင် NLD ပါတီ အနိုင်ရရန်အတွက် ဘာမျှော်ကိုးမှုမှ မရှိဘဲ စည်းရုံးလှုံ့ဆော်ပေးခဲ့သည့် ဆိုက္ကားဆရာများ၏ စိတ်ဓာတ်သည် အချို့ကိုယ်စားလှယ်လောင်းများထက် သာလွန်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။
 
“ကျွန်မ ပွင့်ပွင့်လင်းလင်း ပြောမယ်နော် ကျွန်မတို့ ဆိုက္ကားဆရာတွေရဲ့ စိတ်ဓာတ်က တချို့ကိုယ်စားလှယ်လောင်းတွေရဲ့ စိတ်ဓာတ်ထက် အများကြီးသာတယ်။ တချို့ကိုယ်စားလှယ်လောင်းတွေက ငါတို့ ဘယ်နေရာရမလဲဆိုတာ မှန်းပြီးတော့ လုပ်ကြတယ်။ မှားနေတာ အဲဒါ အမှန်အတိုင်းပဲ။ ဒါပေမဲ့ ကျွန်မတို့ ဆိုက္ကားဆရာတွေက ဒီလိုစိတ်ဓာတ် မဟုတ်ဘူး။ ငါတို့ ဘယ်နေရာရမလဲဆိုတာ  စဉ်းစားစရာအကြောင်း မရှိဘူး။ မစဉ်းစားဘူး။ ငါတို့ လုပ်နိုင်တာ လုပ်တယ်။ ငါတို့အတွက် လုံလောက်တယ်ဆိုတဲ့  မှန်ကန်တဲ့စိတ်ထားတွေနဲ့ လုပ်တယ်။ ဒီလိုစိတ်ထားကို အင်မတန်မှ တန်ဖိုးထားတယ်။ ဒါဟာ ကျွန်မတို့ အားလုံး အတုယူစရာဖြစ်တယ်”ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။
 
ဒေါ်အောင်ဆန်းစုကြည်သည် ဂုဏ်ပြုစကားပြောကြားပြီးနောက် ဆိုက္ကားဆရာများ၏ တင်ပြမှုများကိုလည်း ပြန်လည်ဆွေးနွေးကာ ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက်  ဆိုက္ကားဆရာများကို တော်ဝင်နှင်းဆီစားသောက်ဆိုင်တွင် နေ့လယ်စာဖြင့် တည်ခင်းဧည့်ခံခဲ့ကြောင်း သိရသည်။ 
 
အဆိုပါ တွေ့ဆုံပွဲသို့ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၄၄ မြို့နယ်မှ တစ်မြို့နယ်လျှင် ငါးဦးစီဖြင့် ဆိုက္ကားဆရာ ၂၀၀ ကျော် တက်ရောက်ခဲ့သလို ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့မှ ဆိုက္ကားဆရာအချို့လည်း လာရောက်ခဲ့ကြောင်း သတင်းရရှိသည်။ 
 
 
 
 
 

Most Read

Most Recent