ချင်းရွှေဟော်မြို့တွင် ချိန်ကိုက်ဗုံး ပေါက်ကွဲမှု ဖြစ်ပွားသဖြင့် သုံးဦး သေဆုံးပြီး ထပ်မံတွေ့ရှိသည့် မပေါက်ကွဲသေးသော ဗုံးတစ်လုံးကို အသက်မဲ့အောင် ပြုလုပ်နိုင်ခဲ့

ချင်းရွှေဟော်မြို့တွင် ချိန်ကိုက်ဗုံး ပေါက်ကွဲမှု ဖြစ်ပွားသဖြင့် သုံးဦး သေဆုံးပြီး ထပ်မံတွေ့ရှိသည့် မပေါက်ကွဲသေးသော ဗုံးတစ်လုံးကို အသက်မဲ့အောင် ပြုလုပ်နိုင်ခဲ့
Published 26 December 2015
ထွန်းနေလှိုင် (နောင်ပိန်)

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လောက်ကိုင်ခရိုင်၊ ချင်းရွှေဟော်မြို့တွင် ဒီဇင်ဘာ ၂၆ ရက် နံနက် ၂ နာရီ ၁၅ မိနစ် အချိန်က ချင်းရွှေဟော်ရဲစခန်းနှင့် အရှေ့တောင်ဘက် မီတာ ၅၀၀ ခန့်အကွာ၊ ကိုးကန့် နတ်စင်ကုန်း အနောက်ဘက်ရှိ ကားရပ်နားစခန်း နေရာတွင် ပေါက်ကွဲမှု ဖြစ်ပွားခဲ့ရာ ပဲတီစိမ်း တင်ထားသော ၁၂ ဘီးကားတစ်စီး မီးလောင် ပျက်စီးသွားပြီး ကျန်ပဲတီစိမ်းတင် ၁၂ ဘီးကား နှစ်စီး၊ မြေပဲတင် ၁၂ ဘီးကား တစ်စီး၊ ပဲပုပ်တင် ၁၂ ဘီးကား နှစ်စီးတို့မှာ ကားရှေ့ခေါင်းပိုင်းများ ကြေမွပျက်စီး သွားခဲ့ကြောင်း သိရသည်။
အဆိုပါ ဗုံးပေါက်ကွဲမှုကြောင့် ယာဉ်ပေါ်ရှိ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်၊ တောင်ရှည်ကျေးရွာနေ ယာဉ်ပိုင်ရှင် ဦးထွန်းကြိုင် (၅၅)နှစ်၊ ၎င်း၏ ဇနီးဖြစ်သူ ဒေါ်စန်းစန်းဝင်း (၅၃)နှစ်နှင့် ပေါက်မြို့နယ်၊ ကံသစ်ကျေးရွာနေ ယာဉ်နောက်လိုက်ဖြစ်သူ ကျော်မြတ်သူ (၂၀) နှစ်တို့ သုံးဦး သေဆုံးခဲ့ပြီး သုံးဦးဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

မပေါက်ကွဲသေးသော ဗုံးတစ်လုံး
ပေါက်ကွဲမှု ဖြစ်စဉ်ကြောင့် အခင်းဖြစ် နေရာတစ်ဝိုက်အား အသေးစိတ် ဖြန့်ခွဲရှာဖွေ စစ်ဆေး ဆောင်ရွက်ခဲ့ရာ ပေါက်ကွဲမှု ဖြစ်ပွားသည့် မော်တော်ယာဉ်နှင့် ပေ (၈၀) ခန့် အကွာ မြေပြင်တွင် ကြွပ်ကြွပ်အိတ် အစိမ်းရောင်ဖြင့် ထုပ်ထား၍ တိပ်အကြည်ဖြင့် ပတ်ထားသော အလျား (၁၀) လက်မ၊ အနံလေး လက်မ၊ အမြင့် တစ်လက်မခွဲခန့် အရွယ် အထုပ်တစ်ထုပ်နှင့် ဝိုယာကြိုးစထွက်လျက် ငွေမင်ရောင် အထုပ်ငယ် တစ်ခုအား တွဲလျက် ဗုံးတစ်လုံး ထပ်မံ တွေ့ရှိသဖြင့် ဆန်အိတ်များဖြင့် အကာအကွယ် ပြုလုပ်ထားပြီး စစ်မြေပြင် အင်ဂျင်နီယာ တပ်ဖွဲ့ဝင်များက အသက်မဲ့အောင် ဖွင့်ဖောက်စစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
"ကားတစ်စီး မီးလောင်တယ်။ သုံးယောက် သေတယ်။ သုံးယောက် ဒဏ်ရာရပါတယ်။ ကားတစ်စီး မီးလောင်တယ်။ ကားငါး စီးရှေ့ပိုင်းတွေမှာ ဗုံးထိတယ်။ တော်တော် ကြေသွားတယ်။ နောက်ထပ်တွေ့တဲ့ ဗုံးတစ်လုံးကိုတော့ အသက်မဲ့အောင် လုပ်လိုက်ပါပြီ။ ချင်းရွှေဟော် နယ်မြေအပြင် တခြား နယ်မြေတွေကိုလည်း လုံခြုံရေးတွေ ပိုပြီး တိုးမြှင့်ထားပါတယ်" ဟု ရှမ်းပြည်နယ် ဒုတိယပြည်နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး အောင်မြတ်မိုးက ပြောကြားသည်။
ချင်းရွှေဟော်၊ လောက်ကိုင်မြို့များတွင် လုံခြုံရေးများ တိုးမြင့် ဆောင်ရွက်ထား သကဲ့သို့ လားရှိုးမြို့အဝင် ခေးနင်း၊ ဟိုပိတ်၊ နားမခေါ်တို့တွင်လည်း ယခင်ထက် ပိုမိုပြီး လုံခြုံရေးများ တိုးမြှင့် ဆောင်ရွက်ထားကာ လားရှိုးမြို့၊ မြို့မဈေးနှင့် အခြားနေရာများတွင်လည်း မိုင်းရှင်းသည့် လုပ်ငန်းများအား နေ့စဉ်ဆောင်ရွက်လျှက် ရှိနေကြောင်း ဒုတိယပြည်နယ် ရဲတပ်ဖွဲ့မှူးက ဆိုသည်။ 

Most Read

Most Recent