ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံဖွင့်ပွဲသို့ သမ္မတတက်ရောက်မည်ဖြစ်ကာ ဆွေးနွေးပွဲတွင် ကိုယ်စားလှယ်နှင့် သံတမန်များအပါအဝင် ၁၅၀၀ ခန့် တက်ရောက်နိုင်ဟုဆို

ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံဖွင့်ပွဲသို့ သမ္မတတက်ရောက်မည်ဖြစ်ကာ ဆွေးနွေးပွဲတွင် ကိုယ်စားလှယ်နှင့် သံတမန်များအပါအဝင် ၁၅၀၀ ခန့် တက်ရောက်နိုင်ဟုဆို
Published 25 December 2015

အမျိုးသား ပြန်လည်သင့်မြတ်ရေး၊ လက်နက်ကိုင် ပဋိပက္ခများ ချုပ်ငြိမ်းရေးနှင့် နိုင်ငံရေးပြဿနာများကို နိုင်ငံရေးနည်း လမ်းဖြင့် ငြိမ်းချမ်းစွာ အဖြေရှာနိုင်ရေး စသည် တို့ကို ဆွေးနွေးမည့်  ပြည်ထောင်စု ငြိမ်းချမ်း ရေးညီလာခံကို ၂၀၁၆ ခုနှစ် ဇန်နဝါရီ ၁၂ ရက်တွင် နေပြည်တော်၌ စတင်ကျင်းပမည် ဖြစ်ရာ ညီလာခံသို့ နိုင်ငံတော်သမ္မတတက် ရောက်မည်ဖြစ်ပြီး ဆွေးနွေးပွဲတွင် ပါဝင်မည့် ကိုယ်စားလှယ်နှင့် သံတမန်များ အပါအဝင် ၁၅၀၀ ဦးခန့်တက်ရောက်နိုင်ဟု အစိုးရ ငြိမ်းချမ်းရေး ဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့၏ အလုပ်အဖွဲ့ဖြစ်သော Myanmar Peace Center မှ ဦးအောင်နိုင်ဦးက ပြောကြားသည်။ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံကို အစိုးရအဖွဲ့ကိုယ်စားလှယ် ၇၅ ဦး၊ လွှတ်တော်ကိုယ်စားလှယ် ၇၅ ဦး၊ တပ်မတော် ကိုယ်စားလှယ် ၁၅၀ ဦး၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများမှ ကိုယ်စားလှယ် ၁၅၀ ဦး၊ နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ် ၁၅၀ ဦး၊ တိုင်းရင်းသား ကိုယ်စားလှယ် ၅၀ ဦးနှင့် အခြား ပါဝင်သင့် ပါဝင်ထိုက်သူ  ၅၀ ဦး စုစုပေါင်း ကိုယ်စားလှယ် ၇၀၀ ဦးဖြင့် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။ဦးအောင်နိုင်ဦးက “ဖွင့်ပွဲကို ခန့်မှန်းခြေတော့ လူ ၁၅၀၀ လောက်တက်မှာ။ သံတမန်တွေ အကုန်ဖိတ်မှာပေါ့ဗျာ။ နိုင်ငံတော် သမ္မတရော၊ အစိုးရအရာရှိတွေရော၊ တပ်မတော် အရာရှိကြီးတွေရော လွှတ်တော်ရော ဖိတ် ကြားထားတဲ့ ဧည့်သည်တော်တွေရော၊ ငြိမ်းချမ်းရေး ဆွေးနွေးပွဲမှာ ပါဝင်မယ့် ကိုယ်စားလှယ်တွေရော သံတမန်တွေရော အထူးဖိတ်ကြားထားတဲ့ ဧည့်သည်တွေရော အစုံပါပဲ။ ကျွန်တော်တို့ အခုလောလောဆယ် ခန့်မှန်းခြေ စာရင်းကတော့ ၁၅၀၀လောက်ရှိတယ် ပိုရင်လည်း ပိုသွားနိုင်တယ်။ နည်းနည်းလည်း လျော့နိုင်တာပေါ့” ဟု ပြောကြားသည်။အဆိုပါ ညီလာခံကို ဇန်နဝါရီ  ၁၂ ရက် မှ ၂၃ ရက်အကြား ကျင်းပရန်ရှိကြောင်းနှင့် ညီလာခံ တက်ရောက်မည့် ကိုယ်စားလှယ် အများစုသည် နေပြည်တော်ရှိ အားကစားရွာတွင် နေထိုင်သွားမည်ဖြစ်ကြောင်း သိရသည်။“ညီလာခံမှာ ဆွေးနွေးဖို့ ခေါင်းစဉ်တွေရှိတယ်။ အဲဒါတွေက နိုင်ငံရေး၊ စီးပွားရေးရယ် လူမှုရေးရယ် လုံခြုံရေးရယ် ပတ်ဝန်းကျင်ရေးရယ် ဆိုပြီးတော့ ငါးခုလေ။ အဲဒီခေါင်းစဉ်တွေအောက်မှာမှ သူတို့နဲ့ သက်ဆိုင်သော ဘာသာရပ်တွေ ဥပမာ လူမှုရေးဆိုရင် ပညာရေး၊ ကျန်းမာရေးစသဖြင့် အဲဒီလိုဟာတွေ  ဆွေးနွေးမှာ။ အရေးကြီးတဲ့အချက်တွေ အများကြီးပါတယ်။ ညီလာခံ တက်ရောက်တဲ့ ကိုယ်စားလှယ်တွေအပေါ် မူတည်ပြီးသူတို့ ဘယ်လောက်ဆွေးနွေးနိုင်မလဲ။ အဲဒါတွေအပေါ်မှာ မူတည်ပြီးတော့ ဆုံးဖြတ်ချက်တွေချမှာ။ အဲဒါကို လွှတ်တော်ကိုတင်မှာ လွှတ်တော်က ဥပဒေတွေပြုပေးဖို့ လုပ်မှာလေ” ဟု ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) နိုင်ငံရေးပါတီအစုအဖွဲ့ ဒုတိယဥက္ကဋ္ဌ ဒီမိုကရက်တစ်ပါတီ (မြန်မာ) ဥက္ကဋ္ဌ ဦးသုဝေက ဆိုသည်။“ဒီအစိုးရက အချိန်အကြာကြီး တာဝန်ယူပြီး လုပ်ပေးနိုင်တဲ့ အခြေအနေမရှိဘူး။ လုပ်ပေးနိုင်တဲ့ အခြေအနေအတွင်းမှာ အလွယ်တကူ ပြုပြင်နိုင်တဲ့ အချက်အလက်တွေကို ချမှတ်ခဲ့ပေးမှာ။ အဲဒါမှ တာဝန်လွှဲပေးဖို့ လွယ်မှာ”ဟု ဦးသုဝေက ဆိုသည်။ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံကို အစိုးရ၊ လွှတ်တော်၊ တပ်မတော်အစုအဖွဲ့၊ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ်(NCA) လက်မှတ်ထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် အစု အဖွဲ့နှင့် နိုင်ငံရေးပါတီ အစုအဖွဲ့မှ ကိုယ်စားလှယ် ၁၆ ဦးစီဖြင့် အချိုးကျ ပါဝင်သော UPDJC ကရေးဆွဲထားသည့် နိုင်ငံရေး ဆွေးနွေးမှုဆိုင်ရာ မူဘောင်ကို အခြေခံ ကျင်းပသွားမည်ဖြစ်ကြောင်း၊ အဆိုပါ မူဘောင်ကို NCA စာချုပ်အပေါ် အခြေခံပြီး ရေးဆွဲထားခြင်းဖြစ်ကာ ပြုလွယ်ပြင်လွယ်ဆိုသည့် အနေအထားမျိုး ရေးဆွဲထားကြောင်း သိရသည်။“ပြုလွယ်ပြင်လွယ်မယ်ဆိုတာကလည်း နောင်ကျရင် အစုအဖွဲ့တွေထဲမှာ အစိုးရ အပြောင်းအလဲ ဖြစ်မှာလေ။ လွှတ်တော်က စပြောင်းမယ်။ လွှတ်တော်ကနေ တင်ပြီးတော့ အစိုးရလည်း ပြောင်းပြီ။ ဒါပေမဲ့ မပြောင်းမှာ က တပ်မတော်အဖွဲ့အစည်းပဲ ဖြစ်တယ်။ ဟိုဘက် NLD အစိုးရတက်လာပြီနောက် အစိုးရတက်လာပြီဆိုတဲ့ အချိန်မှာ လက်မှတ်မထိုးသေးတဲ့ အဖွဲ့တွေကို ဘယ်လိုကမ်းလှမ်းမလဲ။ ကမ်းလှမ်းပြီးရင် လာပြီ အားလုံး သဘောတူကြပြီ။ စကားတွေပြောကြပြီဆိုတဲ့ အချိန်မှာ ခုနက မူဘောင်မှာပါတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ကဏ္ဍတွေကို အခုက ရှစ်ဖွဲ့ နောင်ကျရင်တော့ ၂၁ ဖွဲ့လည်း ဖြစ်လာနိုင်တယ်လေ။ အဲဒီအချိန်ကျရင် အစိုးရဘက်ကလည်း ပြောင်းပြီ။ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ဘက်ကလည်း ပြောင်းပြီ။ အဲဒီအချိန်မှာက နိုင်ငံရေးပါတီကတော့  ၉၂ ဖွဲ့ပဲ ရှိမှာပါပဲ။ ဒါပေမဲ့ အခုဆုံးဖြတ်လိုက်တဲ့ ဘယ်အဖွဲ့အစည်းက ဘယ်လောက်လာ အရေအတွက် ၁၅၀ ဆိုတာကလည်း နောင်ကျရင် ပြောင်းနိုင်သေးတာကိုး။ ဘာဖြစ်လို့လဲဆိုရင် NCA ထဲမှာက UPDJC သည် မူဘောင်ကို ရေးဆွဲရန် တာဝန်ရှိသည်ဆိုပြီးပါတယ်။ UPDJC အသစ်ဖြစ်လာတဲ့ အချိန်မှာ ဒီမူဘောင်ကလည်း ပြုလွယ်ပြောင်းလွယ်ဖြစ်အောင် လုပ်ထားတယ်ဆိုတာကလည်း UPDJC အသစ်က မူဘောင်အသစ်ကို ရေးဆွဲခွင့်ရှိတယ်။ ငါးစိတ်ဖြစ်နေတာ။ အဲဒီငါးစိတ်ကိုလည်း သုံးစိတ်ဖြစ်အောင် လုပ်နိုင်မလား။ လုပ်နိုင်တယ်ဆိုရင်လည်း လုပ်မှာပဲလေ။ ပြောင်းလွယ်ပြင်လွယ်ဆိုတာက ရှင်းရှင်းပြောရရင် NCA အတိုင်းကို ပြောင်းမှာပြုမှာပဲ” ဟု နိုင်ငံရေးပါတီအစုအဖွဲ့ အတွင်းရေးမှူး ဦးစိုင်းကျော်ညွန့်က ပြောကြားသည်။

Most Read

Most Recent