သေဒဏ် ချမှတ်ခံထားရသော လိပ်ကျွန်းအမှု အယူခံ တက်ရောက်နိုင်ရေးအတွက် အစိုးရ အနေဖြင့် လိုအပ်သော အကူအညီများပေးရန် အမျိုးသား ဒီမိုကရေစီအင်အားစုပါတီ တောင်းဆို

သေဒဏ် ချမှတ်ခံထားရသော လိပ်ကျွန်းအမှု အယူခံ တက်ရောက်နိုင်ရေးအတွက် အစိုးရ အနေဖြင့် လိုအပ်သော အကူအညီများပေးရန် အမျိုးသား ဒီမိုကရေစီအင်အားစုပါတီ တောင်းဆို
Published 25 December 2015

သေဒဏ် ချမှတ်ခံထားရသည့် လိပ်ကျွန်း လူသတ်မှု အယူခံတက်ရောက်နိုင်ရေးအတွက် အစိုးရအနေဖြင့် လိုအပ်သော အကူအညီများ ဆောင်ရွက်ပေးရန် အမျိုးသား ဒီမိုကရေစီအင်အားစုပါတီ က ဒီဇင်ဘာ ၂၅ ရက်တွင် လိပ်ကျွန်းအမှုနှင့် ပတ်သက်၍ သဘောထားကြေညာချက် ထုတ်ပြန်ခဲ့သည်။ထိုင်းနိုင်ငံ လိပ်ကျွန်း လူသတ်မှုတွင် ပြစ်မှု ကျူးလွန်သူများအဖြစ် စွပ်စွဲခံရသူ ရခိုင်လူငယ်နှစ်ဦးအား ဒီဇင်ဘာ ၂၄ ရက်တွင် ထိုင်းခရိုင်တရားရုံးက သေဒဏ်ချမှတ်လိုက်သည့်အတွက် အမျိုးသား ဒီမိုကရေစီအင်အားစုပါတီ အနေဖြင့် များစွာစိတ်မကောင်း ဖြစ်မိကြောင်း၊ အမှုအား စစ်ဆေးရာတွင် ရဲလုပ်ငန်းစဉ် စနစ်မကျမှု၊ မှုခင်းဆရာဝန် လိုက်ပါဆောင်ရွက်မှု အားနည်းခြင်း၊ သက်သေခံပစ္စည်းများ၊ လူသက်သေမပြနိုင်မှု ၊ ဒီအင်န်အေ စစ်ဆေးမှုတို့သည် ပြည့်စုံလုံလောက်မှု မရှိဘဲ လိုအပ်ချက်များ ရှိနေသည်ဟု နိုင်ငံတကာဥပဒေပညာရှင်များနှင့် ထိုအမှုကို လေ့လာစောင့်ကြည့်ေနေသူများက ဝေဖန်ထောက်ပြနေသည်မှာ အထင်အရှားဖြစ်ကြောင်း ယင်းကြေညာချက်တွင် ရေးသားထားသည်။ထို့ပြင် ထိုင်းနိုင်ငံတရားရုံးမှ ယခုကဲ့သို့ ပြစ်ဒဏ်ချမှတ်လိုက်သည့်အတွက် မြန်မာနိုင်ငံသားနှစ်ဦး အဆင့်ဆင့် အယူခံသွားရောက်နိုင်ရေးအတွက် တာဝန်ရှိသူများနှင့် ကူညီဆောင်ရွက်ပေးနေသည့် အဖွဲ့အစည်းများ အနေဖြင့် ဆက်လက်ကူညီ ဆောင်ရွက်ပေးရန်၊ လိုအပ်သော ဥပေဒပိုင်းဆိုင်ရာ အကြံဉာဏ်များကို လည်းကောင်း၊ လိုအပ်သော ငွေကြေးကို လည်းကောင်း ဝိုင်းဝန်း ကူညီကြရန်နှင့် နိုင်ငံတော် အစိုးရပိုင်းမှလည်း ကူညီဆောင်ရွက်ပေးကြရန် အမျိုးသား ဒီမိုကရေစီအင်အားစုပါတီ က တိုက်တွန်းထားသည်။ဆက်လက်၍  အစိုးရအနေဖြင့် ထိုင်းနိုင်ငံအတွင်း အလုပ်လုပ်ကိုင်နေကြသည့် မြန်မာရွှေ့ပြောင်း အလုပ်သမားများ ကြုံတွေ့နေရသည့် အခက်အခဲများကိုလည်း နှစ်နိုင်ငံအစိုးရအနေဖြင့် နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုကို အခြေခံ၍ အကာအကွယ်ပေးရန်နှင့် လိပ်ကျွန်း လူသတ်မှု သေဒဏ် ချမှတ်လိုက်မှုအပေါ် လက်မခံနိုင်သည့် မြန်မာနိုင်ငံသားများအနေဖြင့် ထိုင်းသံရုံးကို ဆန္ဒပြရာတွင် မြန်မာနိုင်ငံ၏ ဂုဏ်သိက္ခာကို မထိခိုက်ဘဲ နိုင်ငံကြီးသားပီသစွာ ဆန္ဒပြကြမည်ကိုလည်း အထူးကြိုဆိုကြောင်း အမျိုးသား ဒီမိုကရေစီအင်အားစုပါတီ ၏ လိပ်ကျွန်းအမှုနှင့် ပတ်သတ်သည့် သဘောထား ထုတ်ပြန်ချက်တွင် ပါရှိသည်။
၂၀၁၄ ခုနှစ်အတွင်းက ထိုင်းနိုင်ငံတွင် ဗြိတိန်နိုင်ငံသား နှစ်ဦးအား သတ်မှုဖြင့် စွပ်စွဲခံထားရသည့် မြန်မာနိုင်ငံသား နှစ်ဦးဖြစ်သူ ဝင်းဇော်ထွန်းနှင့် ဇော်လင်းကို ဒီဇင်ဘာ ၂၄ ရက်က ထိုင်း၊ ကော့စမွီ တရားရုံးက သေဒဏ် ချမှတ်ခဲ့သည်။

Most Read

Most Recent