လိပ်ကျွန်းသို့ ဗျူဟာမြောက် ထိုးစစ်

လိပ်ကျွန်းသို့ ဗျူဟာမြောက် ထိုးစစ်
Published 24 December 2015
မင်းဒင်

(၁)
ဗြိတိန်နိုင်ငံသားနှစ်ဦး အသတ်ခံရမှုဖြင့် ထိုင်းနိုင်ငံတောင်ပိုင်း ကော့စမွေ တရားရုံးတွင်၊ ဖမ်းဆီး တရားစွဲဆိုထားခြင်းခံရသော မြန်မာနိုင်ငံသား လူငယ်နှစ်ဦးကို၂၀၁၅ ခုနှစ် ဒီဇင်ဘာ ၂၄ ရက်တွင် စီရင်ချက်ချမှတ်တော့မည်ဟု ဆိုပါသည်။
အမှုဖြစ်စဉ်ကျဉ်းမှာ လွန်ခဲ့သော၂၀၁၄ ခုနှစ် စက်တင်ဘာလတွင် မြန်မာနိုင်ငံသား နှစ်ဦးဖြစ်သော ဇော်လင်းနှင့် ဝင်းဇော်ထွန်းတို့က ထိုင်းနိုင်ငံတောင်ပိုင်း ကော့တောင် (လိပ်ကျွန်း) ၌ ဗြိတိသျှအမျိုးသမီး ဟန်နာအား အဓမ္မပြုကျင့်သတ်ဖြတ်မှု၊ ဗြိတိန်နိုင်ငံသား ဒေးဗစ်မေလာကို သတ်ဖြတ်မှုတို့ဖြင့် ဖမ်းဆီး တရားစွဲဆိုခံခဲ့ရခြင်း ဖြစ်သည်။
အဆိုပါအမှုနှင့် ပတ်သက်၍ အစကနဦးကပင် သက်ဆိုင်ရာ ထိုင်းရဲတပ်ဖွဲ့၏ မှားယွင်းဖမ်းဆီးမှု၊ အလွန်တရာ ကမောက်ကမ နိုင်လှသော သက်သေ အထောက်အထားများ၊ လက်လွတ်စပယ် စွပ်စွဲဖမ်းဆီး ချုပ်နှောင်မှုများနှင့် ထိုင်းနိုင်ငံ၏ စစ်တပ်အာဏာသိမ်းပြီးစ ကာလအခြေအနေများကြောင့် လွန်စွာ ရှုပ်ထွေးပွေလီသည့် အမှုဖြစ်ကြောင်း မူလကပင် ပေါ်လွင်နေသည်။
ထို့ကြောင့်ပင် ပြည်တွင်းပြည်ပမှ အမျိုးသားရေးစိတ် ပြင်းထန်သော မြန်မာနိုင်ငံသားများအပြင် ထိုင်းလူအခွင့်အရေး အဖွဲ့များကပါ၊ ယင်းအမှုအပေါ် ကန့်ကွက်ထောက်ပြ ဝေဖန်မှုများ ကျယ်လောင်စွာ ထွက်ပေါ်လာခဲ့ဖူးသည်။ နောက်ဆုံးတွင် မြန်မာသံရုံးနှင့် မြန်မာအစိုးရကပါ ဝင်ရောက် အရေးယူပြောဆိုခဲ့ရ သည်အထိဖြစ်၏။
ထောက်ပြဝေဖန်တို့တွင် အများစုကမူ ထိုင်းရဲတို့တင်ပြသည့် ယုတ္တိမတန်သောအ ထောက်အထားများကို မှုခင်းနည်းပညာ ရှုထောင့်မှနေ၍ မှားယွင်းမှုများကို စနစ်တကျ သုံးသပ်တင်ပြကာ အစွပ်စွဲခံ မြန်မာလူငယ်နှစ်ဦး လွတ်မြောက်ရေးအတွက် အားထုတ်ကြိုးပမ်းခဲ့ကြပါသည်။ မြန်မာအစိုးရ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌဆိုလျှင် အဆိုပါလူငယ်နှစ်ဦး အချုပ်လွတ် ထုချေခွင့်ရရေးအတွက် ၎င်း ကိုယ်တိုင် အပြည့်အ၀ တာဝန်ခံကြောင်း ထိုင်းအစိုးရသို့ ပြောဆိုသည်အထိ တာဝန်ကျေခဲ့ပါသည်။ သို့သော် အထက်တွင် ဆိုခဲ့သော ဥပဒေလမ်းကြောင်းအရ ကြိုးပမ်းမှုအရပ်ရပ်မှာ ယနေ့အချိန်အထိ အရာမထင်သေးကြောင်း တွေ့ရှိရသည်။ အဘယ်ကြောင့်ပါနည်း။
(၂)
ကျွန်တော်သည် ထိုင်းနိုင်ငံတွင် အခြေချ နေထိုင်ခဲ့သည်မှာ ဆယ်စုနှစ် တစ်ခုကျော်မျှ ရှိခဲ့သော ကာလအတွင်း ထိုင်းနိုင်ငံရေး ထိုင်းရဲတို့၏စရိုက် ထိုင်းတရားစီရင်ရေး စနစ်နှင့် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားတို့၏ ဘဝအခြေအနေ စသည်တို့ကို (အထိုက်အလျောက်) မစိမ်းလှသူ တစ်ဦးအနေဖြင့် ထိုအမှုအပေါ် ဝိုင်းဝန်း ကြိုးပမ်းခဲ့ကြသူများကို မဆန့်ကျင်သော်ငြား အထက်ပါ ဥပဒေလမ်းကြောင်းအတိုင်း ကြိုးပမ်းအားထုတ်နေမှုတို့ကို အောင်မြင်မည့် နည်းလမ်းဟု မယုံကြည်ခဲ့ချေ။(ထို့ကြောင့်ပင် အဆိုပါအမှုနှင့် ပတ်သက်၍ လိပ်ကျွန်းမှာ ခွေးကျိုးနှင့် ယုန်လိုက်သလားဟူသော ခေါင်းစဉ်ဖြင့် ဆောင်းပါးတစ်ပုဒ် ရေးသားခဲ့ဖူးသည်။)
ကျွန်တော်တစ်ဦးတည်း၏ အယူအဆအရ ၎င်းအမှုတွင် ဖမ်းဆီးချုပ်နှောင် တရားစွဲဆိုခံထားရသူနှစ်ဦးမှာ တရားခံအစစ် လုံးဝမဖြစ်နိုင်ချေ။ မတရား ဖမ်းဆီးခံရခြင်းသာ ဖြစ်သည်ဟုသာ ယုံကြည်၏။ ထိုင်းရောက် မြန်မာတို့အဖို့ အလုပ်ရှင် ထိုင်းလူမျိုးတို့ကိုပင် သေလုမတတ် ကြောက်ရတတ်သည်ဖြစ်၍ နိုင်ငံခြားသား ဧည့်သည်တို့အား ထိုသို့ပြုကျင့်ရန်မှာ အလွန်ဖြစ်နိုင်ချေ နည်းသည်။လူငယ်နှစ်ဦး၏ နောက်ကြောင်း ရာဇဝင်အရ ပြစ်မှုနောက်ကြောင်း ရာဇဝင်မရှိသဖြင့် သေလုမြောပါးဖြစ်နေသော အမျိုးသမီးကို အဓမ္မပြုကျင့်ရန်မှာ မိုက်ဇ အလွန်ကြီးသော ရာဇဝင်လူမိုက်မျိုးမှသာ ကျူးလွန်တတ်လေရာ ဖြစ်တန်ချေပို၍ နည်းလွန်းလှသည်။ ထိုလူငယ်နှစ်ဦး တရားခံအဖြစ် ကျရောက်ရခြင်းအတွက် အဓိကကျသော အခြေခံ အကြောင်းအရာနှစ်ချက်မှာ အောက်ပါတို့ဖြစ်သည်ဟုယူဆသည်။
ယင်းမှာ
(၁)     ထိုင်းအာဏာသိမ်း စစ်အစိုးရမှ ၎င်းင်းတို့၏ ပုံရိပ်ကောင်းစေရန်အလို့ငှာ ယင်းအမှုအပေါ် လွဲမှားသောသတင်းတို့ကို အဆောတလျင် ထုတ်ပြန်ခြင်းဖြင့် နောက်ပြန်ဆုတ်မရအောင် ခြေလွန်လက်လွန် ဖြစ်သွားခဲ့မှု
(၂)     မှုခင်းဖြစ်ပွားရာ ကော့တောင်ကျွန်းမှ ရာဇဝတ်မှုများ၏ သမိုင်းနောက်ခံခြင်းရာတို့ ဖြစ်၏။
အဆိုပါအချက် နှစ်ချက်ပေါ်တွင် အခြေခံလျက် အလျော့အတင်း များလွန်းလှသော ထိုင်းနိုင်ငံတရားစီရင်ရေးစနစ်၏ သားကောင်အဖြစ် မျက်နှာမွဲ မြန်မာနိုင်ငံသား လူငယ်နှစ်ဦး တရားခံစာရင်းသို့ ဇွတ်အသွင်း ခံလိုက်ရခြင်းသာ ဖြစ်သည်ဟု ကျွန်တော်ကောက်ချက်ဆွဲမိသည်။
(၃)
အနည်းငယ်ရှင်းပါအံ့။ ယင်းအမှုဖြစ်ပွားချိန်သည် ထိုင်းစစ်တပ် အာဏာသိမ်းပြီးစအချိန်ဖြစ်၏။ထိုင်းအမျိုးသားရေး ပုံရိပ်ကို ဇွတ်အတင်း ဇန်းတင်နေချိန်ဖြစ်ပြီး မည်သည့် ကိစ္စကြီးငယ်မဟူ အာဏာသိမ်းအစိုးရအနေဖြင့် တိတိကျကျ မှန်မှန်ကန်ကန် မြန်မြန်ဆန်ဆန် ဆောင်ရွက်နိုင်စွမ်းရှိကြောင်း သက်သေပြရန် အားထုတ်နေချိန်လည်း ဖြစ်သည်။ထိုမှသည် ၎င်းအမှုနှင့် ပတ်သက်၍ အောက်ခြေမှ (အထူးသဖြင့် လိပ်ကျွန်းမှ) တက်လာသည့် လုပ်ဇာတ်သတင်းကို ထိုင်းဝန်ကြီးချုပ်ကိုယ်တိုင် နှုတ်လွန်ခြေလွန် ပြောဆိုလာခဲ့ရာမှ နောက်ပြန်ဆုတ်၍ မရတော့သော အနေအထားအထိ ရောက်ရှိသွားခဲ့သည်။
ထိုအခြေအနေကို ကောင်းစွာပံ့ပိုးသည့် အရာမှာ လိပ်ကျွန်း၏ ရာဇဝင်နောက်ခံဖြစ် သည်။ လိပ်ကျွန်းသည်ပင် ကုန်းမြေနှင့်အတန် ငယ်လှမ်း၍ပင်လယ်တွင်းတွင် ထီးထီးတည် ရှိနေသော ကျွန်းငယ်တစ်ခုဖြစ်၍တစ်သက် တစ်ကျွန်းပြစ်ဒဏ်ထိုက်သော ရာဇဝတ်သား များကို ချုပ်နှောင်ထားရှိခဲ့ရာနေရာအဖြစ် မှတ်တမ်းမှတ်ရာရှိသည်။
၁၉၈၀ ပြည့်နှစ်နောက်ပိုင်းမှသာ အပန်းဖြေကျွန်းအဖြစ် တစ်စတစ်စ ပြောင်းလဲလာခဲ့ခြင်း ဖြစ်ရာ နယ်ခံကျွန်းသူကြီး၏ သြဇာအာဏာမှာ မသေးလှသဖြင့် လိပ်ကျွန်းတွင် ကျွန်းသူကြီး မပေါ်လိုသော အမှုကြီးငယ်မဟူ မည်သည့်အခါမျှ အမှုမှန် မပေါ်ပေါက်ခဲဖူးချေ။ ထို့ပြင် တရားဥပဒေ စိုးမိုးလှပါသည်ဆိုသော ထိုင်းနိုင်ငံဒေသ အနှံ့အပြားမှာပင် ထိုင်းလူမျိုးအချင်းချင်း လူစားထိုး တရားခံထည့်သွင်းသည့် အလေ့အထ မြောက်မြားစွာရှိနေကြောင်း ထိုင်းပြည်တွင်း သတင်းများတွင် မကြာခဏ ဖော်ပြသည်။ အများဆုံး အစားထိုးခံရသော တရားခံများမှာ စားဝတ်နေရေး တစ်ဝမ်းတစ်ခါးအလို့ငှာ ထိုင်းနိုင်ငံရောက်ရှိပြီး ရွှေ့ပြောင်းအလုပ်သမားများအဖြစ် အသက်မွေးနေကြ ရသော အနှိမ်ခံ မြန်မာလူမျိုး အလုပ်သမားတို့သာ ဖြစ်လေသည်။
ညွှန်းဆိုသော မြန်မာလူငယ်နှစ်ဦး၏ အမှုတွင် မြန်မာအစိုးရသံရုံးနှင့် ထိုင်းနိုင်ငံရောက် မြန်မာ့အရေး လှုပ်ရှားတက်ကြွသူတို့ ရှိခဲ့သည်ကားမှန်ပါ၏။ သို့သော် ထိုစဉ်က မြန်မာအစိုးရ၏ ဂုဏ်သိက္ခာပုံရိပ်သည် တင်းတင်းရင်းရင်း မရှိသည်မှာ သေချာသည့်အပြင် အချို့သော မြန်မာ့အရေးတက်ကြွ သူတို့မှာ ပုဂ္ဂိုလ်ရေးအကျိုးစီးပွား ထင်ပေါ်လိုမှုတို့ဖြင့် လုပ်ဆောင်နေကြကြောင်း မြင်သာထင်ရှားသည်။
မြန်မာအလုပ်သမားအရေး လှုပ်ရှားသူများထဲမှ ပုဂ္ဂိလ်တစ်ဦးဆိုလျှင် ယင်းအမှုနှင့် ပတ်သက်၍ အတွင်းကျသော အချက်အလက်တို့မှာ ဗြိတိန်အစိုးရလက်ထဲတွင် အပြည့်အစုံ ရှိနေသဖြင့် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ၎င်းအမှုကို ဝင်ရောက်ကိုင်တွယ်စေလိုကြောင်း သတင်းစာ မျက်နှာတချို့တွင် ဖွင့်ဟပြောဆိုခဲ့ဖူးသည်။ စင်စစ်အလွန်လွဲမှားသော သုံးသပ်ချက်သာဖြစ်၏။ အဆိုပါအမှုသည် ထိုင်းအစိုးရ၏ အာဏာလက်ဝယ်ရှိမှုကို အကြီးအကျယ် ခြိမ်းခြောက်နိုင်သည်ဖြစ်၍ ထိုင်းစစ်အစိုးရအနေဖြင့် မည်သည့် အားစမ်းမှုမျိုးကိုမဆို နောက်မဆုတ်တမ်း ရင်ဆိုင်သွားရန် အသင့်ရှိနေခဲ့ခြင်းသာ ဖြစ်သည်။
(၄)
ဒီမိုကရေစီနိုင်ငံဟု ဆိုလင့်ကစား ထိုင်းနိုင်ငံ၏ တရားစီရင်ရေးစနစ်သည် အားနည်း ပျော့ညံ့ချက်များစွာ ရှိနေသည်။ငွေများတရားနိုင်ဟူသောစကားမှာ ထိုင်းနိုင်ငံတွင်ပို၍ အဓိပ္ပာယ်ရှိနေသည်။ ထိုအခြေအနေတွင် သိမ်ငယ်ရသည့်ဘဝဖြင့် ထိုင်းနိုင်ငံသို့ရောက်ရှိနေကြသော မြန်မာအလုပ်သမားတို့မှာ အသုံးချ ခံပစ္စည်းများသဖွယ် ဖြစ်နေသည်။ ထိုင်းနိုင်ငံ လူကုန်ကူးမှု တိုက်ဖျက်ရေးတွင် တာဝန်ပေး ခြင်းခံရသော ထိုင်းရဲဗိုလ်ချုပ်ကြီး တစ်ဦးသည်ပင်လျှင် ၎င်း၏အသက်အန္တရာယ်ကြောင့် ပြည်ပနိုင်ငံတစ်ခုသို့ တိမ်းရှောင်သွားရသည်မှာ ပူပူနွေးနွေး လတ်တလော သတင်းတစ်ပုဒ် ဖြစ်သည်။
ယခုသော် ထိုအခြေအနေမျိုးဖြင့် တစ်နှစ်ကျော် ကြာညောင်းခဲ့ပြီးနောက် ဒီဇင်ဘာ ၂၄ ရက်တွင် သက်ဆိုင်ရာ တရားရုံးမှ စီရင်ချက်အ မိန့်ချမှတ်ပေတော့မည်။ ထိုင်းရှေ့နေများ အဖွဲ့ကလည်း စွပ်စွဲခံရသူ မြန်မာလူငယ်နှစ်ဦးအား အမှုမှကွင်းလုံးကျွတ် လွှတ်ပေးရန် ကြေညာချက်ထုတ် တောင်းဆိုနေပြီဖြစ်နေ လေပြီ။ ထိုသို့ တောင်းဆိုနေကြခြင်းမှာ တရားလို ရှေ့နေများဘက်မှ ကိုင်စွဲတင်ပြသော အဓိက စွပ်စွဲချက် သုံးချက်စလုံးကို တရားခံဘက်မှ ကောင်းစွာ ချေဖျက်နိုင်ခြင်းကြောင့်ဟု ဆိုသည်။
ယင်းအချက်သုံးချက်မှာ တရားခံတို့ထံမှ ရယူထားသည့် ဖြောင့်ချက်သည် တရားဥပဒေနှင့်မညီ ဒီအန်အေ စစ်ဆေးချက်နှင့်ပတ်သက်၍ ထိုင်းလူမျိုးဆရာဝန်ကြီး ဒေါက်တာဖွန်သစ်၏ ထွက်ဆိုချက်အရ အားသာခြင်းနှင့် စီစီတီဗွီ မှတ်တမ်းတို့မှာ ထိုင်းရဲတို့စွပ်စွဲထားသကဲ့သို့ မဟုတ်ခြင်းကြောင့်ဟု မြန်မာလူငယ်နှစ်ဦးဘက်မှ လိုက်ပါဆောင်ရွက်သူများက ထောက်ပြကြသည်။
(၅)
မည်သို့ပင်ဆိုစေကာမူ လတ်တလော အခြေအနေ အရပ်ရပ်အရ ထိုင်းအစိုးရနှင့် ထိုင်းတရားရုံးတို့ အနေဖြင့် မြန်မာလူငယ်နှစ်ဦးအား အမှုမှ ကွင်းလုံးကျွတ်လွှတ်ပေးမည်ဟု ကျွန်တော် မမျှော်လင့်ချေ။ သေဒဏ်မှ လွတ်ကင်းသည့်တိုင် ထောင်ဒဏ်အနည်းဆုံး ခုနစ်နှစ်မှ ၁၀ နှစ်အထိ ကျခံစေရန် အမိန့်ချမှတ်မည့် အလားအလာများရှိနေသည်။
ထို့ကြောင့် ၎င်းမြန်မာလူငယ်နှစ်ဦး ရင်ဆိုင်နေသောအမှုအတွက် အကောင်းဆုံး အထိရောက်ဆုံးသော နောက်ဆုံးထိုးစစ်မှာ၊ ဂုဏ်သိက္ခာရှိသော ပုံရိပ်ကောင်းသော မြန်မာ အစိုးတစ်ရပ်၏သံတမန်ရေး ဖိအားပေးမှုသာ ဖြစ်သည်ဟု ကျွန်တော်ထင်မြင်ယူဆသည်။အဆိုပါထိုးစစ်တွင် မြန်မာနိုင်ငံသို့ တရားမဝင် တင်သွင်းနေသော ထိုင်းမှောင်ခိုပစ္စည်းများအပေါ် ပိတ်ဆို့အရေးယူရေးနှင့် မြန်မာနိုင်ငံအတွင်း ထိုင်းတို့လက်ဦးမှုရယူထားသော စီးပွားရေး ရင်းနှီးမြှုပ်နှံမှုများကိုပါ ကန့်သတ်တားဆီးခြင်းဖြင့် ထိုးစစ်ကိုထိရောက်အောင် အရှိန်မြှင့်တင်သင့်သည်။
၎င်းထိုးစစ်တွင် ထိုင်းရှေ့နေများအဖွဲ့အပါအဝင် ထိုင်းလူအခွင့်အရေး အဖွဲ့အစည်းများ ထိုင်းနိုင်ငံရောက် ကိုယ်ကျိုးစီးပွားကင်းသော မြန်မာ့အရေးလှုပ်ရှားတက်ကြွသူများကို အားပြုသင့်ပါသည်။ ထိုအရေးတွင် ပါဝင်ဆောင်ရွက်သည့် ထိုင်းရောက်မြန်မာတို့ ရိုးသားမှုရှိရန်အထူးလိုအပ်ပါသည်။
ယခုချမှတ်မည့် အမိန့်မှာ မူလရုံး၏ စီရင်ချက်သာဖြစ်၍ အထက်တရားရုံးအဆင့်ဆင့်သို့ အယူခံနိုင်သေးသည်ဖြစ်ရာ မြန်မာနိုင်ငံတွင် တက်လာလုဆဲဆဲ အစိုးရအနေဖြင့် ထိုထိုးစစ်ကို ကောင်းစွာဆင်နွှဲနိုင်လိမ့်ဟု ယုံကြည်မျှော်လင့်မိပါ၏။
ယင်းထိုးစစ်သာ အောင်မြင်ခဲ့ပါက အဆိုပါ အောင်နိုင်မှုသည် မတရားဖမ်းဆီး တရားစွဲဆိုခြင်းခံရသော မြန်မာလူငယ်နှစ်ဦးအတွက် ခံစားထိုက်သော အခွင့်အရေးဖြစ်ရုံမျှမက ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားများနှင့် မြန်မာလူထုတစ်ရပ်လုံး၏အောင်ပွဲ အမှန်တရား၏ အောင်ပွဲဟုလည်း ဆိုနိုင်ပေလိမ့်မည်။

Most Read

Most Recent