JICA ထံမှ ချေးယူထားသည့်ငွေကို လာမည့် နှစ်ဆန်းပိုင်းတွင် ရန်ကုန်တိုင်းရှိ SMEs များအား စတင်ထုတ်ချေးရန် ရွေးချယ်ထားပြီး လုပ်ငန်းရှင်တစ်ဦးလျှင် ကျပ်သိန်း ၅၀၀၀ နှုန်းရရှိနိုင်မည်

JICA ထံမှ ချေးယူထားသည့်ငွေကို လာမည့် နှစ်ဆန်းပိုင်းတွင် ရန်ကုန်တိုင်းရှိ SMEs များအား စတင်ထုတ်ချေးရန် ရွေးချယ်ထားပြီး လုပ်ငန်းရှင်တစ်ဦးလျှင် ကျပ်သိန်း ၅၀၀၀ နှုန်းရရှိနိုင်မည်
Published 23 December 2015
သက်ထား

ဲှုJICA ( ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ) ထံမှ Two Steps Loan ဖြင့် ချေးယူသည့် ကျပ် ငါးဘီလျံကို ၂၀၁၆ ခုနှစ် ဇန်နဝါရီတွင် စတင်ချေးမည်ဖြစ်ကာ ရန်ကုန်တိုင်းရှိ အသေးစားအလတ်စား လုပ်ငန်းရှင်များကို ချေးရန်အဓိကထား ရွေးချယ်ထားကြောင်း အသေးစားအလတ်စား စက်မှုလုပ်ငန်းဖွံ့ဖြိုးရေးဘဏ် (SMIDB) အသိ ရသည်။
 
အဆိုပါ Two- Steps Loan အရ JICA  မှ အစိုးရဘဏ်သို့ လည်းကောင်း၊ အစိုးရဘဏ်မှတစ်ဆင့် ပြည်တွင်းဘဏ်များသို့ လည်းကောင်း၊ ယင်းနောက် အသေးစားအလတ်စား လုပ်ငန်းရှင်များသို့ လည်းကောင်း  ထုတ်ချေးသွားမည်ဖြစ်ကြောင်း သိရသည်။
 
“JICA ကနေ ချေးတယ်ဆိုတာက ကျွန်တော်တို့ အသေးစားအလတ်စား စက်မှုလုပ်ငန်းဖွံ့ဖြိုးရေးဘဏ် (SMIDB) အနေနဲ့ က တိုက်ရိုက်ချေးတာ မဟုတ်ပါဘူး။ မြန်မာ့စီးပွားရေးဘဏ်ကို အရင်ချေးမယ်။ အဲဒီကမှ တစ်ဆင့် SMEs လုပ်ငန်းရှင်တွေကို ဆက်လက်ချေးမှာဖြစ်ပါတယ်။ SMEs လုပ်ငန်းရှင်တွေကို ရွေးချယ်တဲ့အခါမှာလည်း ရန်ကုန်တိုင်းကို အဓိကထား ရွေးချယ်ထားတယ်။ နောက် ဒုတိယဦးစားပေးအနေနဲ့က ပဲခူးပါ။ ရန်ကုန်ကို အဓိကရွေးချယ်တယ်ဆိုတာက JICA အနေနဲ့ သူ့ရဲ့စံနှုန်းနဲ့ ညီ မညီ စစ်ချင်ရင် စစ်လို့ရအောင် အနီးစပ်ဆုံး ရန်ကုန်ကို ရွေးချယ်ထားတာပါ” ဟု SMIDB ဘဏ်မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။
 
အသေးစားအလတ်စား လုပ်ငန်းရှင်များအား ချေးငွေထုတ်ချေးခြင်းကို တစ်ဦးလျှင် ကျပ် သိန်း ၅၀၀၀ကို ထုတ်ချေးပေးမည်ဖြစ်ကြောင်း SMIDB ဘဏ်မှ သိရသည်။
 
“JICA က အစိုးရကို ချေးမယ်။အစိုးရကနေ SMIDB ဘဏ်ကို လေးရာခိုင်နှုန်းနဲ့ ချေးမယ်။ SMIDB ဘဏ်ကနေ ဂျပန်အဖွဲရဲ့ သဘောတူညီချက်နဲ့ အသေးစားအလတ်စား လုပ်ငန်းရှင်တွေကို ရှစ်ရာခိုင်နှုန်းနဲ့ပြန်ချေးမယ်။ ပြန်ချေးတဲ့ အခါမှာလည်း ဘယ်လိုလုပ်ထားလဲဆိုတော့ အပေါင်ပစ္စည်းကို ကြည့်ပြီးတော့ပဲ ချေးတာဖြစ်ပါတယ်” ၎င်းက ဆိုသည်။ 
 
အသေးစားအလတ်စား လုပ်ငန်းများအား ချေးငွေချေးရာတွင် စည်းကမ်းချက်များ သတ်မှတ်ထားကာ ပတ်ဝန်းကျင်ဆိုင်ရာ ထိန်းသိမ်းမှုများကို လုပ်ဆောင်ရမည့်အပြင်  Business plan  ကောင်းကောင်းပြနိုင်သည့် လုပ်ငန်းရှင်များကို ရွေးချယ်ချေးပေးကြောင်း သိရသည်။
 
အသေးစားအလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရန်အတွက် ငွေကြေးအရင်းအနှီးရရှိမှု၊ နည်းပညာလိုအပ်မှုနှင့် ဈေးကွက်ရရှိရန်တို့မှာ အဓိကလိုအပ်ချက် ဖြစ်နေကြောင်းလည်း အသေးစားအလတ်စား လုပ်ငန်းရှင်များထံမှ သိရသည်။
 
စက်မှုဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များအရ မြန်မာနိုင်ငံတွင် မှတ်ပုံတင်ထားသည့် SMEs လုပ်ငန်းပေါင်း ၁၂၀၀၀၀ ကျော်ရှိနေပြီး မြန်မာ့စီးပွားရေးလုပ်ငန်းများ၏ ၉၉ ရာခိုင်နှုန်းကျော်ရှိကြောင်း သိရသည်။         

Most Read

Most Recent