ထမင်းဆိုင်

ထမင်းဆိုင်
Published 23 December 2015
မျိုးကို

မှတ်မှတ်ရရ ထမင်းဆာသည့်အချိန် ပထမဦးဆုံးစပြီး စားဖြစ်သည့် ဆိုင်က ထမင်းဆိုင် မဟုတ်ဘဲ ခေါက်ဆွဲဆိုင် ဖြစ်နေခဲ့သည်။ ထိုစဉ်က မော်ဓောမြင်သာခေါ် ရွှေဘိုမြို့ဒေါင့် (ထောင့်) စေတီဘုရားပွဲတော်သို့ သွားရောက်လည်ပတ်ဖို့ အမေက ကျွန်တော်တို့ ညီအစ်ကို သုံးယောက်အတွက် ငွေကျပ် တစ်ရာတိတိ ထုတ်ပေးလိုက်သည်။ အစ်ကို အကြီးဆုံးက ငွေကိုင်။ ယခုလက်ရှိ ငွေဈေးနှင့်ဆိုလျှင် အကြော်နှစ်ခု သုံးခုလောက်သာ ဝယ်လို့ရနိုင်မည် ဖြစ်သော်လည်း ထိုစဉ်က ငွေတစ်ရာမှာ တော်တော်လေး အသုံးခံခဲ့ပါသည်။ရွာမှ တစ်ဆယ့်နှစ်မိုင်ဝေးသော ရွှေဘိုသို့ နေ့ချင်းပြန်ပြေးဆွဲသည့် လိုင်းကားစီးပြီး ညီအစ်ကိုသုံးယောက် ပျော်ပျော်ကြီး မြို့တက်ကြသည်။ ဟိုရောက်တော့ စတိုင်အပြည့် ထုတ်ကာ မြို့လယ်က “စိန်ကောင်း” စားသောက်ဆိုင်မှာ တစ်ပွဲ ငါးကျပ်နှုန်းဖြင့် ခေါက်ဆွဲကြော် ဝင်စားကြသည်။ ထိုင်စောင့်နေတုန်း တစ်ဖက်စားပွဲက စားနေသူတွေကို အကဲခတ်လိုက်တော့ ခေါက်ဆွဲကြော် ပန်းကန်ထဲက ဝက်အူချောင်းကြော်ကို ခက်ရင်းနှင့် ထိုးပြီး စားနေကြသည်ကို တွေ့လိုက်သဖြင့် သူတို့ကို အတုယူကာ ကိုယ့်ဆီရောက်လာသော ခေါက်ဆွဲကြော် ပန်းကန်ထဲက နှစ်ဆစ်လောက်ရှိမည့် ဝက်အူချောင်းကြော်ကို စားဖို့ ခက်ရင်းနှင့် ထိုးလိုက်တော့ ကန့်လန့်မထိုးဘဲ အလျားလိုက် ထိုးမိသဖြင့် မောင်မင်းကြီးသားက စိတ်ကွက်ကာ အစားမခံတော့ဘဲ ပန်းကန်ထဲမှ ကပျာကယာ ခုန်ဆင်းသွားသည်။ အစ်ကိုလတ်က အတတ်ဆန်းရပါမည်လားဟု ကျွန်တော့်ကို မျက်စောင်းထိုး၏။ခေါက်ဆွဲကြော် စားပြီးတော့ ဘုရင့်ရုံမှာ တစ်ကျပ်ခွဲတန်းမှ ရုပ်ရှင်ဝင်ကြည့်ကြသည်။ ဘုရင့်ရုံ ဆိုသဖြင့် နိုင်ငံ အကြီးအကဲကြည့်သော ရုပ်ရှင်ရုံ မဟုတ်။ ဝင်းရုံ၊ မင်းသီဟရုံ၊ ဘုရင့်ရုံဟူသည့် ရုပ်ရှင်ရုံတွေထဲက တစ်ခုသာလျှင် ဖြစ်၏။ ပြသနေသည်က ကျော်ဟိန်း၊ ညွန့်ဝင်းနှင့် ခင်သန်းနုတို့ ပါဝင်သော “ဘတစ်ပြန် ကျားတစ်ပြန်” ဇာတ်ကား။ ဘဝမှာ ပထမဆုံး အကြိမ်အဖြစ် စားချင်တာ စားပြီး လုပ်ချင်တာ လုပ်ခဲ့ရခြင်း ဖြစ်သည်။ ရုပ်ရှင် အပြီးမှာ “တောသားမြို့ရောက် ဖာလူဒါသောက်” ဆိုသလို ညီအစ်ကိုသုံးယောက် အအေးဆိုင်ထိုင်ပြီး ဖာလူဒါ သောက်ကြသည်။ နောက်မြို့ထဲ ဟိုသွား ဒီသွား သွား။ ညရောက်တော့ ဇာတ်ပွဲကြည့်ပြီး နောက်တစ်ရက်မနက် အိမ်ပြန်။ ဘဝမှာ ဘယ်တော့မှ မေ့မရနိုင်သည့် နေ့ရက်တစ်ရက်။ဒုတိယအကြိမ် စားဖူးသည်ကတော့ မန္တလေးဘူတာကြီး အနီးက ထမင်းဆိုင်မှာ။ ဒသမတန်း အောင်မြင်ပြီး တက္ကသိုလ် မတက်ခင်လေးမှာ ဘထွေး (အဖေ၏ညီ) နှင့်အတူ မန္တလေးသွားစဉ် ကစားခြင်းဖြစ်သည်။ တစ်ဦးလျှင် အဝစား ငါးကျပ်နှုန်းဖြင့် တူအရီးနှစ်ယောက် ပေးရကျိုးနပ်အောင် အားရပါးရ လွေးခဲ့ကြသည်။ ဟင်းကတော့ ထိုစဉ်က ရွာတွေမှာ ဧည့်ကောင်းစောင်ကောင်းရှိမှသာ တကူးတက ချက်ကျွေးလေ့ရှိသည့် ကြက်သားဟင်း။မြောင်းမြ၌ အလုပ်စဝင်တော့ ရောက်ခါစ ရက်တွေမှာ ဝန်ထမ်းတစ်ဦး၏ ညွှန်းဆိုချက်အရ ဈေးထဲက မြသီတာ ထမင်းဆိုင်တွင် ထမင်းစားဖြစ်သည်။ အောက်ပြည်အောက်ရွာ ရောက်ခါစဆိုတော့ အညာမှာ ဘုန်းကြီးပွဲ ကျလောက်ဖြင့်သာ ကျေနပ်ခဲ့ရသည့် ငါးသလောက်ဟင်းကို ဖောခြင်းသောခြင်း အနပ်တိုင်းလိုလို စားဖြစ်ခဲ့သည်။ တစ်ခါတလေ ညဈေးတန်းမှာ သွားစားသည့် ငါးသလောက်ဥ နိုင်းချင်းနှင့် စွဲမက်ဖွယ် ထမင်းကြော်ကိုလည်း ယခုထက်တိုင် သတိရမိသေးတော့။ မြစ်ဝေးချောင်းဝေး ရွှေဘိုသားက မြစ်ကြားချောင်းကြားမှာ ငါးသလောက်ဟင်းနှင့် လျှာအရသာ ကြီးပွားနေသည်ကို အညာက သူငယ်ချင်းတွေ ကြားလို့ကတော့ မနာလို တိုရှည်တွေ ဖြစ်ကုန်ရော့မည်။ အခုတော့လည်း ငါးသလောက်ဥ မပြောနှင့် ငါးသလောက်ကိုပင် ကြီးကြီးမားမား တွေ့ရဖို့ ခဲယဉ်းလာ၏။ဘွဲ့လွန်နောက်ဆုံးနှစ် စာမေးပွဲကို မန္တလေးဆေးကျောင်းမှာ သွားဖြေရတော့ အတူသွားဖြေကြသည့် သူငယ်ချင်းတစ်တွေ ဇီဇဝါဆောင်ရှေ့က “ပန်းမဥ ္ဇူ” မှာ မန္တလေး ထမင်းဟင်းကို အပြိုင်အဆိုင် အားပေးခဲ့ကြသည်။ အများသူငါ စားသောက်နိုင်ရန် အလို့ငှာ ဈေးနှုန်းက သင့်တင့်သလို အရသာကလည်း သိပ်မဆိုး။ ဆိုင်မှာရှိသည့် ဟင်းတချို့အနက် ဝက်သားနှင့် ပုန်းရည်ကြီး ရောချက်ထားသော ဆိုင်အခေါ် ဝက်ပုန်းက စားလို့ အဆင်ပြေသဖြင့် မကြာခဏ စားဖြစ်သည်။ စာမေးပွဲ ဖြေနေသော်ငြား နောက်ဆုံးနှုတ်ဖြေ ဖြေရသည့် ရက်ကလွဲပြီး ထမင်းစား မပျက်လှသဖြင့် စာမေးပွဲဖြေပြီး အပြန်မှာ ဝလာကြောင်း ရန်ကုန်ဆေးကျောင်းမှ မိတ်ဆွေတွေက ချီးမွမ်းထောမနာ ပြုကြသည်။ တစ်အုပ်စုလုံး စာမေးပွဲ အောင်သွားလို့သာ တော်တော့၏။ မဟုတ်လို့ကတော့ အတော်များများ မေးငေါ့ခံရမည့်ကိန်း။မကြာသေးမီက ရန်ကုန်မှာ သင်တန်း နှစ်လ တက်စဉ်အတွင်း လမ်းဘေး ထမင်းဆိုင်လေးတွေမှာ ဝမ်းရေးကို ဖြေရှင်းရသည်။ အဓိက ဟင်းလျာအပြင် ဟင်းရံတစ်ပွဲနှင့် ထမင်းလိုက်ပွဲတစ်ပွဲ စုစုပေါင်းမှ မြန်မာငွေ တစ်ထောင်ကျပ်သာ ကျသင့်သည်မို့ အတော်ကလေး စားပျော်ပါ၏။ ခက်သည်မှာ ဆိုင်အများစုက အမှိုက်ပုံး မထားခြင်းဖြစ်သည်။ ရှိသမျှ အမှိုက်ကို မြောင်းထဲ ပစ်ချလိုက်၊ တံမြက်စည်းဖြင့် လှည်းချလိုက်။ လမ်းဘေးရေမြောင်းကိုပင် လူတကာ အမှိုက်ပစ်စရာ အမှိုက်ပုံး အကြီးစားဟု သဘောထားလေသလားမသိ။ထမင်းဆိုင်နှင့် ပတ်သက်ပြီး မှတ်မှတ်ရရ ဖြစ်သည်ကတော့ မန္တလေး-မြစ်ကြီးနား ရထားလမ်းနံဘေးမှ ထမင်းဆိုင်ဖြစ်သည်။ ဘွဲ့လွန်ဝင်ခွင့် စာမေးပွဲ အောင်မြင်သဖြင့် စစ်ကိုင်းတိုင်း အထက်ပိုင်းရှိ ဂျိုးထောင်တိုက်နယ် ဆေးရုံကနေ ရန်ကုန်ဆေးတက္ကသိုလ် (၂) သို့ အပြီး ပြောင်းလာစဉ် လမ်းမှာ ရထား ခဏရပ်ခိုက် ရထားပေါ်မှာစားဖို့ ထမင်းထုပ် ဝယ်ဖြစ်သည်။ ရပ်ရပ်ချင်း မဝယ်မိဘဲ တစ်အောင့်ကြာမှ ဘူတာရုံဆိုင်းဘုတ် ကြည့်လိုက်တော့ ထမင်းဟင်းကောင်းသည်ဆိုသည့် နေရာ ဖြစ်နေသဖြင့် ကတိုက်ကရိုက်ဆင်းပြီး ဝယ်ရသည်။ ထမင်းထုပ်ယူပြီးသည့်နောက် ဆိုင်ရှင်က အကြွေမရှိသလို ဟိုရှာဒီရှာ။ ရထားဘီး စလိမ့်သည်အထိ ပြန်အမ်းငွေ မရသေး။ စောင့်နေရင်းကနေ ရထားက အရှိန်နည်းနည်း ရလာသဖြင့် အမ်းငွေ မယူဘဲ ရထားပေါ်သို့ ဒရောသောပါး ပြေးတက်ခဲ့ရသည်။ ကံကြီးလွန်းလို့သာ ရထားဘီးအောက် မရောက်ခဲ့ခြင်း။ငယ်စဉ် ထမင်းဆိုင်တွေမှာ ထမင်းစားတော့ ဈေးနှုန်းနှင့် အရသာကိုသာ အလေးထား ဖြစ်သည်။ အရွယ်လေး ရလာတော့ ဒီအချက်တွေအပြင် ထမင်းဆိုင်ကောင်းတို့၏ အခြား အရည်အချင်းတွေကိုပါ သတိထားမိတတ်လာခဲ့၏။ ပျူငှာဖော်ရွေမှုအပြင် အဆင်အပြင် သပ်ရပ်သန့်ရှင်းမှု၊ အမှိုက်ပုံးထားရှိမှု၊ နောက် အရေးကြီးဆုံး အချက်က အိမ်သာ သန့်ရှင်းမှု။ ပျူငှာဖော်ရွေမှုမှာ ဆိုဖွယ်ရာ မရှိသော်လည်း သန့်ရှင်းရေး အပိုင်းမှာတော့ ဆိုင်တော်တော်များများ အားနည်းကြသည်။ အထူးသဖြင့် ကားလမ်းနံဘေးက ဆိုင်တွေ။ (မီးရထား ဘူတာရုံနှင့် သင်္ဘောဆိပ်က ဆိုင်တွေလည်း ပါမည်ထင်၏။)တကယ်တော့ အထိုက်အလျောက် ဈေးကြီးသည်ကို ခရီးသွား အများစုက လက်ခံနိုင်မည်ဟု ထင်ပါသည်။ ရန်ကုန်-မန္တလေး အမြန်လမ်း သွားဖူးသူတိုင်းက ခရီးသွားလျှင် အစားအသောက် ဈေးကြီးသည်ကို ကျင့်သားရနေလောက်ပြီ။ ခက်သည်က ဈေးနှုန်းနှင့် ပြောင်းပြန် အချိုးကျနေသော အရသာနှင့် ဝန်ဆောင်မှုဖြစ်သည်။ ခရီးသွားတို့ အိတ်ကပ်ထဲကနေ မတန်တဆ နှိုက်ယူထားပြီးသည့်နောက် မိမိဘက်က ဝန်ဆောင်မှုကတော့ အားနာပါးနာလေးပဲဖြစ်ဖြစ် အတန်အသင့် ကောင်းသင့်ပါသည်။ဒီလို ဝန်ဆောင်မှု အားနည်းသည့် ဆိုင်တွေကြားထဲမှာ သန့်ရှင်းသပ်ရပ်ပြီး ဝန်ဆောင်မှု ကောင်းမွန်သည့် ဆိုင်လေးတစ်ဆိုင်ကိုတော့ မြန်မာပြည်မြောက်ပိုင်းမှာ တွေ့ခဲ့ဖူးသည်။ ပူတာအိုသွားဖို့ မြစ်ကြီးနားမှာ လေယာဉ်စောင့်နေသည့် ရက်များအတွင်း စားဖြစ်ခဲ့သော၊ တည်းခိုခန်းနှင့် မနီးမဝေးက ထမင်းဆိုင်ကလေးဖြစ်သည်။ ဗာဒံပင်ရိပ်မှာ ဆိုင်ဖွင့်ထားသည်မို့ ထမင်းစားရသည်က အေးအေးလူလူ။ မှန်မှန် အမှိုက်လှည်းသဖြင့် ခုခေတ် ထမင်းဆိုင်တွေလို ရှုပ်ပွနေတာမျိုးလည်း မရှိ။ အရသာကောင်းသလို ဈေးနှုန်းကိုလည်း ညှိနှိုင်းလို့ရသည်။ စားပြီးတိုင်း စားသုံးသူကို စိတ်ကျေနပ်မှု အပြည့်အ၀ ပေးစွမ်းနိုင်သည့် ဆိုင်ကလေး။သမုဒ္ဒရာ ဝမ်းတစ်ထွာအတွက် ပြေးပြေးလွှားလွှား သွားလာလှုပ်ရှားနေကြရသည့် လူ့ဘဝကြီးမှာ အားလုံးအတွက် မဟုတ်လျှင်တောင် အလယ်အလတ်နှင့် အောက်ခြေလူတန်းစားတို့အတွက် လမ်းဘေးထမင်းဆိုင်လေးတွေက မရှိမဖြစ် လိုအပ်နေဦးမည်သာ ဖြစ်သည်။ စင်တင်တေးဂီတနှင့် တွဲလျက် အရသာမျိုးစုံ ပေးစွမ်းနိုင်သည့် အထက်တန်းလွှာ စားသောက်ဆိုင်တွေ အပြိုင်းအရိုင်း မရှိလျှင် နေပါစေ။ အရသာ ပြည့်ဝပြီး ဈေးနှုန်းလည်း ချိုသာကာ ဝန်ဆောင်မှု ကောင်းမွန်သည့် မေတ္တာအရင်းခံ ထမင်းဆိုင်လေးများပေါ် ထွန်းလာလျှင် နတ်လူသာဓုခေါ်ကြလိမ့်မည်ဟု ထင်သည်။

Most Read

Most Recent