ပြည်နယ် ဝန်ကြီးချုပ်များအား NLD မှ ရွေးချယ်ခံထားရသည့် တိုင်းရင်းသားများကို ခန့်အပ်ရန် စီစဉ်ထား

ပြည်နယ် ဝန်ကြီးချုပ်များအား NLD မှ ရွေးချယ်ခံထားရသည့် တိုင်းရင်းသားများကို ခန့်အပ်ရန် စီစဉ်ထား
Published 22 December 2015
ကျော်ဇင်ဝင်း

ပြည်နယ်ဝန်ကြီးချုပ်များအား အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ရွေးချယ်ခံထားရသည့် တိုင်းရင်းသား ကိုယ်စားလှယ်များကို ခန့်အပ်ရန် စီစဉ်ထားကြောင်း ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါ်နန်းခင်ထွေးမြင့်က ပြောကြားသည်။
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် တိုင်းဒေသကြီးများရှိ လွှတ်တော်များတွင် နေရာအများအပြား အနိုင်ရရှိခဲ့သည့်အပြင် ပြည်နယ်လွှတ်တော် အများစုတွင်လည်း နေရာအများအပြား အနိုင်ရရှိခဲ့ကာ ရခိုင်ပြည်နယ် လွှတ်တော်နှင့် ရှမ်းပြည်နယ် လွှတ်တော်တွင်မူ နေရာအနည်းငယ် အနိုင်ရရှိသဖြင့် ပြည်နယ်ဝန်ကြီးချုပ်များအား မည်သို့ ရွေးချယ်ခန့်အပ်မည်ကို သိရှိလိုကြောင်း မေးမြန်းမှုအပေါ် ပြောကြားခဲ့ခြင်း ဖြစ်သည်။
"အဓိက,ကတော့ အန်တီတို့ NLD  က အဖွဲ့ဝင် တိုင်းရင်းသားကို ဦးစားပေးမယ်။ အကုန်လုံး NLD ကပဲ ဝန်ကြီးချုပ် ပေးပါမယ်။ ဘာဖြစ်လို့လဲဆိုတော့ အစိုးရဖွဲ့ချင်လို့ အစိုးရဖွဲ့နိုင်အောင်လို့ တစ်ချိန်လုံး ပြည်သူလူထုကိုပြောခဲ့တာ စည်းရုံးခဲ့တာလေ"ဟု ဒေါ်နန်းခင်ထွေးမြင့်က ပြောကြားသည်။
ထို့ပြင် ရခိုင်ပြည်နယ် လွှတ်တော်တွင် ၃၄ နေရာနှင့် ချင်းတိုင်းရင်းသားလူမျိုး ကိုယ်စားလှယ်တစ်နေရာ စုစုပေါင်း ၃၅ နေရာတွင် NLDမှ ရှစ်နေရာသာ အနိုင်ရရှိထားပြီး ရခိုင်ပြည်နယ် အခြေပြု ရခိုင်အမျိုးသားပါတီမှာ ၂၂ နေရာ အနိုင်ရရှိထားသော်လည်း ရခိုင်ပြည်နယ် ဝန်ကြီးချုပ်အား NLD ပါတီဝင် ရွေးချယ်ခံ တိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ်ကိုသာ ခန့်အပ်မည့် အခြေအနေ ဖြစ်သည်။
"NLD က ရခိုင်ရှိရင် NLDကို ခန့်ကို ခန့်မယ်။ ခုနတုန်းက ပြောပြီးပြီလေ။ အန်တီတို့ကို ပြည်သူလူထုကို အစိုးရဖွဲ့ဖို့ဆိုတာ အန်တီတို့ ဝန်ကြီးချုပ်ဖြစ်မှ အစိုးရဖွဲ့လို့ရမှာလေ။ NLD အစိုးရဖွဲ့လို့ရမှာ။ ဒါမှအလုပ်လုပ်လို့ ရမှာလေ"ဟု ဒေါ်နန်းခင်ထွေးမြင့်ကဆိုသည်။သို့ရာတွင် ပြည်နယ်အစိုးရအဖွဲ့တွင်မူ ပူးပေါင်း ဆောင်ရွက်ရန်ရှိသည့်အတွက် အခြားတိုင်းရင်းသားပါတီများမှ ရွေးချယ်ခံ လွှတ်တော်ကိုယ်စားလှယ်များ ပါဝင်လာဖွယ်ရှိကြောင်း ၎င်းကပြောကြားသည်။
တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်အား ခန့်အပ်ရာတွင် နိုင်ငံတော်သမ္မတသည် သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များထဲမှ သတ်မှတ်ထားသည့် အရည်အချင်းများနှင့် ပြည့်စုံသော သင့်လျော်သည့် လွှတ်တော်ကိုယ်စားလှယ် တစ်ဦးအား ရွေးချယ်ရမည်ဖြစ်ပြီး အဆိုပါ  လွှတ်တော်ကိုယ်စားလှယ်၏ အမည်စာရင်းကို သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်သို့ ပေးပို့လျက် သဘောတူညီချက်ရယူကာ ဝန်ကြီးချုပ်အဖြစ် ခန့်အပ်ရမည်ဖြစ်ကြောင်း ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ပြဋ္ဌာန်းထားသည်။
ထို့အတူ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်အတွက် သတ်မှတ်ထားသော အရည်အချင်းများနှင့် မပြည့်စုံကြောင်း အထင်အရှား မပြနိုင်ပါက တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်သည် နိုင်ငံတော်သမ္မတက အမည်စာရင်း တင်သွင်းသည့် လွှတ်တော်ကိုယ်စားလှယ်အား ဝန်ကြီးချုပ်အဖြစ် ခန့်အပ်တာဝန်ပေးရန် ငြင်းပယ်ခွင့်မရှိကြောင်းလည်း ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပြဋ္ဌာန်းချက် ပါဝင်သဖြင့် သမ္မတမှ ရွေးချယ်ခန့်အပ်သည့် ဝန်ကြီးချုပ်အား တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်များ အနေဖြင့် ငြင်းပယ်ရန်မှာ မလွယ်ကူသည့် အခြေအနေဖြစ်သည်။
ထိုသို့ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်အား သက်ဆိုင်ရာ လွှတ်တော်များမှ ခန့်အပ်ခွင့်မရှိသဖြင့် ၂၀၁၅ ခုနှစ်အတွင်း ပြည်ထောင်စုလွှတ်တော်တွင် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ဆွေးနွေးရာ၌ တိုင်းရင်းသားပါတီများက ဝန်ကြီးချုပ်အား သက်ဆိုင်ရာ လွှတ်တော်မှ ခန့်အပ်ခွင့်ရရှိရေး ပြင်ဆင်ချက်များ တင်သွင်းခဲ့သော်လည်း မဲခွဲဆုံးဖြတ်ရာတွင် ရှုံးနိမ့်ခဲ့၍ ပြင်ဆင်နိုင်ခဲ့ခြင်းမရှိပေ။ လက်ရှိ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ ပြည်နယ်အစိုးရအဖွဲ့၏ လုပ်ပိုင်ခွင့် အများအပြားမှာ ကန့်သတ်ထားပြီး ပြည်ထောင်စု အစိုးရအဖွဲ့တွင်သာ အဓိက လုပ်ပိုင်ခွင့်ရှိသည့် အခြေအနေဖြစ်သည်။
NLD က ဖွဲ့စည်းမည့် အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်ဝန်ကြီးချုပ်များအား ပြည်နယ်အခြေပြု တိုင်းရင်းသား ပါတီထဲကဖြစ်စေ၊ NLD ထဲကဖြစ်စေ ရွေးချယ်ပါက ပြည်နယ်အတွင်း နေထိုင်သည့် သက်ဆိုင်ရာ တိုင်းရင်းသားလူမျိုး၊ လူမှန်နေရာမှန်နှင့် အုပ်ချုပ်ရေး ကျွမ်းကျင်သူဖြစ်နိုင်ပါက  ပိုမိုကောင်းမွန်မည် ဖြစ်ကြောင်း ကရင်အမျိုးသားပါတီ အတွင်းရေးမှူး(၁)မန်းမြင့်စိုးက ပြောကြားသည်။
"အန်တီစု ရင်ကြားစေ့ရေးက အဓိက တပ်မတော်နဲ့ ရင်ကြားစေ့ရေးပဲပြောတာ။  တိုင်းရင်းသားနဲ့ ရင်ကြားစေ့ရေးဆိုတာ တစ်ကယ်လုပ်နိုင်ပါ့မလား။ ဥပမာကတော့ တပ်မတော်နဲ့ ထိပ်တိုက် ပဋိပက္ခဖြစ်တာကို နောက်တစ်ခုက ငြိမ်းချမ်း ရေးအဖွဲ့အစည်းတွေပေါ့။ ဒါလည်း လက်နက်ကိုင် အဖွဲ့အစည်းဆိုတာ ရင်ကြားစေ့ရေး သွားရမယ်။ အခုကတော့ အားလျော့နေတာကတော့ တိုင်းရင်းသားပါတီတွေပေါ်မှာ သူ့ရဲ့သဘောထားပေါ့။ တိုင်းရင်းသားပါတီတွေက လက်နက်လည်းမရှိဘူးဗျာ။ အာဏာမရှိဘူးဗျာ။ အဲဒီအပေါ်မှာ သူ့ရဲ့ဆက်ဆံပုံက  အပေါ်စီးနဲ့ ဆက်ဆံမလား။ ဒါမှမဟုတ်လည်း သူ့ရင်ကြားစေ့ရေးဆိုတာ တိုင်းရင်းသား ပါတီတွေပေါ်မှာ သဘောထား ကြီးမလားဆိုတာ သူ့ပေါ်မှာ မူတည်တယ်ဗျာ"ဟု မန်းမြင့်စိုးက ပြောကြားသည်။
တစ်ပါတီ အာဏာရှင်ဖြစ်သည့် မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ အစိုးရလက်ထက်တွင် တိုင်းရင်းသား ဒေသ ပြည်နယ်များ၌ ကောင်စီဥက္ကဋ္ဌ ရာထူးများကို ပါတီတွင်းမှ တိုင်းရင်းသားများအား ခန့်အပ်မှုများ ရှိခဲ့သည်။  ထို့အတူ သမ္မတဦးသိန်းစိန် အစိုးရ လက်ထက်တွင်လည်း ပြည်နယ်ဝန်ကြီးချုပ် အများစုအား ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင် တိုင်းရင်းသားများအား ခန့်အပ်မှုများ ရှိခဲ့သည်။ အဆိုပါနည်းလမ်းများဖြင့် အမျိုးသား ပြန်လည်သင့်မြတ်ရေးကို ဖော်ဆောင်နိုင်ခြင်း မရှိသည့်အချိန်တွင် မဆလ၊ ပြည်ခိုင်ဖြိုး၊ စစ်အာဏာရှင်များကဲ့သို့ ယခုအခါ ရွေးကောက်ပွဲအနိုင်ရ NLD ပါတီအနေဖြင့်လည်း တိုင်းရင်းသားဒေသ ပြည်နယ်များတွင် တိုင်းရင်းသား ပါတီစစ်စစ်မှ မဟုတ်ဘဲ ပါတီဝင်များကို တာဝန်ပေး ခန့်အပ်လာဖွယ် ရှိကြောင်း သိရသည်။            

Most Read

Most Recent