ရွှေပြည်သာမြို့နယ်၌ အမျိုးသားတစ်ဦးက စက်ရုံတစ်ခုတွင် အလုပ်ရမည်ဟု နဝမတန်း ကျောင်းသူ တစ်ဦးအား လိမ်ညာ ခေါ်ဆောင်ကာ သားမယား ပြုကျင့်မှု နိုဝင်ဘာ ၂၈ ရက်က ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။ဖြစ်စဉ်မှာ နိုဝင်ဘာ ၂၃ ရက် မွန်းလွဲ ၁ နာရီ အချိန်ခန့်က ပျော်ဘွယ်မြို့နယ် မန္တလေးတန်း ရပ်ကွက်နေ မ...... (၁၅) နှစ်သည် ၎င်း၏ နေအိမ်၌ ရှိနေစဉ် ယခင်က သိကျွမ်းခဲ့သူ ပျော်ဘွယ်မြို့ ပြည်သာယာ ရပ်ကွက်နေ ကို.... (၂၃) နှစ်မှ ဖုန်းဖြင့် ဆက်သွယ်ပြီး ရန်ကုန်မြို့ရှိ အထည်ချုပ်စက်ရုံ တစ်ခုတွင် အလုပ်ရရှိမည်ဟု ပြောဆိုခဲ့ကြောင်း၊ ယင်းနောက် နိုဝင်ဘာ ၂၇ ရက်တွင် ရန်ကုန်သို့ လာရန်အတွက် ကို...... (၂၃) နှစ်က ပျော်ဘွယ်-ရန်ကုန် ကားလက်မှတ်အား ဖြတ်ပေးခဲ့ကြောင်း ရဲမှုခင်း မှတ်တမ်းများအရ သိရသည်။ယင်းနောက် မ...... (၁၅) နှစ်က နိုဝင်ဘာ ၂၈ ရက်တွင် ရန်ကုန်မြို့ရှိ အောင်မင်္ဂလာ ကားဂိတ်သို့ ရောက်ရှိခဲ့ကာ ကို..... (၂၃) နှစ်က လာရောက် ကြိုခဲ့ပြီး ၎င်းနေထိုင်ရာ ရွှေပြည်သာမြို့နယ် ဘုံရှည်ကုန်း ကျေးရွာရှိ နေအိမ်သို့ ခေါ်ဆောင်သွားခဲ့ကြောင်း သိရသည်။ထိုသို့ ခေါ်ဆောင်သွားပြီး မ..... (၁၅) နှစ်အား နောက်နေ့မှ စက်ရုံသို့ ပို့ပေးမည်ဟု ပြောဆိုကာ အလိုမတူဘဲ သားမယား ပြုကျင့်ခဲ့ကြောင်း၊ ထို့နောက် နိုဝင်ဘာ ၂၈ ရက်မှ ဒီဇင်ဘာ ၁၄ ရက်ထိ စက်ရုံသို့ ပို့ဆောင်ပေးခြင်း မရှိဘဲ သားမယားအဖြစ် အကြိမ်ကြိမ် ပြုကျင့်ခဲ့ကြောင်း ရဲမှုခင်း မှတ်တမ်းများအရ သိရသည်။ယင်းနောက် ဒီဇင်ဘာ ၁၅ ရက်တွင် မ..... (၁၅) နှစ်က ၎င်း၏ ဖခင်ဖြစ်သူအား ဖုန်းဖြင့် ဆက်သွယ်ပြီး လာရောက် ခေါ်ဆိုခိုင်းခဲ့သဖြင့် ဖခင်ဖြစ်သူက လာရောက် ခေါ်ဆိုခဲ့ကာ သက်ဆိုင်ရာသို့သွားရောက် တိုင်ကြားခဲ့ကြောင်း သိရသည်။အဆိုပါ ဖြစ်စဉ်အား လှော်ကားနယ်မြေ ရဲစခန်းမှ (ပ) ၄၉၁/၁၅ ပြစ်မှုပုဒ်မ ၃၇၆ ဖြင့် အမှုဖွင့်ကာ ကို..... (၂၃) နှစ်အား ဖမ်းဆီး စစ်ဆေးလျက်ရှိကြောင်း သိရသည်။
စက်ရုံတစ်ခု၌ အလုပ်ရမည်ဟု နဝမတန်းကျောင်းသူ တစ်ဦးအား လိမ်ညာ ခေါ်ဆောင်ကာ သားမယား ပြုကျင့်မှု ရွှေပြည်သာမြို့နယ်တွင် ဖြစ်ပွား