တပ်မတော် ထိပ်ပိုင်း ခေါင်းဆောင်တစ်ဦးကို ပုတ်ခတ်သည့်ဓာတ်ပုံ Facebook တွင် ဖြန့်ဝေသည်ဟုဆိုကာ တရားစွဲခံရသူအား စွဲချက်တင်သင့် မတင်သင့် ဒီဇင်ဘာ ၂၄ ရက် အမိန့်ချမည်

တပ်မတော် ထိပ်ပိုင်း ခေါင်းဆောင်တစ်ဦးကို ပုတ်ခတ်သည့်ဓာတ်ပုံ Facebook တွင် ဖြန့်ဝေသည်ဟုဆိုကာ တရားစွဲခံရသူအား စွဲချက်တင်သင့် မတင်သင့် ဒီဇင်ဘာ ၂၄ ရက် အမိန့်ချမည်
Published 21 December 2015
ကြည်နိုင်

တပ်မတော် ထိပ်ပိုင်း ခေါင်းဆောင် တစ်ဦးကို ပုတ်ခတ်သည့် ဓာတ်ပုံအား Facebook တွင် ဖြန့်ဝေသည်ဟုဆိုကာ မရမ်းကုန်းမြို့နယ် တရားရုံး၌ တရားစွဲ ခံထားရသော အမျိုးသားအမှု စွဲချက်တင်သင့် မတင်သင့် ဒီဇင်ဘာ ၂၄ ရက်တွင် အမိန့်ချမည် ဖြစ်ကြောင်း မရမ်းကုန်းမြို့နယ် တရားရုံးမှ သိရသည်။တရားစွဲဆို ခံထားရသူမှာ မရမ်းကုန်းမြို့နယ်နေ ဦးဇော်မျိုးညွန့် ဆိုသူဖြစ်ပြီး တရားလိုအဖြစ် တရားစွဲဆိုသူမှာ ရန်ကုန်တိုင်း စစ်ဌာနချုပ်မှ ဒုတိယ ဗိုလ်မှူးကြီး စိုးဝင်းမော်ဖြစ်ကြောင်း သိရသည်။အဆိုပါ အမှုကို ဒီဇင်ဘာ ၂၁ ရက်က ရုံးချိန်း ခေါ်ယူရာတွင် နှစ်ဖက် ရှေ့နေများက အမှုစစ် တရားသူကြီးထံ စွဲချက်လျှောက်လဲပြီးနောက် တရားသူကြီးက စွဲချက်တင် အမိန့် ချမှတ်ရန် ဒီဇင်ဘာ ၂၄ ရက်သို့ ပြန်လည် ချိန်းဆိုခဲ့ခြင်း ဖြစ်သည်။“ဦးဇော်မျိုးညွန့်ကို စွပ်စွဲထားတဲ့ ပုဒ်မနှစ်ခုရှိတယ်။ တစ်ခုက ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ - ၅၀၅ (ခ) ဒါက သီးခြားတစ်မှု၊ နောက်တစ်ခုက ဆက်သွယ်ရေး ဥပဒေ ပုဒ်မ-၆၆ (ဃ)၊ အဲဒီနှစ်မှုစလုံးကို တရားလိုနဲ့ တရားလိုပြ သက်သေတွေ စစ်ပြီးသွားပြီ။ အဲဒီလို စစ်ပြီးသွားတဲ့ အဆင့်မှာ စွဲဆိုထားတဲ့ ပုဒ်မတွေနဲ့ သူ့ကို စွဲချက်တင်သင့်တယ်၊ မတင်သင့်ဘူး ဆိုတာကို ဒီနေ့မှာ လျှောက်လဲချက် ပေးခိုင်းတယ်။ အဲဒီတော့ လာမယ့် ရုံးချိန်းမှာ တရားရုံးက စွဲချက် မတင်ဘူး၊ စွဲချက်တင်ဖို့ သက်သေ မလုံလောက်ဘူးဆိုရင် တရားရှင် လွတ်ပါတယ်။ တကယ်လို့ စွဲချက်တင်ရင်တော့ တရားခံ ဆက်စစ်မယ်ပေါ့” ဟု ဦးဇော်မျိုးညွန့်၏ အကျိုးဆောင် ရှေ့နေ ဦးမြင့်သန်းက တရားရုံးချိန်း အပြီးတွင် ပြောကြားသည်။Zaw Myo Nyunt အမည်ရှိ အကောင့်သည် ပြီးခဲ့သည့် စက်တင်ဘာ ၃၀ ရက်က Facebook တွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ပုံကို ခြေထောက်ဖြင့် နင်းသည့် ဓာတ်ပုံအား Share ပြုလုပ်ခဲ့ကြောင်း၊  ၎င်း၏ ကိုယ်ရေး အချက်အလက်များကို ရန်ကုန်တိုင်း စစ်ဌာနချုပ်က စုံစမ်း ဖော်ထုတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ထို့နောက် Zaw Myo Nyunt အကောင့် သုံးစွဲသူဟုဆိုကာ မရမ်းကုန်းမြို့နယ်၊ အမှတ် (၇) ရပ်ကွက်နေ ဦးဇော်မျိုးညွန့်ကို ရန်ကုန်တိုင်း စစ်ဌာနချုပ်မှ ဗိုလ်မှူးကြီး စိုးဝင်းမော်က ပုဒ်မ-၅၀၅ (ခ)၊ ဆက်သွယ်ရေး ဥပဒေပုဒ် မ-၆၆ (ဃ) ဖြင့် သက်ဆိုင်ရာမြို့နယ် ရဲစခန်းတွင် အမှုဖွင့် တိုင်ကြားခဲ့ကြောင်း သိရသည်။ဦးဇော်မျိုးညွန့်သည် နိုဝင်ဘာ ၆ ရက်တွင် ဖမ်းဆီးခံရပြီး အင်းစိန်ထောင်၌ ချုပ်နှောင်ခံရ၍ တရားရင်ဆိုင်နေသည်မှာ နှစ်လကျော်ပြီ ဖြစ်ကြောင်း သိရသည်။