နယ်စပ် ကုန်သွယ်မှု ပြုရာတွင် မှောင်ခို ကုန်သွယ်မှုများ ပပျောက်ရန်နှင့် လုပ်ငန်းရှင်များ အဆင်ပြေစွာ ကုန်သွယ်နိုင်ရန် ခွင့်ပြုထားသည့် ITC ကတ်ဖြင့် ကုန်သွယ်မှု ပမာဏ ကျပ် ၄၄၂၆ သန်းကျော်ရှိ

နယ်စပ် ကုန်သွယ်မှု ပြုရာတွင် မှောင်ခို ကုန်သွယ်မှုများ ပပျောက်ရန်နှင့် လုပ်ငန်းရှင်များ အဆင်ပြေစွာ ကုန်သွယ်နိုင်ရန် ခွင့်ပြုထားသည့် ITC ကတ်ဖြင့် ကုန်သွယ်မှု ပမာဏ ကျပ် ၄၄၂၆ သန်းကျော်ရှိ
Published 21 December 2015

နယ်စပ် ကုန်သွယ်မှု ပြုရာတွင် မှောင်ခို ကုန်သွယ်မှုများ ပပျောက်ရန်နှင့် တစ်နိုင်တစ်ပိုင် လုပ်ငန်းရှင်များ အဆင်ပြေစွာ ကုန်သွယ်မှုပြုနိုင်ရန် ခွင့်ပြုထားသည့် တစ်ဦးချင်း ကုန်သွယ်မှု လုပ်ငန်းရှင် မှတ်ပုံတင်လက်မှတ် (ITC Card) ဖြင့် ကုန်သွယ်မှု ပမာဏမှာ ကျပ် ၄၄၂၆ သန်းကျော်ရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရသည်။အဆိုပါ ကုန်သွယ်မှု ပမာဏမှာ လက်ရှိ ဘဏ္ဍာနှစ်ဖြစ်သည့် ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် ဧပြီ ၁ ရက်မှ ဒီဇင်ဘာ ၄ ရက်အထိ နယ်စပ် စခန်းများမှ ITC ကတ် အသုံးပြုသည့် ကုန်သွယ်မှု ပမာဏ စုစုပေါင်းဖြစ်ကြောင်း သိရသည်။ကူးသန်းရောင်းဝယ်ရေးနှင့် စားသုံးသူရေးရာ ဦးစီးဌာနက ပို့ကုန်သွင်းကုန် လုပ်ငန်းရှင်များအား ITC ကတ် ထုတ်ယူအသုံးပြုနိုင်ရန် ခွင့်ပြုထားသည့် နယ်စပ်ဒေသ ၂၀ ခုအထိရှိပြီး အဆိုပါ ပမာဏမှာ ယခုဘဏ္ဍာနှစ်အတွင်း တမူး၊ မူဆယ်၊ မြဝတီ၊ တာချီလိတ်၊ လွယ်ဂျယ်၊ ချင်းရွှေဟော်၊ ကန်ပိုက်တီး၊  ရိဒ်၊ မောတောင်နှင့် ကျိုင်းတုံတို့တွင် ကုန်သွယ်မှု ပြုရန်အတွက် ITC ကတ် လာရောက်ထုတ်ယူ အသုံးပြုထားသည့် ကုန်သွယ်မှု ပမာဏဖြစ်ကြောင်း သိရသည်။ပို့ကုန် တန်ဖိုးစုစုပေါင်း ၁၉၆၈ သန်းကျော်နှင့် သွင်းကုန်တန်ဖိုး စုစုပေါင်း ၂၄၅၈ သန်းကျော်ဖိုးအတွက် ITC ကတ် ၁၁၈ ကတ် ထုတ်ယူ အသုံးပြုခဲ့ကြခြင်း ဖြစ်ကြောင်း သိရသည်။စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနသည် မှောင်ခို ကုန်သွယ်မှုများ ပပျောက်ရန်နှင့် လုပ်ငန်းရှင်များ အဆင်ပြေစွာ ကုန်သွယ်မှု ပြုလုပ်နိုင်ရန်အတွက် ITC ကတ်များဖြင့် စတင် ကုန်သွယ်ခွင့်ကို ၂၀၁၂ ခုနှစ် နိုဝင်ဘာ ၂၁ ရက်တွင် တမူးနယ်စပ်တွင် စတင်ခွင့်ပြုခဲ့ခြင်း ဖြစ်သည်။မြန်မာနိုင်ငံတွင် နယ်စပ်တစ်လျှောက် တရားဝင် ဖွင့်လှစ်ထားသည့် နယ်စပ် ကုန်သွယ်ရေး စခန်းပေါင်း ၁၅ ခုရှိပြီး မြန်မာ-တရုတ် နယ်စပ်တွင် မူဆယ်၊ လွယ်ဂျယ်၊ ချင်းရွှေဟော်၊ ကန်ပိုက်တီး နယ်စပ် ကုန်သွယ်ရေးစခန်း၊ မြန်မာ-ထိုင်းနယ်စပ်တွင် တာချီလိတ်၊ ကျိုင်းတုံ၊ မြဝတီ၊ ကော့သောင်း၊ မြိတ်၊ နဘုလယ်/ထီးခီးနှင့် မောတောင် နယ်စပ် ကုန်သွယ်ရေးစခန်း၊ မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်တွင် စစ်တွေ၊ မောင်တော၊ မြန်မာ-အိန္ဒိယ နယ်စပ်တွင် တမူးနှင့် ရိဒ် နယ်စပ် ကုန်သွယ်ရေး စခန်းများကို ဖွင့်လှစ်ပေးထားကြောင်း ကူးသန်းရောင်းဝယ်ရေးနှင့် စားသုံးသူရေးရာ ဦးစီးဌာနမှ သိရသည်။    ဖွင့်လှစ်ထားသည့် နယ်စပ်စခန်းများအနက် မြန်မာ-တရုတ် နယ်စပ်မှ ကုန်သွယ်မှု ပိုမိုပြုလုပ်လျက်ရှိပြီး မြန်မာ-ထိုင်း နယ်စပ်တွင်မူ မြဝတီနယ်စပ် ကုန်သွယ်ရေးစခန်းမှ ကုန်သွယ်မှု အများဆုံး ပြုလုပ်ကြောင်း သိရသည်။

Most Read

Most Recent