ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံသို့ တင်လာသည့် အဆိုများအနက် ဖက်ဒရယ်ဆိုင်ရာ ကိစ္စ၊ နိုင်ငံတော် လုံခြုံရေးနှင့် လုံခြုံရေးဆိုင်ရာ ပြန်လည်ပေါင်းစည်းခြင်း ကိစ္စတို့ကို အစုအဖွဲ့ တစ်ခုချင်းစီမှ ၇၅ ရာခိုင်နှုန်းကျော် ထောက်ခံမှသာ အဆို အတည်ဖြစ်မည်

ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံသို့ တင်လာသည့် အဆိုများအနက် ဖက်ဒရယ်ဆိုင်ရာ ကိစ္စ၊ နိုင်ငံတော် လုံခြုံရေးနှင့် လုံခြုံရေးဆိုင်ရာ ပြန်လည်ပေါင်းစည်းခြင်း ကိစ္စတို့ကို အစုအဖွဲ့ တစ်ခုချင်းစီမှ ၇၅ ရာခိုင်နှုန်းကျော် ထောက်ခံမှသာ အဆို အတည်ဖြစ်မည်
Published 20 December 2015
အောင်ဇော်ထွန်း

ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံသို့ တင်တွင်းလာသည့် အဆိုများအနက် ဖက်ဒရယ်ဆိုင်ရာ ကိစ္စ၊ နိုင်ငံတော် လုံခြုံရေး ကိစ္စနှင့် လုံခြုံရေးဆိုင်ရာ ပြန်လည်ပေါင်းစည်းခြင်း ကိစ္စတို့ကို အစုအဖွဲ့ တစ်ခုချင်းစီမှ ၇၅ ရာခိုင်နှုန်းကျော် ထောက်ခံမှသာ အဆို အတည်ဖြစ်မည်ဖြစ်ကြောင်း သတင်းရရှိသည်။နိုင်ငံရေး ဆွေးနွေးမှုဆိုင်ရာ မူဘောင်များကို အခြေခံ၍ အမျိုးသားပြန်လည် သင့်မြတ်ရေး၊ လက်နက်ကိုင် ပဋိပက္ခများ ချုပ်ငြိမ်းရေးနှင့် နိုင်ငံရေး ပြဿနာများကို နိုင်ငံရေး နည်းလမ်းဖြင့် ငြိမ်းချမ်းစွာ အဖြေရှာနိုင်ရေး စတင်နိုင်ရန်အတွက် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံကို ၂၀၁၆ ခုနှစ် ဇန်နဝါရီ ၁၂ ရက်တွင် စတင်ကျင်းပမည်ဟု နိုင်ငံတော် သမ္မတရုံးက ဒီဇင်ဘာ ၁၈ ရက်တွင် ကြေညာထားသည်။ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံကို အစိုးရအဖွဲ့ ကိုယ်စားလှယ် ၇၅ ဦး၊ လွှတ်တော် ကိုယ်စားလှယ် ၇၅ ဦး၊ တပ်မတော် ကိုယ်စားလှယ် ၁၅၀၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများမှ ကိုယ်စားလှယ် ၁၅၀ ၊ နိုင်ငံရေး ပါတီများမှ ကိုယ်စားလှယ် ၁၅၀၊ တိုင်းရင်းသား ကိုယ်စားလှယ် ၅၀ နှင့် အခြား ပါဝင်သင့် ပါဝင်ထိုက်သူ ၅၀ စုစုပေါင်း ကိုယ်စားလှယ် ၇၀၀ ဖြင့် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။မူဘောင် ရေးဆွဲခဲ့သည့် ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) နိုင်ငံရေးပါတီ အစုအဖွဲ့ အတွင်းရေးမှူး ဦးစိုင်းကျော်ညွန့်က “ဆုံးဖြတ်ချက်ချတဲ့ အခန်းမှာ ပုံစံနှစ်မျိုးပါ။ သာမန် ကိစ္စတွေကို အစုအဖွဲ့ တစ်ခုချင်းစီက ငါးဆယ်ရာခိုင်နှုန်း အပေါင်း တစ်ယောက် အဲဒီလိုပုံစံ ရှိတယ်။ ဒါပေမဲ့ တချို့ အရေးကြီးတဲ့ ဖက်ဒရယ်နဲ့ သက်ဆိုင်တဲ့ကိစ္စ၊ နိုင်ငံတော် လုံခြုံရေးကိစ္စ ရှိတယ်၊ လုံခြုံရေးဆိုင်ရာ ပြန်လည်ပေါင်းစည်းရေးဆိုတဲ့ ကိစ္စရှိတယ်၊ အဲဒီကိစ္စတွေကျတော့ အစုအဖွဲ့ တစ်ခုချင်းစီကနေ ၇၅ ရာခိုင်နှုန်းအပေါင်း တစ်ယောက် ထောက်ခံမှသာလျှင် အဆိုတစ်ခုဟာ အတည်ဖြစ်မယ်” ဟု ပြောကြားသည်။နိုင်ငံရေး ဆွေးနွေးပွဲများတွင် ဆွေးနွေးရမည့် အကြောင်းအရာများမှာ ဒီမိုကရေစီနှင့် ဖက်ဒရယ် စနစ်ကို အခြေခံသည့် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ကိစ္စရပ်များ၊ တိုင်းရင်းသား လူမျိုးများအလိုက် ခံစားသင့် ခံစားထိုက်သော လူမျိုးရေးဆိုင်ရာ စုပေါင်းအခွင့်အရေး ကိစ္စရပ်များ၊ နိုင်ငံတော် အချုပ်အခြာ အာဏာ၏ ခက်မသုံးဖြာဖြစ်သည့် ဥပဒေပြုရေး အာဏာ၊ အုပ်ချုပ်ရေး အာဏာနှင့် တရားစီရင်ရေး အာဏာတို့ကို တတ်နိုင်သမျှ ပိုင်းခြားသုံးစွဲခြင်း၊ အချင်းချင်း အပြန်အလှန် ထိန်းကျောင်းမှု ရှိစေခြင်းနှင့် ပြုပြင်ပြောင်းလဲရေးဆိုင်ရာ ကိစ္စရပ်များ၊ ပြည်ထောင်စု အထွေထွေ အုပ်ချုပ်ရေးဆိုင်ရာ ပြုပြင်ပြောင်းလဲရေး၊ ရွေးကောက်ပွဲ ဝင်ခွင့်ဆိုင်ရာ ကိစ္စရပ်များနှင့် တရားဥပဒေ စိုးမိုးရေးဆိုင်ရာ ကိစ္စရပ်များ စသည်တို့ဖြစ်ကြောင်း နိုင်ငံရေး ဆွေးနွေးမှုဆိုင်ရာ မူဘောင်တွင် ဖော်ပြထားချက်များအရ သိရသည်။ထို့ပြင် လူမှုရေး၊ စီးပွားရေး၊ လုံခြုံရေး၊ မြေယာနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ မူဝါဒ ကိစ္စရပ်များ စသည်တို့ကိုလည်း ဆွေးနွေးမည့် အကြောင်းအရာများထဲတွင် ပါဝင်ကြောင်း သိရသည်။“ဆုံးဖြတ်ချက် ချပုံချနည်းမှာ ရေးထားတာရှိတယ်။ အဆိုတစ်ခု ဖြစ်စေ မူကြမ်းတစ်ခုဖြစ်စေ အတည်ဖြစ်ဖို့ အစုအဖွဲ့ တစ်ခုချင်းစီ၏ ငါးဆယ်ရာခိုင်နှုန်း အပေါင်း တစ်ယောက် ရတယ်ဆိုရင် အဲဒီ အဆိုက အတည်ဖြစ်တယ်။ ဒါပေမဲ့ အစုအဖွဲ့ တစ်ခုချင်းစီလို့ ပြောတာနော်။ မေးစရာ ရှိတာက တပ်မတော်မှာရော ငါးဆယ်ရာခိုင်နှုန်းဆိုတာ ရှိသလား။ ၇၅ ရာခိုင်နှုန်းဆိုတာ ရှိသလား။ အဲဒီတော့ ဆုံးဖြတ်ပိုင်ခွင့်မှာ အဲဒီမှာ အစုအဖွဲ့ တစ်စုရဲ့ ငါးဆယ်ရာခိုင်နှုန်းလို့ ပြောထားတဲ့ အတွက်ကြောင့် အစုအဖွဲ့ တစ်ခုက ငါးဆယ်ရာခိုင်နှုန်း မပြည့်ပါဘူးလို့ ပြောပါတယ်ဗျာ။ အဲဒါဆိုရင် ဒီအဆိုက ပျက်ပြီလေဗျာ။ ရှင်းရှင်းပြောရရင်တော့ တပ်မတော် အစုအဖွဲ့မှာ တစ်နဲ့ သုညပဲ ရှိတယ်။ ငါးဆယ်ရာခိုင်နှုန်း မရှိဘူး။ ၇၅ ရာခိုင်နှုန်း မရှိဘူး။ အဲဒီတော့ ဒီမူဘောင်အတိုင်း သွားရင်တော့ သေချာတာက တပ်မတော် သဘောမတူရင် ဘာမှလုပ်လို့ မရပါဘူး။ ဒီအဖြေကို ရပါတယ်”  ဟု ဦးစိုင်းကျော်ညွန့်က ဆိုသည်။တိုင်းရင်းသား လက်နက်ကိုင် အစုအဖွဲ့မှ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO) ဥက္ကဋ္ဌ ဦးခွန်မြင့်ထွန်းက “အစုအဖွဲ့လိုက်လို့ ပြောတဲ့အတွက် တပ်မတော်ရဲ့ သဘောထား မပါရင် မရသလို ကျွန်တော်တို့ သဘောထား မပါရင်လည်း မရဘူးပေါ့ဗျာ။ ကျွန်တော်တို့ အခြေခံခဲ့တဲ့ သုံးပွင့်ဆိုင် ဆွေးနွေးမှုကတော့ အထူးအားဖြင့် စစ်အစိုးရခေတ် အခြေအနေ အပေါ်မှာ မူတည်ပြီးတော့ လုပ်ခဲ့တာကိုး။ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်တို့ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းတွေကလည်း သုံးပွင့်ဆိုင်ရဲ့ အစုကြီးတစ်စု အနေနဲ့ ရပ်တည်ပြီးတော့ သွားချင်တယ်။ သို့သော် အခုပေါ်ပေါက်လာတဲ့ နိုင်ငံရေး အခင်းအကျင်း အသစ်နဲ့ ထိုက်သင့်သလောက် လိုက်လျောညီထွေ ဖြစ်အောင် ကိုယ့်ရဲ့ မူကိုလည်း မပျက်အောင် အစုကြီး သုံးစုက လူဦးရေ အရေအတွက် များများယူပြီးတော့ ကျန်တဲ့ အစိုးရတို့၊ လွှတ်တော်တို့ကိုတော့ အရေအတွက် ထက်ဝက် လျှော့ချပြီး သဘောတူခဲ့တာ ဖြစ်ပါတယ်” ဟု ဆိုသည်။အစိုးရ အစုအဖွဲ့ ကိုယ်စားလှယ် Myanmar Peace Center မှ ဦးလှမောင်ရွှေက “နိုင်ငံရေးဆိုတာ ကိုယ်ဖြစ်ချင်တာ ဘာမှလုပ်လို့ မရဘူးဗျ။ သူက ညှိယူရတာပဲ။ သုံးပွင့်ဆိုင်လို့ သွားပြောနေရင်လည်း လက်နက်ကိုင်တဲ့ သူကသာလျှင် တိုင်းရင်းသားခေါင်းဆောင် ကိုယ်စားလှယ်လားလို့ ပြန်မေးတဲ့ မေးခွန်းတွေလည်း ထွက်လာမှာပေါ့။ ဘယ်သူမှန်တယ် မှားတယ် ဆိုတာကတော့ နိုင်ငံရေးမှာ အဖြေ မဖြစ်ဘူးဗျ။ ဒါပေမဲ့ ဘယ်လိုညှိနှိုင်းယူနိုင်မလဲ ဆိုတာက အဖြေဖြစ်တယ်” ဟု ပြောကြားသည်။ပထမအကြိမ် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံကို ၂၀၁၆ ခုနှစ် ဇန်နဝါရီ ၁၂ ရက်မှ ၂၂ ရက် အကြားသာ ပြုလုပ်နိုင်မည်ဖြစ်ကြောင်း၊ အရေးကြီးသည့် ဆုံးဖြတ်ချက်များ ချမှတ်နိုင်ဦးမည် မဟုတ်ကြောင်းနှင့် ဒုတိယအကြိမ် ညီလာခံကို ၂၀၁၆ ခုနှစ် မေလဝန်းကျင်တွင် ကျင်းပနိုင်ဖွယ်ရှိကြောင်း သိရသည်။   

Most Read

Most Recent