၂၀၁၅ အလွန်မှာ . . .

၂၀၁၅ အလွန်မှာ . . .
Published 20 December 2015
ဒေါက်တာ ဖြိုးသီဟ

ပြီးခဲ့တဲ့ရွေးကောက်ပွဲမှာ NLD ပါတီ အနိုင်ရခဲ့ပြီး အခု အစိုးရသစ်ရယ်လို့တောင် မဖွဲ့ရသေးတဲ့ အချိန်မှာကိုပဲ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေ အများကြီး ထပ်ဝင်လာဖို့ တာစူနေကြတာကို တွေ့ရမှာပါ။ ကျွန်တော်တို့နိုင်ငံနဲ့ နိုင်ငံသားတွေ နိုင်ငံတကာ အသိုင်းအဝိုင်းမှာ ဒီထက် ပိုဝင်ဆံ့လာဖို့ ရှိနေပါတယ်။ ဒီလိုမျိုး အခွင့်အလမ်းတွေ များလာတော့မယ့်အချိန်မှာပဲ တစ်ဖက်မှာလည်း စိန်ခေါ်မှု၊ ပြိုင်ဆိုင်မှုတွေက ကပ်ပါလာတော့မှာပါ။
ဒီအတွက် ကျွန်တော်တို့လူငယ်တွေ အသင့်ဖြစ်ပြီလား။ အသင့်မဖြစ်သေးဘူးဆို ဘာတွေ ပြင်ဆင်ထားဖို့ လိုမလဲ။
(၁) ဘာသာစကား (Global Skills)
သူများနိုင်ငံတွေမှာ ဘာသာစကားကို နှစ်မျိုးသုံးမျိုးလောက် သင်နေကြတဲ့အချိန်မှာ ကျွန်တော်တို့ကတော့ အင်္ဂလိပ်စာ တစ်မျိုးတည်းတောင် တော်တော်လုပ် နေကြရတုန်းပါ။ ကမ္ဘာသုံး ဘာသာစကားလည်း ဖြစ်တယ်၊ စာတော်တော်များများကို ဒါနဲ့ပဲ ရေးထားတယ်၊ လူတော်တော်များများလည်း ဒါနဲ့ပဲ ဆက်သွယ်ကြ၊ ပြောကြ၊ ဆိုကြတယ်။ ဒီတော့ သူတို့တွေကြားထဲ တိုးချင်ရင် ကျွန်တော်တို့ မှာ တခြားရွေးစရာ မရှိပါဘူး။ အဲဒီဘာသာ စကားကို ကျွမ်းကျင်အောင် ကြိုးစားကြရမှာပါပဲ။
(၂) ကွန်ပျူတာ (Computing Skill)
ဒီနေ့ခေတ်မှာ အင်္ဂလိပ်စာဆိုတဲ့ Global Literacy အပြင် Digital Literacy လည်း တတ်ဖို့လိုပါတယ်။ ဖုန်းမှာ Zapya နဲ့ ဖိုင်လေးတွေ ပေးတတ်ယူတတ်ရုံနဲ့ ကျေနပ်နေလို့မရပါဘူး။ အစည်းအဝေးတွေမှာ Presentation လုပ်ရင်လည်း ရှိသမျှစာတွေ ပြွတ်သိပ်ရေးထားတာ၊ Power Point ကို ကောင်းကောင်း မသုံးတတ်ကြတာ သတိထားမိပါတယ်။ ဝန်ထမ်းခန့်ဖို့ အင်တာဗျူးလုပ်တဲ့အခါ ကွန်ပျူတာသင်တန်း တက်ထားကြောင်းတော့ Certificate ပေါင်းမြောက်မြားစွာ တင်လာတတ်ကြပါတယ်။ ကွန်ပျူတာကို ရှေ့ထိုးပေးလိုက်ပြီး လုပ်ခိုင်းတော့ Excel တောင် ကောင်းကောင်းမသုံးတတ်ကြပါဘူး။ ကွန်ပျူတာနဲ့ အလှမ်းဝေးလို့ ပြန်အသုံးမချ ဖြစ်လို့ဆိုတဲ့ အကြောင်းပြချက်တွေကို နားလည်ပေးနိုင်ပေမယ့် ဒီအကြောင်းပြချက်တွေ ပေးရတာ ကိုယ့်ထက်အဆပေါင်းများစွာဆိုးတဲ့ ဘဝပေးအခြေအနေကနေ ကြိုးစားရုန်းကန်ပြီး အောင်မြင်လာကြတဲ့ သူတွေကို အားနာစရာတောင် ကောင်းနေပါတယ်။ နားမလည်တာ မဟုတ်ပါဘူး။ ပညာက ကိုယ့်ဆီ မလာရင်လည်း မတတ်နိုင်ဘူး။ ကိုယ်က ပညာဆီ သွားရမှာပါပဲ။
(၃) မိမိအသိစိတ်ဖြင့် ဆောင်ရွက်တတ်ဖို့ (Initiative)
ခပ်ရှင်းရှင်းပြောရရင် ခိုင်းမှ၊ ပြောမှ လုပ်တတ်ကြတဲ့ အကျင့်ကို ဖျောက်ကြရမယ်။ ဒါကလည်း ငယ်ငယ်က လေ့ကျင့် သင်ကြားခဲ့ရတဲ့ ပုံစံနဲ့ အများကြီး သက်ဆိုင်ပါတယ်။ ပြောစကား နားထောင်တယ်၊ လိမ္မာတယ်ဆိုတာကို ဂုဏ်ယူစရာအဖြစ် ပျိုးထောင်ခံခဲ့ကြရတယ်။ ပညာရေးစနစ်ကလည်း အဲဒီအတိုင်း ပုံသွင်းပေးထားတယ်။ တီထွင်ကြံဆခြင်းထက် လမ်းဟောင်းလိုက်ခြင်းကို ဦးစားပေးတယ်။ မှားရဲအောင် မသင်ကြားပေးဘူး။ အဲဒီလိုနဲ့ ကြီးလာတဲ့အခါ အပြောင်းအလဲ တစ်ခုခုလုပ်ဖို့၊ အများနဲ့ကွဲထွက်ရဲဖို့ သတ္တိမရှိတော့ဘူး၊ ဘောင်ရဲ့အပြင်ဘက်ကိုထွက်ပြီး မစဉ်း စားတတ်ကြတော့ဘူး။ အဲဒီလိုနဲ့ လုပ်ငန်းခွင်ထဲ ရောက်တဲ့အခါ အထက်ကခိုင်းမှ၊ ပြောမှ လုပ်တတ်တဲ့အကျင့်က ရလာပါတော့တယ်။ ဒီခေတ်မှာ ဆက်ပြီး ရှင်သန်ချင်ရင်တော့ ကိုယ့်တာဝန်ကိုယ်သိပြီး အလုပ်လုပ်တတ်ဖို့၊ မှားမှာကို မကြောက်ဖို့၊ အရှုံးကနေ သင်ခန်းစာယူပြီး ရှေ့ဆက်ရဲဖို့ အလေ့အကျင့်တွေ မွေးယူကြရပါလိမ့်မယ်။
(၄) လုပ်ငန်းအစီအစဉ်ဖြင့် အလုပ်လုပ်တတ်ဖို့ (Action Planning)
“Fail to Plan, Plan to Fail” အစီအစဉ်ဆွဲဖို့ ပျက်ကွက်ခြင်းဟာ ရှုံးနိမ့်ဖို့ အစီအစဉ် ဆွဲနေခြင်းပါပဲ။ ဒီနေ့ခေတ်ဟာ Result Oriented ခေတ်ပါ။ ဘာလုပ်လုပ် ရလဒ်ထွက်အောင် လုပ်တတ်ဖို့လိုပါတယ်။ အဲဒီလိုရလဒ်ထွက်အောင် လုပ်တတ်ဖို့ဆိုတာ ကိုယ်ဘာ လိုချင်တာလဲ၊ ကိုယ်ဘာလုပ်ရမှာလဲ၊ ဒါတွေကို အရင်ဆုံး အစီအစဉ် ဆွဲထားဖို့လိုပါတယ်။ ဘဝတစ်ခုလုံးစာ ဘာဖြစ်ချင်တာလဲဆိုတဲ့ အိပ်မက်ကြီးကြီး အရင်မက်ပါ။ ပြီးမှ အဲဒီအိပ်မက် အကောင်အထည်ေ ပါ်လာဖို့ နောင် ၁၀ နှစ်မှာ ဘာဖြစ်ရမယ်၊ နောင်ငါးနှစ်၊ တစ်နှစ်ကနေ နောက်ဆုံး မနက်ဖြန် ဘာလုပ်မယ်၊ ဘာတွေ ပြီးမြောက်ရမယ်ဆိုတဲ့ အစီအစဉ်မျိုးတွေ ဆွဲပြီး အလုပ်လုပ်တတ်ဖို့လိုပါမယ်။ မဟုတ်ရင်တော့ ဘယ်နားကမ်းကပ်ရမှန်း မသိတဲ့ လှေလို တဝဲလည်လည်နဲ့ပဲ အချိန်ကုန်သွားရပါလိမ့်မယ်။
(၅) ဖြန့်ကြက်စဉ်းစားတတ်ဖို့ (Critical Thinking)
နိုင်ငံတကာက လူတွေဟာ စကားပြောရင်ဖြစ်ဖြစ်၊ အလုပ်လုပ်ရင်ဖြစ်ဖြစ် Evidence based ဖြစ်ကြပါတယ်။ Data တွေ Information တွေပေါ် အခြေခံပြီး စဉ်းစားကြတယ်၊ ဆုံးဖြတ်တတ်ကြတယ်။ စာလည်း တအားဖတ်ကြတော့ အမြင်ကျယ်ကျယ်နဲ့ ဘက်စုံထောင့်စုံ စဉ်းစားတတ်ကြပါတယ်။ ကျွန်တော်တို့တွေလို မြေပုံလေး ထိုင်ကြည့်ပြီး စီမံချက်တွေ ဆွဲနေကြတာမဟုတ်ပါဘူး။ ကျွန်တော့်တုန်းက ဘယ်လိုဆိုပြီး စည်းလွတ်ဝါးလွတ်တွေ ဆွေးနွေးနေကြတာလည်း မဟုတ်ဘူး။ အချက်အလက်တွေပေါ် အခြေခံပြီး လော့ဂျစ်ကျကျ စဉ်းစား တွေးခေါ်တတ်ဖို့၊ အလုပ်လုပ်တတ်ဖို့ လိုပါတယ်။
(၆) ပရော်ဖက်ရှင်နယ်ပီသဖို့ (Professionalism)
ပရော်ဖက်ရှင်နယ် ဆရာဝန်တစ်ယောက်ဟာ ဆေးကုသတဲ့ပညာကို တစ်ဖက်ကမ်းခပ် တတ်ကျွမ်းနေရပါမယ်။ အမြဲမပြတ်လည်း လေ့ကျင့်နေ၊ ဆည်းပူးနေဖို့ လိုပါတယ်။ အိပ်ရေးပျက်တာ၊ ထမင်းစားပျက်တာ၊ စိတ်ဖိစီးစရာ အခြေအနေတွေမှာ အလုပ်လုပ်ရတာ၊ ဒါတွေကို ညည်းညူနေလို့ မရပါဘူး။ ပရော်ဖက်ရှင်နယ်ဆိုတာ ကိုယ်ယူထားတဲ့တာဝန်ကို ကျေပွန်အောင် လုပ်ရပါတယ်။ အရေးကြီးဆုံးကတော့ အလုပ်လုပ်နေတဲ့ အချိန်မှာ ပုဂ္ဂိုလ်ရေးခံစားချက်တွေကို နောက်ပို့ထားနိုင်ဖို့ပါပဲ။
(၇) စိတ်အားထက်သန်မှုရှိဖို့ (Enthusiasm)
ရောက်တဲ့နေရာမှာ ကျေနပ်ပြီး ရပ်မနေကြဖို့ လိုပါတယ်။ အလုပ်လေး တစ်ခုရရင်၊ လစာလေး ပုံမှန်ရနေရင် တော်ပြီဆိုပြီး ရောင့်ရဲနေတတ်ကြတယ်။ ရည်မှန်းချက်က ရပ်သွားတော့ ကြိုးစားအားထုတ်မှုတွေ၊ လေ့လာမှု တွေလည်း ရပ်သွားတတ်ပါတယ်။ တကယ်တော့ လူတစ်ယောက် ဘယ်ရောက်နေပြီလဲ ဆိုတာထက် သူဘယ်အထိရောက်အောင် သွားဖို့ သန္နိဋ္ဌာန်ချထားလဲဆိုတာက သူ့အနာဂတ်ကို အဓိက အဆုံးအဖြတ် ပေးသွားမှာပါ။ တိုးတက်လိုစိတ်၊ သင်ယူလိုစိတ် ပြင်းပြဖို့ လိုပါတယ်။
(၈) စီမံခန့်ခွဲမှု အရည်အချင်း (Management)
စီမံခန့်ခွဲတယ်ဆိုတာ အများစုပေါင်းအားနဲ့ အလုပ်တွေ ပြီးစီးအောင် လုပ်ဆောင်ခြင်း ဖြစ်ပါတယ်။ အခြေခံအားဖြင့် လူ၊ ငွေ၊ ပစ္စည်း၊ နည်းပညာနဲ့ အချိန်တွေကို အကျိုးရှိရှိ အသုံးချပြီး လုပ်ငန်း အောင်မြင်အောင် လုပ်တာဟာ စီမံခန့်ခွဲမှုပါပဲ။ စီမံခန့်ခွဲမှု အရည်အသွေး သုံးခု ရှိပါတယ်။
Technical Skill- ပစ္စည်းတစ်ခု ဘယ်လိုထုတ်လုပ်ရမယ်၊ ကားကို ဘယ်လိုပြင်ရမယ်၊ စက်ကိရိယာတွေ ဘယ်လို အသုံးပြုလို့ရတယ် စသဖြင့် ဒီလိုလုပ်ငန်းနဲ့ ပတ်သက်တဲ့ အခြေခံတွေကို သိထားရပါတယ်။
Human Skill - လူတွေနဲ့ အလုပ်အတူ တွဲလုပ်တတ်ဖို့၊ လှုံ့ဆော် စည်းရုံးတတ်ဖို့၊ ညှိနှိုင်း ဆောင်ရွက်တတ်ဖို့ဆိုတဲ့ အရည်အချင်းမျိုးတွေ ရှိဖို့လိုပါတယ်။
Conceptual Skill-  အဖွဲ့အစည်းရဲ့ အကျိုးအတွက် ဘာလုပ်ရင် အကောင်းဆုံး ဖြစ်မယ်ဆိုတာကို မဟာဗျူဟာကျကျ စဉ်းစားလုပ်ဆောင်တတ်တဲ့ အရည်အချင်းမျိုး ဖြစ်ပါတယ်။
ရာထူးငယ်ငယ်မှာ ဘယ်လိုလုပ်ရတယ်ဆိုတဲ့ Technical Skill ရှိရုံနဲ့ရပါတယ်။ စီမံခန့်ခွဲရတဲ့ ရာထူးမျိုးထိ ရောက်ချင်ရင်တော့ အနည်းဆုံး Humal Skill တော့ရှိနေအောင် ကြိုးစားဖို့လိုပါတယ်။ အဲဒါမရှိဘဲ Managerial Role တစ်ခုကို ရဖို့ ခက်နိုင်ပါတယ်။
(၉) စိတ်ဖိစီးမှုကို သည်းခံနိုင်ဖို့ (Stress Tolerance)
ကျောင်းသားဘဝက စာသင်ချိန်တစ်ခုမှာ ဆရာတစ်ယောက်က ပြောဖူးပါတယ်။ စာမေးပွဲမှာ လူနာစမ်းနေတုန်း Stress တွေ အရမ်းများလို့ ကြောက်လန့်ပြီး ငိုတာတို့၊ တလွဲလုပ်တာတို့က ခွင့်လွှတ်ပေးလို့တော့ မရဘူး။ ဘာလို့ဆိုတော့ အဲဒီ Stress လေးကိုတောင် မခံနိုင်ဘဲ ဘယ်လို ဆရာဝန် လုပ်လို့ ရမလဲတဲ့။ ဆရာဝန် ဘဝဆိုတာ လူ့အသက်နဲ့ ရင်းပြီး အလုပ်လုပ်ရတာမို့ Stressful Condition တွေမှာ တည်တည်ငြိမ်ငြိမ် အလုပ်လုပ်နိုင်ဖို့ လိုပါတယ်။ တကယ်တော့ ဆရာဝန်မှ မဟုတ်ပါဘူး။ ရာထူးကြီးလာလေလေ၊ တာဝန်တွေလည်း များလာလေဖြစ်ပြီးတော့ စိတ်ဖိစီးစရာတွေ၊ စိန်ခေါ်မှုတွေကလည်း ပိုပိုပြီး များလာမှာ ဖြစ်ပါတယ်။ ဒါကြောင့် အလုပ်နဲ့ဘဝမှာ ဘယ်လိုအခက်အခဲတွေ စိတ်ညစ်စရာတွေပဲ ကြုံလာလာ၊ ဒါတွေဟာ ကိုယ့်ဘဝတိုးတက်ဖို့အတွက် အခွင့်အရေးတွေပဲလို့ မြင်ပေးပြီး ရအောင် ကျော်လွှားနိုင်ဖို့ လိုပါတယ်။
အဲဒါက ပညာရပ်တစ်ခုလို သင်ကြားလို့လည်း မရနိုင်ပါဘူး။ ကိုယ့်ရဲ့ခံယူချက်နဲ့ပဲ ဆိုင်ပါတယ်။ ဒါကြောင့် ဘဝမှာ အခက်အခဲတွေနဲ့ ကြုံလာတိုင်း လက်လျှော့ အရှုံးပေးမလိုက်ပါနဲ့။ ကိုးတန်းအောင်ပြီးမှ ဆယ်တန်းတက်လို့ ရပါတယ်။ ကိုးတန်းက ခက်လို့ ခဏနေဦး၊ ဆယ်တန်း အရင်တက်မယ် လုပ်လို့ မရပါဘူး။ လူငယ်ဘဝ၊ ဝန်ထမ်းငယ်ဘဝ၊ ကျောင်းသားဘဝမှာ အောက်သက်ကျေခဲ့မှ ဒီထက် အဆင့်မြင့်တဲ့ နေရာတွေကို တက်လှမ်းနိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် ဖိအားတွေ၊ စိန်ခေါ်မှုတွေ ကြောက်မနေကြဖို့ လိုပါတယ်။
အခွင့်အရေးဆိုတာ စိတ်ကူးပေါက်မှ ရောက်ရောက်လာတတ်တဲ့၊ စိတ်သိပ်မရှည်တဲ့ ဧည့်သည်နဲ့တူပါတယ်။ သူ တံခါးခေါက်နေတုန်း မြန်မြန်လာဖွင့်ရင်ဖွင့်ပေး၊ မဟုတ်ရင်တော့ လှည့်ပြန်သွားတတ်ပါတယ်။ ပြီးရင် ဘယ်တော့မှ နောက်တစ်ခေါက် ပြန်လာမယ် ဆိုတာလည်း မသိနိုင်ပါဘူး။
ခု အဲဒီဧည့်သည်ကတော့ ကျွန်တော်တို့ ဆီ  လာဖို့ရှိနေပြီ။ သူ့ကိုပြေးကြိုမယ့် တခြားလူတွေကလည်း အပြိုင်အဆိုင် ကြိုးစားနေကြပြီမို့ ကျွန်တော်တို့တွေလည်း သူ တံခါးခေါက်တာနဲ့ ဖွင့်ပေးနိုင်အောင် ခုကတည်းကတော့ ပြင်ဆင်ထားရပါလိမ့်မယ်။
Ref: How to market yourself in a competitive world.

Most Read

Most Recent