လိမ်လည်မှုဖြင့် တရားစွဲခံထားရသော Father Land ကုမ္ပဏီပိုင်ရှင် ဦးကျော်မြင့်ကို လသာမြို့နယ် တရားရုံး၌ ထပ်မံရုံးထုတ် စစ်ဆေး

လိမ်လည်မှုဖြင့် တရားစွဲခံထားရသော Father Land ကုမ္ပဏီပိုင်ရှင် ဦးကျော်မြင့်ကို လသာမြို့နယ် တရားရုံး၌ ထပ်မံရုံးထုတ် စစ်ဆေး
Published 18 December 2015
မြင့်သူ

လိမ်လည်မှုများဖြင့် တရားရင်ဆိုင်နေရသော Father Land ကုမ္ပဏီပိုင်ရှင် ဦးကျော်မြင့်ကို ဒီဇင်ဘာ ၁၈ ရက်က လသာမြို့နယ် တရားရုံးတွင် ဆက်လက် ရုံးထုတ်ခဲ့ကြောင်း သိရသည်။ယင်းနေ့ ရုံးချိန်းတွင် ယခင် ရုံးချိန်းက စစ်ဆေးခဲ့သော တရားလိုပြသက်သေ ဒေါ်မြ မြသွယ်ကိုပင် ဆက်လက် စစ်ဆေးခဲ့ကြောင်း သိရသည်။“ဒီနေ့ ရုံးချိန်းမှာ တရားလိုပြသက်သေ ဒေါ်မြမြသွယ်ကို စစ်ဆေးတာက ပြီးသွားပါပြီ။ ရုံးချိန်းကို ၂၂ ရက်ကို ပြန်ချိန်း ပေးထားပြီးတော့ အဲဒီနေ့မှာ ကျန်ရှိနေတဲ့ တရားလိုပြ သက်သေတွေကို ဆက်လက် စစ်ဆေးသွားမှာပါ” ဟု တရားလို ရှေ့နေ ဒေါ်ဆွေဆွေငြိမ်းက ဒီဇင်ဘာ ၁၈ ရက်တွင် ပြောကြားသည်။ကျောက်တံတားမြို့နယ် အမှတ်(၄) ရပ်ကွက် ပန်းဆိုးတန်း အလယ်ဘလောက် အမှတ် ၁၈၁/၁၈၇၊ မြေအကျယ် ပေ ၁၀၀_၆၀ ပေါ်၌ မြေပိုင်ရှင်ဖြစ်သူ  ဦး....နှင့် Father Land ဆောက်လုပ်ရေး ကုမ္ပဏီတို့ ခေတ်မီ လေးခန်းတွဲ ၁၂ ထပ်ခွဲ တိုက်အား နှစ်နှစ်အတွင်း ဆောက်လုပ်ပေးရန် စာချုပ်ချုပ်ဆို အပ်နှံခဲ့သည်။သို့သော် မြေရှင်သဘောတူညီသည့် ပုံစံအတိုင်း မဟုတ်ဘဲ ဦးကျော်မြင့်မှ ၎င်းစိတ်ကြိုက် ဒီဇိုင်းရေးဆွဲကာ မြေရှင်လက်မှတ် အတုများဖြင့် စည်ပင်မှ ခွင့်ပြုချက် ရယူဆောက်လုပ်ခဲ့ကြောင်း၊ အဆိုပါ ၁၂ ထပ်တိုက်မှာ ၂၀၁၂ ခုနှစ်တွင် လူနေထိုင်ခွင့် ရမည်ဖြစ်သော်လည်း လေးနှစ်ကျော် ကြာမြင့်သည်တိုင်အောင် ပြီးစီးအောင် ဆောက်လုပ်ပေးခြင်း မရှိသဖြင့် အရေးယူပေးရန်အတွက် မြေပိုင်ရှင်က အမှုဖွင့် တိုင်ကြားခဲ့ခြင်းဖြစ်ကာ ယခုကဲ့သို့ တရားရင်ဆိုင် နေရခြင်း ဖြစ်ကြောင်း သိရသည်။ယင်းသို့ ဦးကျော်မြင့်အား လိမ်လည်မှုဖြင့် ကျောက်တံတား မြို့နယ် တရားရုံးတွင် တရားစွဲဆိုပြီး လသာမြို့နယ် တရားရုံးသို့ ရုံးပြောင်းရွှေ့ စစ်ဆေးနေသည်မှာ ၁၀ လကျော် ၁၁ လနီးပါး ကြာမြင့်နေပြီ ဖြစ်သော်လည်း တရားလိုနှင့် လိုပြသက်သေ တစ်ဦးကိုသာ စစ်ဆေးပြီးစီးသေးကြောင်း သိရသည်။