နိုင်ငံရေး ဆွေးနွေးပွဲသို့ NCA လက်မှတ် မထိုးရသေးသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၁၃ ဖွဲ့အနက် ၁၁ ဖွဲ့ကို အထူး ဖိတ်ကြားသူအဖြစ် ဖိတ်ကြားမည်

နိုင်ငံရေး ဆွေးနွေးပွဲသို့ NCA လက်မှတ် မထိုးရသေးသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၁၃ ဖွဲ့အနက် ၁၁ ဖွဲ့ကို အထူး ဖိတ်ကြားသူအဖြစ် ဖိတ်ကြားမည်
Published 18 December 2015
အောင်ဇော်ထွန်း

၂၀၁၆ ခုနှစ် ဇန်နဝါရီလတွင် ကျင်းပမည့် နိုင်ငံရေး ဆွေးနွေးပွဲသို့ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ် မထိုးရသေးသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၁၃ ဖွဲ့အနက် ၁၁ ဖွဲ့ကို အထူး ဖိတ်ကြားသူအဖြစ် ဖိတ်ကြားသွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။ဒီဇင်ဘာ ၁၇ ရက်က နေပြည်တော်၌ ကျင်းပခဲ့သည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) အစည်းအဝေးတွင် ယခုကဲ့သို့ ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။UPDJC တိုင်းရင်းသား လက်နက်ကိုင် အစုအဖွဲ့မှ ကရင်အမျိုးသား အစည်းအရုံး (KNU) အထွေထွေ အတွင်းရေးမှူးချုပ် ပဒိုစောကွယ်ထူးဝင်းက “ကျွန်တော်တို့ ဆုံးဖြတ်တာကတော့ အခု လက်မှတ် မရေးထိုးသေးတဲ့ အဖွဲ့တွေ အစိုးရ အသိအမှတ်ပြုတဲ့ အဖွဲ့တွေကို ဖိတ်ခေါ်မယ်လေ။ အနည်းဆုံးကတော့ လက်မှတ် မရေးထိုးသေးတဲ့ အဖွဲ့တွေကျတော့ လက်နက်ကိုင် ပဋိပက္ခ မဖြစ်တဲ့ အဖွဲ့တွေကျတော့ တစ်ဖွဲ့ကို သုံးဦးစီ ဖိတ်မယ်။ နောက်ပြီးတော့ ကျန်တဲ့ အဖွဲ့တွေ အစိုးရ အသိအမှတ်ပြုတဲ့ အဖွဲ့ပေါ့နော်။ လက်မှတ် မရေးထိုးရသေးတဲ့ အဖွဲ့တွေကို သုံးဦးကနေ ငါးဦးထိ ဖိတ်မယ်။ အထူး ဖိတ်ကြားသူ အဖြစ်နဲ့ပေါ့” ဟု ပြောကြားသည်။အစိုးရ၏ ငြိမ်းချမ်းရေး ဆွေးနွေးရေး ကိုယ်စားလှယ် အဖွဲ့၏ အလုပ်အဖွဲ့ဖြစ်သော Myanmar Peace Center မှ ဦးအောင်နိုင်ဦးက“UPDJC အစည်းအဝေးမှာ ဘယ်လို ဆုံးဖြတ်လဲဆိုတော့ ရှစ်ဖွဲ့အတွက်ကို အထူး ဖိတ်ကြားသူများ အနေနဲ့ တစ်ဖွဲ့ကို သုံးဦးကနေငါးဦး ဖိတ်ကြားနိုင်သည်။ ဒီအစိုးရ စာရင်းထဲမှာပါတဲ့ လက်မှတ် မထိုးရသေးတဲ့ ရှစ်ဖွဲ့အတွက်။ ကျန်တဲ့ ANC၊ LDU၊ WNO အဲဒီ သုံးဖွဲ့အတွက်ကတော့ တစ်ဖွဲ့လျှင် သုံးဦးစီ ဖိတ်ကြားဖို့ သဘောတူခဲ့ပါတယ်။ စုစုပေါင်း ၁၁ ဖွဲ့ကို လူဦးရေ  ၅၀ ထက် မပိုစေဘဲ ဆိုပြီးတော့ ဆုံးဖြတ်ထားပါတယ်။ ကျန်တဲ့ အဖွဲ့တွေတော့ မပါဘူး” ဟု ပြောကြားသည်။တတိယအကြိမ် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် အကောင်အထည် ဖော်မှုဆိုင်ရာ ညှိနှိုင်း အစည်းအဝေး (JICM) ကို ဒီဇင်ဘာ ၁၆ ရက် နံနက်က နေပြည်တော်၌ ပြုလုပ်ခဲ့ပြီး အစိုးရ၊ NCA လက်မှတ် ထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် နိုင်ငံရေး ပါတီများမှ ကိုယ်စားလှယ်များ ပါဝင်သော UPDJC က ရေးဆွဲခဲ့သည့် နိုင်ငံရေး ဆွေးနွေးမှုဆိုင်ရာ မူဘောင်အား အတည်ပြုပေးခဲ့ကြောင်း၊ ယင်း မူဘောင်အား နိုင်ငံတော် သမ္မတထံသို့ ပေးအပ်ခဲ့ကြောင်း သိရသည်။“ကျွန်တော် ထင်တာတော့ ဒီလမကုန်ခင် သမ္မတက ဘယ်နေ့ဘယ်ရက်မှာ နိုင်ငံရေး ဆွေးနွေးပွဲ စမယ်ဆိုတာ တရားဝင် ကြေညာလိမ့်မယ်။ ဒုတိယ အပတ်မှာပဲ ဖြစ်ဖို့များပါတယ်” ဟု ဦးအောင်နိုင်ဦးက ဒီဇင်ဘာ ၁၈ ရက်တွင် ပြောကြားသည်။အစိုးရနှင့် ကရင်အမျိုးသား အစည်းအရုံး(KNU)၊ ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS/SSA)၊ ပအိုဝ်း အမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO)၊ ချင်း အမျိုးသား တပ်ဦး (CNF)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF)၊ ဒီမိုကရေစီ အကျိုးပြု ကရင်အမျိုးသား တပ်မတော် (DKBA)၊ ကရင် ငြိမ်းချမ်းရေး ကောင်စီ (KNU/KNLAPC)၊ ရခိုင်ပြည် လွတ်မြောက်ရေး ပါတီ (ALP) တို့သည် ၂၀၁၅ ခုနှစ် အောက်တိုဘာ ၁၅ ရက်က NCA လက်မှတ် ရေးထိုးခဲ့ကြပြီး လက်မှတ် ရေးထိုးအပြီး ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို ညှိနှိုင်း ဆောင်ရွက်လျက် ရှိသည်။NCA လက်မှတ်ထိုးအပြီး ရက်ပေါင်း ၉၀ အတွင်း ဆောင်ရွက်ရမည့် နိုင်ငံရေး ဆွေးနွေးပွဲသို့ အထူး ဖိတ်ကြားသူအဖြစ် ဖိတ်ကြားမည့် NCA လက်မှတ် မထိုးရသေးသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၁၁ ဖွဲ့မှာ ကချင် လွတ်မြောက်ရေး အဖွဲ့(KIO/KIA)၊ ကရင်နီ အမျိုးသား တိုးတက်ရေး ပါတီ (KNPP)၊ မွန် ပြည်သစ် ပါတီ(NMSP)၊ ရှမ်းပြည် တိုးတက်ရေး ပါတီ (SSPP/SSA)၊ တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် (PSLF/TNLA)၊ “ဝ” ပြည် သွေးစည်း ညီညွတ်ရေး ပါတီ (UWSP/UWSA)၊ ရှမ်းပြည်နယ် အရှေ့ပိုင်း အမျိုးသား ဒီမိုကရေစီ မဟာမိတ်တပ်ဖွဲ့-မိုင်းလား (NDAA)၊ နာဂ အမျိုးသား ဆိုရှယ်လစ် ကောင်စီ (NSCN-K) စသည့် အစိုးရ အသိအမှတ်ပြု အဖွဲ့အစည်းများအပြင် လားဟူ ဒီမိုကရက်တစ် အစည်းအရုံး (LDU)၊ “ဝ” အမျိုးသား အဖွဲ့ချုပ် (WNO)၊ ရခိုင် အမျိုးသား ကောင်စီ (ANC) တို့ကို ဖိတ်ကြားသွားမည် ဖြစ်ကြောင်း သိရသည်။မြန်မာ အမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော်-ကိုးကန့် (MNDAA) နှင့် ရက္ခိုင့် တပ်မတော် (AA) တို့ကို ဖိတ်ကြားမည် မဟုတ်ကြောင်း သိရသည်။

Most Read

Most Recent