ယခုရက်ပိုင်းအတွင်း ဒေါ်လာဈေးနှုန်းများ ထပ်မံမြင့်တက်လာပြီး ပြည်ပပို့ကုန်မှရငွေ (Earning) တစ်ဒေါ်လာလျှင် ၁၃၁၆ ကျပ်နှင့် ပြင်ပငွေလဲနှုန်း ၁၃၀၆ ကျပ်ဝန်းကျင်သို့ ရောက်ရှိလာ

ယခုရက်ပိုင်းအတွင်း ဒေါ်လာဈေးနှုန်းများ ထပ်မံမြင့်တက်လာပြီး ပြည်ပပို့ကုန်မှရငွေ (Earning) တစ်ဒေါ်လာလျှင် ၁၃၁၆ ကျပ်နှင့် ပြင်ပငွေလဲနှုန်း ၁၃၀၆ ကျပ်ဝန်းကျင်သို့ ရောက်ရှိလာ
Published 16 December 2015
အငယ်ထွေး၊ အောင်မြတ်ကို

ယခုရက်ပိုင်းအတွင်း ဒေါ်လာဈေးနှုန်း ထပ်မံ မြင့်တက်လာပြီး ဗဟိုဘဏ်၏ သတ်မှတ် တစ်ဒေါ်လာလဲနှုန်းပင်လျှင် ဒီဇင်ဘာ ၁၆ ရက်တွင် တစ်ဒေါ်လာလျှင် ၁၃၀၁ ကျပ် ရှိနေပြီး ပြင်ပဈေးကွက်တွင် တစ်ဒေါ်လာလျှင် ၁၃၀၆ ကျပ်ဝန်းကျင်သို့ ဆက်လက်မြင့်လျက် ရှိကြောင်းနှင့် ပြည်ပပို့ကုန်မှရငွေ Earning ဈေးနှုန်းမှာ ၁၃၁၆ ကျပ်ရှိနေကြောင်း ဈေးကွက်အတွင်းမှ စုံစမ်းသိရသည်။“အခု ရက်ပိုင်းမှာ ဒေါ်လာဈေး ထပ်တက်လာတာက ဗဟိုဘဏ်ကနေပြီးတော့ စက်သုံးဆီ၊ စားအုန်းဆီနဲ့ ဘိလပ်မြေ တင်သွင်းဖို့အတွက် လိုအပ်တဲ့ ဒေါ်လာကို ရောင်းပေးတယ် ဆိုပေမယ့် အခုရက်ပိုင်း အတွင်းမှ စက်သုံးဆီ တင်သွင်းမှု မြင့်တက်လာတဲ့အတွက် ဒေါ်လာဈေးနှုန်းတွေ ထပ်တက်လာတယ်လို့ ထင်ပါတယ်” ဟု ဒေါ်လာရောင်းဝယ် လုပ်နေသည့် လုပ်ငန်းရှင် တစ်ဦးက ပြောကြားသည်။ယင်းကဲ့သို့ ဒေါ်လာဈေးနှုန်းများ မြင့်တက်လာမှုသည် ဘက်ဂျက်လိုငွေအတွက် ထပ်တောင်းသည့် ကျပ်ဘီလျံ ၂၅၀၀ ကျော်အား လွတ်တော်က မဖြတ်တောက်ဘဲ အတည်ပြုပေးသည့်အတွက် ဒေါ်လာဈေးနှုန်းပေါ်တွင် ရိုက်ခတ်လာခြင်း ဖြစ်နိုင်ကြောင်းလည်း သုံးသပ်ကြသည်။ဒေါက်တာအောင်ကိုကို (စီးပွားရေးပေါ်လစီ) က “ဒေါ်လာဈေးနှုန်းတွေ အခုလို ထပ်တက်လာတယ်ဆိုတာ ဒေါ်လာရှားလာတာကို ပြတာပါ။ ဘက်ဂျက်လိုငွေ ကျပ်ဘီလျံ ၂၅၀၀ နဲ့ တိုက်ရိုက်ပတ်သက်မှု ရှိမရှိ၊ လွတ်တော်ကိုယ်စားလှယ်တွေ နိုင်ငံရေးပင်စင် တောင်းခံတဲ့ ကိစ္စနဲ့ တိုက်ရိုက်ပတ်သက်မှု ရှိမရှိ ဆိုတာက ပြောရခက်တယ်။ အရေးကြီးတဲ့ ကုန်ပစ္စည်းသုံးမျိုးအတွက် ဗဟိုဘဏ်ကနေ ဒေါ်လာထုတ်ရောင်းပေးတယ် ဆိုပေမယ့် သူမှာ ဒေါ်လာ အလုံအလောက် ရှိရဲ့လား။ အရံငွေကြေးကော ဘယ်လောက်ထိ ရှိပြီး ဘယ်လောက်ထိ နည်းသွားပြီကိုလည်း မသိနိုင်ဘူး။ အခုလို တက်လာပြီ ဆိုကတည်းက ဒေါ်လာရှားလာတယ်ဆိုတာ အမှန်ပဲ” ဟု ပြောကြားသည်။ထို့အတူ ယခုရက်ပိုင်းအတွင်း ယခင် ခွင့်ပြုပေးခဲ့သော ဘဏ်ကိုးဘဏ်အပြင် နောက်ထပ် နိုင်ငံခြားဘဏ်များ ထပ်မံချပေးသွားမည်ဆိုသော ထုတ်ပြန်ချက်နှင့်လည်း ပတ်သက်နိုင်ကြောင်း၊ ထို့အတွက် ဒေါ်လာဝယ်စုနေကြခြင်းလည်း ဖြစ်နိုင်ကြောင်း၊ အလားတူ လာမည့်အစိုးရ လက်ထက်တွင် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ပါက ဒေါ်လာလိုအပ်မှု မြင့်တက်လာမည့် အနေအထားကြောင့် ယခုကဲ့သို့ ဈေးနှုန်းမြင့်တက်ခြင်းလည်း ဖြစ်နိုင်ကြောင်းလည်း ၎င်းက သုံးသပ်ပြောကြားသည်။ဗဟိုဘဏ်၏ ရည်ညွှန်းငွေလဲနှုန်းတွင် ဒေါ်လာသတ်မှတ်နှုန်းသည် ဒီဇင်ဘာ ပထမပတ် ၁ ရက်တွင် တစ်ဒေါ်လာလျှင် ကျပ် ၁၃၀၀၊ ၂ ရက်တွင် တစ်ဒေါ်လာလျှင် ၁၂၉၉ ကျပ်၊ ဒီဇင်ဘာ ၃ ရက်တွင် တစ်ဒေါ်လာလျှင် ၁၂၉၇ ကျပ်၊ ဒီဇင်ဘာ ၄ ရက်မှ ၈ ရက်အထိ တစ်ဒေါ်လာလျှင် ၁၂၉၅ ကျပ် သတ်မှတ်ထားပြီး ဒီဇင်ဘာ ဒုတိယပတ် ၉ ရက်တွင် တစ်ဒေါ်လာလျှင် ၁၂၉၈ ကျပ်၊ ဒီဇင်ဘာ ၁၀ မှ ၁၅ ရက်အထိ တစ်ဒေါ်လာလျှင် ၁၂၉၉ ကျပ် သတ်မှတ်ထားကြောင်း သိရသည်။မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ နေ့စဉ် သတ်မှတ်ပေးနေသည့် ရည်ညွှန်းနိုင်ငံခြား ငွေလဲနှုန်းနှင့် ပြင်ပဈေးကွက်တွင် ဖြစ်ပေါ်နေသည့် နိုင်ငံခြားငွေဈေးကွက်မှာ ကွာဟချက် များနေခြင်းကြောင့်ဟုဆိုကာ ဗဟိုဘဏ်၏ နေ့စဉ်ရည်ညွှန်း နိုင်ငံခြားငွေလဲနှုန်းကို ဇူလိုင် ၁၃ ရက် တစ်ဒေါ်လာ သတ်မှတ်နှုန်း ကျပ် ၁၂၀၀ မှစ၍ တိုးမြှင့်သတ်မှတ်ခဲ့ပြီးနောက် ငါးလအကြာတွင် တစ်ဒါ်လာလျှင် ၁၃၀၁ ကျပ်အထိ ၁၀၁ ကျပ် မြင့်တက်လာခဲ့ခြင်းဖြစ်သည်။ပြင်ပဈေးကွက်ရှိ ဒေါ်လာလဲနှုန်းသည် ဗဟိုဘဏ်၏ တိုးမြှင့်သတ်မှတ်ခြင်းနှင့်အတူ ထပ်မံမြင့်တက်လာခဲ့ပြီး ဒီဇင်ဘာ ၁၅ ရက်တွင် ရောင်းဈေး ၁၃၀၃ ကျပ်ဝန်းကျင်မှ ဒီဇင်ဘာ ၁၆ ရက်တွင် တစ်ဒေါ်လာလျှင် ၁၃၀၆ ကျပ် ဝန်းကျင်သို့ မြင့်တက်လာခဲ့သည်။ဒီဇင်ဘာ ၁၆ ရက်တွင် ဖြစ်ပေါ်နေသော နိုင်ငံခြား ငွေလဲနှုန်းများမှာ ဗဟိုဘဏ်၏ ရည်ညွှန်းငွေလဲနှုန်းတွင် တစ်ဒေါ်လာလျှင် ၁၃၀၁ ကျပ် သတ်မှတ်ထားပြီး ပြင်ပငွေလဲနှုန်းတွင် တစ်ဒေါ်လာလဲနှုန်းမှာ ရောင်းဈေး ၁၃၀၆ ကျပ်ဝန်းကျင်၊ ဝယ်ဈေး ၁၃၀၃ ကျပ်ဝန်းကျင်တွင် ရှိနေသည်။ ပြင်ပဈေးကွက်တွင် စင်ကာပူ တစ်ဒေါ်လာလျှင် ရောင်းဈေး ၉၂၈ ကျပ်ဝန်းကျင်၊ ဝယ်ဈေး ၉၂၂ ကျပ်ဝန်းကျင်နှင့် ယူရိုလဲနှုန်းမှာ တစ်ယူရိုလျှင် ရောင်းဈေး ၁၄၃၀ ကျပ် ဝန်းကျင်၊ ဝယ်ဈေး ၁၄၁၀ ကျပ်ဝန်းကျင်တွင် ရှိနေသည်။ ပြည်တွင်း ပုဂ္ဂလိကဘဏ်များ၏ ငွေလဲကောင်တာများ၌ တစ်ဒေါ်လာလျှင် ရောင်းဈေး ကျပ် ၁၃၁၀ ဝန်းကျင်၊ ဝယ်ဈေး ၁၂၉၇ ကျပ်ဝန်းကျင် ရှိခဲ့သည်။အလားတူ ပြီးခဲ့သည့် ဒီဇင်ဘာ ၉ ရက်က ရန်ကုန်စတော့အိတ်ချိန်းအား ဖွင့်လှစ်လိုက်ပြီး လာမည့်မတ်လတွင် ရှယ်ယာများ ထုတ်ရောင်းမည်ဟု ကြေငြာထားသော်လည်း ရှယ်ယာများကို လိုက်လံဝယ်ယူမှုများ ရှိနေကြပြီဖြစ်ကြောင်း၊ အစိုးရသစ် လက်ထက်တွင် တရားမဝင် ငွေကြေးများ ဝင်ရောက်လာမှုကို ထိန်းချုပ်လာနိုင်သည့်အတွက် ငွေမည်းရှိသူများက ဒေါ်လာများ လိုက်လံဝယ်ယူခြင်းလည်း ဖြစ်နိုင်ကြောင်း သုံးသပ်ကြသည်။အလားတူ Earning ဈေးများ မြင့်တက်လာခြင်းနှင့် ပတ်သက်၍လည်း Earning စစ်စစ်ကိုသာ ခွင့်ပြုနေကြောင်း၊ အစိုးရဘဏ်မှ ကြားခံ၍ မပေးတော့ကြောင်း တရားဝင်စာ ထွက်ထားခြင်း မရှိသော်လည်း ယင်းကဲ့သို့ အနေအထား ရှိနေသည့်အတွက် Earning ဝယ်ယူရခက်လာကာ ဈေးမြင့်တက်လာခြင်း ဖြစ်နိုင်ကြောင်း ဈေးကွက်အတွင်းမှ စုံစမ်းသိရသည်။Earning ဈေးနှုန်းမှာ ဒီဇင်ဘာ ၁၅ ရက်တွင် ၁၃၁၀ ကျပ်ဝန်းကျင်မှ ၁၆ ရက်တွင် ၁၃၁၆ ကျပ် ဖြစ်လာခြင်းဖြစ်ကြောင်း သိရသည်။   

Most Read

Most Recent