ဝန်ကြီး ဦးအုန်းမြင့်၏ ရွေးကောက်ပွဲ ကိုယ်စားလှယ်က တရားလို ပြုလုပ်၍ တိုင်ကြားမှုများတွင် တရားလို၏ တရားရုံး၌ ထွက်ဆိုချက်နှင့် ရဲစခန်းတွင် ထွက်ဆိုချက်များ ကွဲလွဲမှုရှိနေ

ဝန်ကြီး ဦးအုန်းမြင့်၏ ရွေးကောက်ပွဲ ကိုယ်စားလှယ်က တရားလို ပြုလုပ်၍ တိုင်ကြားမှုများတွင် တရားလို၏ တရားရုံး၌ ထွက်ဆိုချက်နှင့် ရဲစခန်းတွင် ထွက်ဆိုချက်များ ကွဲလွဲမှုရှိနေ
Published 14 December 2015
အောင်ထက်ခိုင်၊မြင့်သူ

ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့်၏ ရွေးကောက်ပွဲ ကိုယ်စားလှယ်က တရားလို ပြုလုပ်၍ NLD ကိုယ်စားလှယ် ဒေါ်အေးမြမြမျိုးအား လမ်းပိတ်ဆို့မှု၊ မဲရုံစောင့်ဆရာ၊ ဆရာမများ၊ ကော်မရှင် အဖွဲ့ဝင်များနှင့် ပြည်သူများအား ပြည်သူ့လွှတ်တော် ဥပဒေဖြင့် တရားစွဲဆိုထားသည့် အမှုများ၏ ဒုတိယ အကြိမ်မြောက် ရုံးချိန်းကို ဒီဇင်ဘာ ၁၄ ရက်တွင် ကျောက်တန်းမြို့နယ် တရားရုံး၌ ရုံးထုတ်ခဲ့ပြီး တရားလိုဖြစ်သူ ဦးမျိုးချစ်အား စစ်ဆေးခဲ့ကြောင်း သိရသည်။တရားလိုဖြစ်သူ ဦးမျိုးချစ်အား NLD ပါတီ ကိုယ်စားလှယ် ဒေါ်အေးမြမြမျိုး အပေါ်တွင် စွဲဆိုထားသော လမ်းပိတ်ဆို့မှုအတွက် စစ်ဆေးရာတွင် တရားရုံးရှေ့တွင် ထွက်ဆိုခဲ့သော ထွက်ချက်၌ ဦးအုန်းမြင့် စီးလာသော ကားနှင့် မိမိစီးလာသော ကားမှာ NLD ပါတီမှ မဲဆွယ်နေသော ဆိုင်ကယ်များကြားမှ ရှောင်တိမ်း၍ ထွက်ခဲ့ကြကြောင်း ထွက်ဆိုခဲ့ရာ ဥပဒေ အရာရှိက ပိတ်ဆို့သည်ဟုဆိုကာ တရားစွဲဆိုထားပြီး ယခု လွတ်ထွက်သွားသည်ဟု ထွက်ဆိုနေသဖြင့် ဘယ်လိုမျိုး ပိတ်လဲဟု ပြန်လည် မေးမြန်းခြင်းကို စွပ်စွဲခံရသူ ရှေ့နေက ကန့်ကွက်ခဲ့ကြောင်း၊ ယင်းသို့ ကန့်ကွက်ခဲ့သဖြင့် တရားရုံးမှလည်း ထိုမေးခွန်းကို ပယ်ချခဲ့ကြောင်း သိရသည်။ထို့နောက် ဥပဒေ အရာရှိက တရားလို ဦးမျိုးချစ် အနေဖြင့် ရဲစစ်ချက်၌ မတရားတားဆီး ပိတ်ပင်သည်ဟု ထွက်ဆိုထားသော်လည်း ရုံးတော်သို့ သက်သေအဖြစ် စစ်ဆေးစဉ် မတရား တားဆီးပိတ်ပင်သည့် အနေအထားမျိုး စွပ်စွဲခံရသူက မလုပ်ခဲ့သလို ထွက်ဆိုနေသဖြင့် ရဲစက္ကူဖြင့် တိုက်ဆိုင် စစ်ဆေးခွင့်ပြုရန် တရားရုံးသို့ လျှောက်ထားမှုအား တရားရုံးမှ တိုက်ဆိုင် စစ်ဆေးခွင့် ပြုခဲ့ကြောင်း သိရသည်။ယင်းသို့ တိုက်ဆိုင် စစ်ဆေးခဲ့ပြီး ဦးမျိုးချစ်၏ ထွက်ချက်များမှာ တရားရုံးရှေ့ ထွက်ချက်နှင့် ရဲထံထွက်ဆိုချက်တို့မှာ ကွဲလွဲနေသဖြင့် တရားသူကြီးက ယင်းထွက်ချက်နှစ်ခု ဘယ်ထွက်ချက် အမှန်ဖြစ်သလဲဟု မေးမြန်းရာ ဦးမျိုးချစ်မှ ရဲထံထွက်ချက်မှာ အမှန်ဖြစ်ပါသည်ဟု ပြန်လည် ဖြေကြားခဲ့ကြောင်း သိရသည်။ယင်းနောက် ဦးမျိုးချစ်ဘက်မှ သက်သေခံ စာရွက်စာတမ်းများကို တရားရုံးသို့ တင်သွင်းခဲ့ကြောင်း သိရသည်။“ရဲမှာ တိုင်ထားတာက ကျွန်မတို့က ပိတ်ဆို့တယ် ဆိုပြီး တိုင်ထားတာ။ တရားရုံးမှာ ထွက်တဲ့အခါကျတော့ လွတ်ထွက်သွားတယ် ဆိုပြီးတော့ ထွက်ထားတယ်။ လမ်းရှင်း ပေးတာကလည်း ကျွန်မတို့ ဥက္ကဋ္ဌ ကိုယ်တိုင် လမ်းရှင်းပေးခဲ့တာ။ သူ့ရဲ့ အဓိက ထွက်ချက်က တရားရုံးမှာ တစ်မျိုး၊ ရဲစခန်းမှာ တစ်မျိုး ထွက်ဆိုခဲ့တယ်။ တရားသူကြီးက ဘယ်ထွက်ချက်က မှန်လဲလို့ မေးတော့လည်း ရဲထံမှာ ထွက်ဆိုချက်က မှန်တယ်လို့  ထွက်ဆိုသွားတယ်။ ကျွန်မတို့ကလည်း ဘာမှ မလုပ်ခဲ့တာ ကျွန်မတို့ ပြည်သူတွေလည်း သိပါတယ်” ဟု တရားစွဲဆို ခံထားရသည့် ဒေါ်အေးမြမြမျိုးက ပြောကြားခဲ့သည်။ထို့အပြင် ကျောက်တန်းမြို့နယ် မင်္ဂလွန်းကျေးရွာ မဲရုံမှူး ဦးဉာဏ်ဝင်းနှင့် ဒုမဲရုံမှူး ဒေါ်မြမြမူအား ဦးမျိုးချစ်မှပင် တရားလို ပြုလုပ်၍ မဲလက်မှတ်များအား မသမာသောနည်းဖြင့် ရေတွက်၍ အရေးယူ တိုင်တန်းချက်အား တရားရုံးသို့ ထွက်ဆိုရာတွင် ရဲစခန်းတွင် ထွက်ဆိုခဲ့သော ထွက်ဆိုချက်နှင့် ရုံးရှေ့ ထွက်ဆိုချက်မှာ ကွဲလွဲနေသောကြောင့် စွပ်စွဲခံရသူ၏ ရှေ့နေက ပြစ်မှုဆိုင်ရာ ကျင့်ထုံး ဥပဒေပုဒ်မ ၁၉၃ အရ အရေးယူပေးရန် လျှောက်ထားခဲ့ကြောင်းလည်း သိရသည်။ယင်းနောက် ကျောက်တန်းမြို့နယ်၊ ဇွဲကနာကျေးရွာနေ ဦးတင်စိုးနှင့် သားဖြစ်သူ ပြည့်စုံစိုးတို့မှာ တစ်ကြိမ်ထက်ပိုပြီး ဆန္ဒမဲပေးသည်ဟုဆိုကာ ဦးမျိုးချစ်ကပင် တရားလိုပြု တရားစွဲဆိုမှုအတွက် စစ်ဆေးရာတွင် ဦးမျိုးချစ်၏ ထွက်ဆိုချက်များမှာ တဆင့်ကြားသိ၍ တိုင်တန်းချက်သာဖြစ်ပြီး ယင်းအမှုမှာ မဲရုံမှူးမှသာ တရားစွဲဆိုခွင့်ရှိပြီး ကိုယ်စားလှယ် အနေဖြင့် တရားစွဲခွင့် မရှိကြောင်း ပြောကြား၍ ယင်းအမှုအား ပယ်ချခဲ့ကြောင်း သိရသည်။ထို့အပြင် ၁၄ နှစ်အရွယ် ရှစ်တန်းကျောင်းသူမှ ကိုယ်စား မဲပေးမှုခဲ့မှုအတွက် ဦးမျိုးချစ်ကပင် တရားလိုပြု တိုင်တန်းထားသည့် အမှုတွင်လည်း စွပ်စွဲခံရသူ၏ ရှေ့နေမှ စွပ်စွဲခံရသူမှာ အသက် မပြည့်သေးသဖြင့် ကင်းလွတ်ခွင့်ပြုရန် လျှောက်ထားမှုအား တရားရုံးမှ ကင်းလွတ်ခွင့် ပြုခဲ့ပြီး ရှေ့နေမှသာ တာဝန်ယူ၍ ဆက်လက် စစ်ဆေးသွားမည် ဖြစ်ကြောင်း သိရသည်။အမှုနှင့် ပတ်သက်၍ စွပ်စွဲခံထားရသူများ၏ဘက်မှ လိုက်လံ ကူညီဆောင်ရွက် ပေးနေသော တရားလွှတ်တော်ရှေ့နေ ဦးအောင်သိန်းအား မေးမြန်းရာတွင် “အမှုစစ်ဆေးနေတဲ့ အခါမှာ အကြောင်း အချင်းအရာတွေကို ဘာမှ ပြောဆိုခွင့်တော့ မရှိဘူး။ သို့သော်လည်း သူ့ရဲ့ ထွက်ဆိုချက်တွေမှာ ကျွန်တော်တို့ဘက်က ခုခံချေပဖို့ လမ်းကြောင်းတွေ တော်တော်လေး များများတွေ့ရတယ်။ နောက်ပြီး သူက ရဲရှေ့မှာ ထွက်ဆိုခဲ့တာက မှန်တယ်လို့ ပြောသွားတဲ့အတွက် ဒီတရားရုံးရှေ့ ထွက်ဆိုတာက မမှန်ဘူးလို့ သဘောမျိုး ဖြစ်နေတယ်။ အဲဒီအတွက် ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ပုဒ်မ ၁၉၃ အရ အရေးယူပေးဖို့  တရားရုံးမှာ လျှောက်ထားခဲ့တယ်။ တရားရုံးကတော့ အရေးယူမယ် မယူဘူး ဆိုတာတော့ မသိသေးပါဘူး။ နောက်ပြီး ရှစ်တန်းကျောင်းသူ ကလေးမလေးကို တရားစွဲဆိုထားတဲ့ ကိစ္စကိုလည်း တရားရုံးမှာ ကင်းလွတ်ခွင့် လျှောက်လိုက်တော့ ကင်းလွတ်ခွင့် ပေးလိုက်တယ်။ ကလေးသူငယ်လဲဖြစ်တယ်။ ကျောင်းတက်နေရသူလဲ ဖြစ်တဲ့အတွက် ပညာရေးကို ထိခိုက်မှာ ဆိုးတဲ့အတွက် သူ့ကိုယ်စား ကျွန်တော်တို့က တာဝန်ခံပြီးတော့ စစ်ဆေးသွားမှာပါ” ဟု ပြောကြားခဲ့သည်။ယခု ဒီဇင်ဘာ ၁၄ ရက် စစ်ဆေးမှုတွင် ပြည်သူ့လွှတ်တော် ဥပဒေဖြင့် တရားစွဲဆိုထားသော အမှု ၁၅ မှုနှင့် ဒေါ်အေးမြမြမျိုးအား ပြစ်မှုပုဒ်မ ၃၄၁ ဖြင့် တရားစွဲဆိုထားသော အမှုတို့အတွက် တရားလိုဖြစ်သော ဦးမျိုးချစ်အား စစ်ဆေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ထို့နောက် ဒီဇင်ဘာ ၂၁ ရက်သို့ ရုံးချိန်း ပြန်လည် ချိန်းဆိုခဲ့ကာ ယင်းနေ့တွင်လည်း တရားလိုဖြစ်သူ ဦးမျိုးချစ်ကိုပင် ဆက်လက် စစ်ဆေးသွားမည် ဖြစ်ကြောင်း သိရသည်။