လွှတ်တော် ကိုယ်စားလှယ်များ နိုင်ငံရေး တစ်လုံးတစ်ခဲတည်း ပင်စင် ခံစားခွင့် ရရှိနိုင်ရန်အတွက် ဒီဇင်ဘာလ ၁၄ ရက်နေ့တွင် လွှတ်တော်ရုံး အဖွဲ့မှ စာရင်း ကောက်ယူနေကြောင်း လွှတ်တော် ကိုယ်စားလှယ်များထံမှ သိရသည်။အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ မြတ်ဉာဏစိုးက “လက်ရှိ လွှတ်တော် ကိုယ်စားလှယ်တွေကို နိုင်ငံရေးပင်စင် တစ်လုံးတစ်ခဲတည်းပေးဖို့ စာရင်း ကောက်နေပါတယ်။ ဘယ်လောက် ခံစား ခံရခွင့် ရမလည်းဆိုတော့ လွှတ်တော် ကိုယ်စားလှယ်တွေရဲ့ နောက်ဆုံး ရရှိတဲ့ လစာကို လုပ်သက်နဲ့မြှောက်ပြီးတော့ ရမယ်လို့ သိရပါတယ်။ ၅ နှစ်သက်တမ်းဆိုတော့ သိန်း ၅၀ ရမယ်။ နောက်သက်တမ်းမှာ မပါတော့မယ့် လွှတ်တော် ကိုယ်စားလှယ်တွေကို ပေးမယ်လို့ သိရတယ်။ နောက်လွှတ်တော် သက်တမ်းမှာ ဆက်လက် ထမ်းဆောင်မယ့် ကိုယ်စားလှယ်တွေကတော့ နောက်သက်တမ်း ပြည့်ပြီးမှ ရမှာပေါ့။ ထမ်းဆောင်ခဲ့တဲ့ လွှတ်တော်သက်တမ်းနဲ့ နောက်ဆုံး ရရှိခဲ့တဲ့ လစာနဲ့ မြှောက်ပြီး ရမှာဖြစ်ပါတယ်” ဟု ပြောကြားခဲ့သည်။လက်ရှိ လွှတ်တော် သက်တမ်းတွင် လွှတ်တော်သက်တမ်း ၅ နှစ်ရှိသည့် လွှတ်တော် ကိုယ်စားလှယ်များ၊ ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲတွင် အနိုင်ရလာသည့် လွှတ်တော် ကိုယ်စားလှယ်များ ရှိကြောင်း၊ လွှတ်တော် သက်တမ်း ထမ်းဆောင်ခဲ့သည့် နှစ်အလိုက် တစ်လုံးတစ်ခဲတည်း ပင်စင် ခံစားရမည်ဖြစ်ကြောင်း သိရသည်။“လွှတ်တော်ရဲ့ ရုံးအဖွဲ့က စာရင်းပြုစုနေတာ ဖြစ်ပါတယ်။ ပင်စင် ချီးမြှင့်ငွေကတော့ အစိုးရအဖွဲ့က ပေးရမှာပေါ့။ နိုင်ငံရေးပို့စ် အားလုံးပေါ့။ ဝန်ကြီးတွေ၊ ဒုဝန်ကြီးတွေက အစပေါ့။ လစဉ်ချီးမြှင့်ငွေ ရမှာကတော့ သမ္မတရယ်၊ ဒုတိယ သမ္မတရယ်ကတော့ ကွယ်လွန်တဲ့ အချိန်အထိ လစဉ် ပင်စင်ချီးမြှင့်ငွေ ရရှိမှာ ဖြစ်ပါတယ်။ လွှတ်တော် နာယကတို့၊ လွှတ်တော် ဥက္ကဋ္ဌတို့ကတော့ တစ်လုံးတစ်ခဲတည်း ပင်စင် ချီးမြှင့်ငွေပဲ ခံစားရမှာ ဖြစ်ပါတယ်” ဟု ဒေါက်တာ မြတ်ဉာဏစိုးက ပြောကြားခဲ့သည်။ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်များ၏ ချီးမြှင့်ငွေ၊ စရိတ်နှင့် အဆောင်အယောင်များ ဥပဒေအရ ချီးမြှင့်ခြင်း ဖြစ်ကြောင်း၊လွှတ်တော် ကိုယ်စားလှယ်များ အနေဖြင့်လည်း ယင်းဥပဒေနှင့် အကျုံးဝင်ကြောင်း၊ လက်ရှိတွင် တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်များ မပါဝင်ဘဲ အရပ်သား လွှတ်တော် ကိုယ်စားလှယ်ဦးရေသည် ၄၀၀ ကျော်ရှိကြောင်း ဆက်လက် ပြောကြားခဲ့သည်။“နိုင်ငံရေး ခံစားခွင့် ပင်စင် ချီးမြှင့်ငွေအား လွှတ်တော် သက်တမ်း တစ်ဖြတ်ချင်းစီအလိုက် ချီးမြှင့်သွားမည် ဖြစ်ကြောင်း၊ အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေး ကဏ္ဍအားလုံးအား သက်တမ်းအလိုက် ချီးမြှင့်သွားမည် ဖြစ်ကြောင်း၊ လစဉ် ချီးမြှင့်မည် ဆိုပါက နိုင်ငံတော်အတွက်လည်းဝန်ထုပ်ဝန်ပိုး ဖြစ်နိုင်ကြောင်း ဒေါက်တာ မြတ်ဉာဏစိုးက ပြောကြားခဲ့သည်။ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခိုင်မောင်ရည်ကလည်း လွှတ်တော် ကိုယ်စားလှယ်များ၏ နိုင်ငံရေးပင်စင် တစ်လုံးတစ်ခဲတည်း ခံစားခွင့် ရရှိရန်အတွက် လွှတ်တော်တွင် စာရင်းကောက်ယူမှုများ ပြုလုပ်နေကြောင်း ပြောကြားခဲ့သည်။
လွှတ်တော် ကိုယ်စားလှယ်များ နိုင်ငံရေး တစ်လုံးတစ်ခဲတည်း ပင်စင်ခံစားခွင့် ရရှိရန်အတွက် စာရင်း ကောက်ယူနေ















