ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ် အတွင်းရှိ လက်ဖက်ရည်ဆိုင်ရှေ့၌ ဒီဇင်ဘာ ၁၃ ရက် ညနေ ၆ နာရီဝန်းကျင်တွင် ရဲတပ်ဖွဲ့ဝင် တစ်ဦးက ဗဟန်းမြို့နယ်နေ အမျိုးသား တစ်ဦးကို လက်ထိတ်ဖြင့် ရိုက်နှက်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။ထို့ကြောင့် အရိုက်ခံရသည့် အမျိုးသားမှာ ဦးခေါင်းထိပ်ကွဲ ဒဏ်ရာ ရရှိခဲ့ပြီး ရန်ကုန် ပြည်သူ့ဆေးရုံကြီး ဦးနှောက်နှင့် အာရုံကြောဌာနတွင် အတွင်းလူနာ (မစိုးရိမ်ရ) အဖြစ် ဆေးကုသလျက်ရှိရာ အဆိုပါ ဖြစ်စဉ်မှာ လူမှုကွန်ရက် စာမျက်နှာများ၌ ပျံ့နှံ့ခဲ့သည်။ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့က ၎င်းတို့၏ တရားဝင် Facebook စာမျက်နှာမှတစ်ဆင့် ရှင်းလင်းမှု ပြုလုပ်ခဲ့ပြီး ရိုက်နှက်ခဲ့သူမှာ ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ ရဲတပ်ကြပ်ဝင်းနိုင်ဖြစ်ကာ ရုံးတာဝန်ပြီးဆုံးချိန်တွင် ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်မှ တာမွေမြို့နယ်ရှိ ၎င်းနေထိုင်ရာ ကျိုက္ကဆံရဲရိပ်သာသို့ ဆိုက်ကယ်ဖြင့် ပြန်လာခဲ့ကြောင်း သိရသည်။ထို့နောက် တာမွေမြို့နယ် တာမွေကြီး (ခ)ရပ်ကွက် ဦးချစ်မောင်လမ်းပေါ်ရှိ ကွမ်းယာဆိုင် အနီးတွင် ဆိုင်ကယ်အား သော့တန်းလန်းဖြင့် ရပ်တန့်၍ ကွမ်းယာဝယ်ယူနေစဉ် ဗဟန်းမြို့နယ် ဆရာစံတောင်ရပ်ကွက်နေသူ အမျိုးသားတစ်ဦးက ၎င်းဆိုင်ကယ်ပေါ်သို့ တက်ခွနေသည်ကို ရဲတပ်ကြပ်မှ တွေ့ရှိသဖြင့် ဆိုင်ကယ်သူခိုးဟု ထင်မှတ်ကာ သွားရောက် ဟန့်တားစဉ် စကားများကြရာ ရဲတပ်ကြပ်က လက်ထိတ်ဖြင့် ယင်းအမျိုးသား၏ ဦးခေါင်းအား ရိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။အဆိုပါ ဖြစ်စဉ်ကြောင့် ရဲတပ်ကြပ်ဝင်းနိုင်အား တာမွေမြို့မ ရဲစခန်းတွင် ချုပ်နှောင်ထားရှိပြီး စုံစမ်းစစ်ဆေးရေး ခုံရုံးဖွဲ့၍ စစ်ဆေးကာ ရဲစည်းကမ်းထိန်းသိမ်းရေး ဥပဒေဖြင့် အရေးယူ ဆောင်ရွက်သွာမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့၏ ရှင်းလင်းချက်၌ ဖော်ပြခဲ့သည်။အရိုက်ခံရသူမှာ လက်ဖက်ရည်ဆိုင် ထိုင်နေရာမှာ ၎င်း၏ သူငယ်ချင်းဆိုင်ကယ်ဟု ထင်မှတ်၍ ဆိုင်ကယ်ပေါ်သို့ တက်ထိုင်လိုက်ရာမှ ယင်းသို့ ရဲတပ်ကြပ်၏ ရိုက်နှက်မှုကို ခံခဲ့ရခြင်းဖြစ်ပြီး ခေါင်းတွင် ငါးချက်ချုပ်လိုက်ရကာ ဆေးစာအဖြေရရှိသည့် အခါမှ အမှုဖွင့်၊ မဖွင့်ကို ပြုလုပ်သွားမည်ဖြစ်ကြောင်း အရိုက်ခံရသူ၏ ညီမဖြစ်သူက ပြောကြားထားသည်။
တာမွေမြို့နယ်တွင် အမျိုးသားတစ်ဦးကို လက်ထိတ်ဖြင့် ရိုက်နှက်ခဲ့သည့် ရဲတပ်ကြပ်အား ရဲစည်းကမ်းထိန်းသိမ်းရေး ဥပဒေဖြင့် အရေးယူမည်ဖြစ်ကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့ ရှင်းလင်း