ဖမ်းဆီးတရားစွဲခံထားရသူ မချောစန္ဒီထွန်း၏ (၈)ကြိမ်မြောက် ရုံးထုတ်တွင် မအူပင်မြို့နယ် တရားသူကြီးက ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ) ဖြင့် စွဲချက်တင် အမိန့်ချ

ဖမ်းဆီးတရားစွဲခံထားရသူ မချောစန္ဒီထွန်း၏ (၈)ကြိမ်မြောက် ရုံးထုတ်တွင် မအူပင်မြို့နယ် တရားသူကြီးက ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ) ဖြင့် စွဲချက်တင် အမိန့်ချ
Published 14 December 2015
သက်မင်း

ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ)၊ အသရေဖျက်မှုပုဒ်မ ၅၀၀ဖြင့် ဖမ်းဆီး တရားစွဲခံထားရသူ မချောစန္ဒီထွန်းကို မအူပင်မြို့နယ် တရားသူကြီးက ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ) ဖြင့် စွဲချက်တင်ပြီး အသရေဖျက်မှုပုဒ်မ ၅၀၀ ဖြင့် စွဲဆိုခံထားရသည့် အမှုအား ဒီဇင်ဘာ ၁၄ ရက်တွင် ခေါ်ဆိုသော ရုံးချိန်းတွင် တရားရှင် လွှတ်ပေးခဲ့ကြောင်း တရားရုံးကြားနာမှုအရ သိရသည်။
ဒေါ်အောင်ဆန်းစုကြည် ဝတ်ဆင်သော ထဘီအရောင်နှင့် အသစ်ပြောင်းလဲဝတ်ဆင်သော တပ်မတော် ယူနီဖောင်းအရောင်တို့ကို Facebook တွင် နှိုင်းယှဉ်ဖော်ပြမှုကြောင့် အနောက်တောင်တိုင်း စစ်ဌာနချုပ်မှ ဒုတိယဗိုလ်မှူးကြီးကျော်ထင်က ပုဒ်မနှစ်ခုဖြင့် တရားလိုပြုလုပ် တရားစွဲဆိုမှုကို တရားရုံးက အသရေဖျက်မှု ပုဒ်မ ၅၀၀ ကို ပယ်ဖျက်ခဲ့ပြီး ဆက်သွယ်ရေး ဥပဒေပုဒ်မဖြင့်သာ စွဲချက်တင်ခဲ့ခြင်း ဖြစ်သည်။
 တရားလိုပြသက်သေ ၇ ယောက်စလုံးကို စစ်ဆေးခဲ့ပြီးဖြစ်သည့်အတွက် ဒီဇင်ဘာ ၁၄ ရက်က ခေါ်ဆိုသော ရုံးချိန်းတွင် မချောစန္ဒီထွန်းအား ၎င်း၏ရှေ့နေက စစ်ဆေး မေးမြန်းခဲ့ပြီး မချောစန္ဒီထွန်းက ၎င်းတွင် အပြစ်မရှိကြောင်း၊  စွပ်စွဲခံရသော ဓာတ်ပုံမှာ ၎င်းတင်ထားသော ဓာတ်ပုံမဟုတ်ကြောင်းနှင့် ဥပဒေအရာရှိက မေးမြန်းသောအခါ ၎င်း၏နာမည်ဖြင့် Facebook အကောင့်များစွာ ရှိကြောင်းနှင့် ၎င်းအကောင့်များကို ရုံးတော်ရှေ့တွင် ရှာဖွေပြသခဲ့ပြီး ထိုအကောင့်များကို Report တင်ခဲ့ကြောင်း ရုံးတော်တွင် အဓိက ထွက်ဆိုခဲ့သည်။
 “ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ)နဲ့တော့ တရားရုံးက စွဲချက်တင်ပြီးတော့ ထုချေဖြေရှင်းခိုင်းတယ်။ စွဲချက်တင်ပြီးတဲ့ နောက်စွပ်စွဲခံရသူက အပြစ်မရှိတဲ့အတွက် သက်သေအဖြစ်နဲ့လည်း ယနေ့စစ်တယ်။သက်သေအဖြစ်နဲ့ စစ်တော့လည်း ကောင်းပါတယ်။ ဥပဒေအရာရှိကလည်း ဒါနဲ့ပတ်သက်ပြီး တော်တော်လေး အဖြေမှန်ရှာတာ တွေ့ရတယ်။ နစ်နာပါစေတော့ဆိုပြီး ရည် ရွယ်မေးခွန်းမေးတာလည်း မတွေ့ရဘူး။ တရားရုံးကလည်း သက်သေမခိုင်လုံဘူး အထောက်အထား မစုံလင်ဘူးဆိုပြီး စစ်ဆေး သုံးသပ်ပြီးတော့ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၅၀၀ နဲ့ စွဲထားတဲ့အမှုကိုလည်း တရားရှင် လွှတ်ပေးခဲ့တယ်”ဟု မချောစန္ဒီထွန်း၏ ရှေ့နေ ဦးရောဘတ်စန်းအောင်က ပြောကြားသည်။
“တရားသူကြီးက တရားမျှတတယ် ထင်ပါတယ်။ အခုဆို တစ်မှုနိုင်သွားပြီ။တစ်မှုပဲ ကျန်တော့တယ်ပေါ့။ ကျွန်မမှာ အပြစ်မရှိဘူးဆိုတော့ ဆက်လက်ရင်ဆိုင်သွားမယ်။ ထောင်ထဲမှာ နေထိုင်ရတာတော့ သိပ်အဆင်မပြေ ဘူးပေါ့”ဟု မချောစန္ဒီထွန်းက ရုံးထုတ်အပြီးတွင် မီဒီယာများသို့ပြောကြားသည်။
  စွပ်စွဲခံရသူ မချောစန္ဒီထွန်း၏အမှုတွင် စွပ်စွဲခံရသူအား သက်သေအဖြစ် ၇ ယောက် ထွက်ဆိုပေးမည်ဖြစ်ကြောင်းသိရပြီးနောက် ရုံးချိန်းကို ဒီဇင်ဘာ ၂၁ ရက်သို့ ချိန်းဆိုထားကြောင်း သိရသည်။
အသက်၂၅နှစ်အရွယ်ရှိ မချောစန္ဒီထွန်းကို အောက်တိုဘာ ၁၂ ရက် ညပိုင်းတွင် ဗဟန်းမြို့နယ်ရှိ တရားစခန်းတစ်ခု၌ ရဲတပ်ဖွဲ့ဝင်များက လာရောက် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ခြင်း ဖြစ်ကာ ညတွင်းချင်းပင် မအူပင်ရဲစခန်းသို့ ပို့ဆောင်ပြီး အောက်တိုဘာ ၁၃ ရက်တွင် စတင်ရုံးထုတ် စစ်ဆေးခဲ့ခြင်း ဖြစ်သည်။
လက်ရှိအချိန်တွင် မအူပင်အကျဉ်းထောင်တွင် အချုပ်ကျခံနေရသည့် မချောစန္ဒီထွန်းသည် အမျိုးသားပညာရေး ဥပဒေကို ဆန့်ကျင်ကန့်ကွက် ဆန္ဒပြသော ဒီမိုကရေစီ ပညာရေးသပိတ် (ဧရာဝတီသပိတ်စစ်ကြောင်း) တွင် ဝန်းရံပါဝင်ခဲ့ပြီး ရေဘေးဒုက္ခသည်များ အရေးတွင်လည်း ပါဝင်ကူညီမှုများရှိခဲ့ကာ Facebook ပါ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီကို ထောက်ခံသည့် ပို့စ်များ ရေးသားလေ့ရှိသူဖြစ်ကြောင်း ၎င်း၏သူငယ်ချင်း၊ လုပ်ဖော်ကိုင်ဖက်များထံမှ သိရသည်။

Most Read

Most Recent