ရန်ကုန်မြို့ရှိ ယာဉ်မရပ်ရလမ်း ၁၄၄ လမ်းပေါ်၌ ယာဉ်ရပ်နားသဖြင့် ယခုနှစ် ၁၁ လအတွင်း အရေးယူခဲ့သည့် ယာဉ်အစီးရေ ၁၂၀၀၀ ကျော်ရှိ

ရန်ကုန်မြို့ရှိ ယာဉ်မရပ်ရလမ်း ၁၄၄ လမ်းပေါ်၌ ယာဉ်ရပ်နားသဖြင့် ယခုနှစ် ၁၁ လအတွင်း အရေးယူခဲ့သည့် ယာဉ်အစီးရေ ၁၂၀၀၀ ကျော်ရှိ
Published 14 December 2015
ရှိုင်းလင်းအောင်

ရန်ကုန်မြို့အတွင်းရှိ ယာဉ်မရပ်ရလမ်းအဖြစ် သတ်မှတ်ထားသော ၁၄၄ လမ်းပေါ်၌ ယာဉ် ရပ်နားခဲ့သဖြင့် ၂၀၁၅ ခုနှစ် ဇန်နဝါရီမှ နိုဝင်ဘာလအထိ ၁၁ လအတွင်း အရေးယူသည့် ယာဉ်အစီးရေ ၁၂၀၀၀ ကျော်ရှိကြောင်း အမှတ် (၂) ယာဉ်ထိန်းရဲတပ်ဖွဲ့မှူးရုံးက စုံစမ်းသိရသည်။ရန်ကုန်မြို့တွင် ယာဉ်ကြောပိတ်ဆို့မှု လျော့နည်းစေရန်အတွက် ရည်ရွယ်၍ ယာဉ်မရပ်ရ လမ်းများကို ၂၀၁၃ ခုနှစ်နိုဝင်ဘာ ၈ ရက်မှ စတင် သတ်မှတ်ခဲ့ရာ ယခု ၂၀၁၅ ခုနှစ် နိုဝင်ဘာအထိ နှစ်နှစ်တာ ကာလအတွင်း ယာဉ်မရပ်ရ လမ်းများပေါ်တွင် ယာဉ်ရပ်နားသဖြင့် အရေးယူခဲ့သည့် ယာဉ်စီးရေမှာ စုစုပေါင်း ၁၂၆၅၄ စီး ရှိနေပြီဖြစ်ကြောင်း သိရသည်။အဆိုပါ ယာဉ်မရပ်ရ လမ်းများပေါ်တွင် ရပ်နားသည့် ယာဉ်များကို ယာဉ်ထိန်းရဲတပ်ဖွဲ့က ဖမ်းဆီးကာ စည်ပင်သာယာရေး ကော်မတီမှ စည်ပင်ဥပဒေပုဒ်မ ၆၃ (ဍ္ဍ) ဖြင့် အရေးယူလျက်ရှိပြီး ရန်ကုန်မြို့အတွင်းရှိ စည်ပင်သာယာ တရားရုံး ခုနှစ်ရုံးမှ အဆိုပါယာဉ်များအား သတ်မှတ်ထားသည့် ဒဏ်ငွေများ ချမှတ်ကြောင်း သိရသည်။ယင်းသို့ အရေးယူရာတွင် ၂၀၁၅ ခုနှစ် မော်တော်ယာဉ် ဥပဒေဖြင့် အရေးယူခြင်းဖြစ်ပြီး ပြစ်ဒဏ်အနေဖြင့် သုံးသောင်းထက် မပိုသော ဒဏ်ငွေ ပေးဆောင်ရခြင်းဖြစ်သည်။“သတ်မှတ်ထားတဲ့ ယာဉ်မရပ်ရ လမ်းပေါ်မှာ ကားရပ်ရင် ဘယ်ကားကိုမဆို အရေးယူပါတယ်။ ခဏပဲ ရပ်တာ ဆိုရင်တော့ ကိစ္စမရှိဘူး။ အချို့တွေကားတွေက အဲဒီနေရာမှာ တစ်နေကုန်ကို ရပ်ထားကြတာ။ အဲဒီလို ကားမျိုးကို ကျွန်တော်တို့ ယာဉ်ထိန်းက ချလန်ဖြတ် အရေးယူတယ်။ ပြီးရင် သက်ဆိုင်ရာ စည်ပင်တရားရုံးကို လွှဲလိုက်တယ်။ စည်ပင် တရားသူကြီးက သတ်မှတ်ထားတဲ့အတိုင်း ဒဏ်ငွေ ချမှတ်ပါတယ်” ဟု အမှတ် (၂) ယာဉ်ထိန်းရဲတပ်ဖွဲ့မှူးရုံးက ဒုတိယရဲမှူးကြီး အောင်ကိုဦးက ပြောကြားသည်။