နို့စို့ကလေးနှင့် ကလေးငယ်များအတွက် ထုတ်လုပ်ထားသော အစားအသောက်များ ဈေးကွက်တင်ခြင်းဆိုင်ရာ အမိန့်စာပါ စည်းကမ်းချက်အချို့ ချိုးဖောက်မှု ရှိနေ

နို့စို့ကလေးနှင့် ကလေးငယ်များအတွက် ထုတ်လုပ်ထားသော အစားအသောက်များ ဈေးကွက်တင်ခြင်းဆိုင်ရာ အမိန့်စာပါ စည်းကမ်းချက်အချို့ ချိုးဖောက်မှု ရှိနေ
Published 13 December 2015

နို့စို့ကလေးနှင့် ကလေးငယ်များအတွက် ဖော်စပ်ထုတ်လုပ်ထားသော အစားအသောက်များ ဈေးကွက်တင်ခြင်းဆိုင်ရာ အမိန့်စာပါ စည်းကမ်းချက်များကို ရောင်းချသူများမှ ချိုးဖောက်မှုအချို့ရှိနေကြောင်း သိရသည်။မြန်မာနိုင်ငံတွင် ၂၀၁၄ ခုနှစ် ဇူလိုင်လက ထုတ်ပြန်ခဲ့သည့် “နို့စို့ကလေးနှင့် ကလေးငယ်အတွက် ဖော်စပ်ထုတ်လုပ်ထားသော အစားအသောက်များ ဈေးကွက်တင်ခြင်း ဆိုင်ရာအမိန့်” အရ ကလေးငယ်များအတွက် ဖော်စပ်ထုတ်လုပ်ထားသော အစားအသောက်များ၊ မိခင်နို့ရည် အစားထိုးအစာများကို ဈေးကွက်တင်ခြင်းများကို ပြုလုပ်ခွင့် မရှိသော်လည်း အချို့သောရောင်း ချသူများက အွန်လိုင်းမှ တစ်ဆင့်သော်လည်းကောင်း၊ ဈေးကွက်အတွင်းရှိ အရောင်းဆိုင်များတွင် သော်လည်းကောင်း၊ ကြော်ငြာအ မျိုးမျိုးဖြင့် ရောင်းချခြင်းများ ရှိနေကြောင်း၊ အချို့သော အွန်လိုင်းတွင် ရောင်းချနေသည့် နို့မှုန့်များမှာမူ မူရင်းကုမ္ပဏီ ဈေးနှုန်းထက် ထက်ဝက်နီးပါး သက်သာပြီး FDA ထောက်ခံချက်များ ဖော်ပြထားခြင်း မရှိသည့် နို့မှုန့်များကိုပင် ရောင်းချမှုများ ရှိနေကြောင်း ယင်းပစ္စည်းများကို သုံးစွဲမိသူများထံမှ သိရသည်။ ကလေးငယ်များအတွက် ဖော်စပ်ထုတ်လုပ်ထားသော အစားအသောက်များ၊ မိခင်နို့ရည်အစားထိုး အစာများကို ပင်ရင်းဖြန့်ချိသော နေရာတွင်လည်းကောင်း၊ တစ်ဆင့်ခံ အရောင်းဆိုင်များတွင်လည်းကောင်း ရောင်းအားမြှင့်တင်ရန် အထူးခင်းကျင်း ပြသခြင်း (သို့) ပြိုင်ပွဲများပြုလုပ်ခြင်း တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်၍သော်လည်းကောင်း စွဲဆောင်စည်းရုံးခြင်း၊ အားပေးတိုက်တွန်းခြင်း၊ သုံးစွဲရန်ညွှန်းဆိုခြင်း၊ လျှော့ဈေးဖြင့်ရောင်းခြင်း၊ လျှော့ဈေးကူပွန်များ ပေးခြင်း၊ ဝယ်ယူလျှင်လက်ဆောင်၊ ကံစမ်းမဲ တစ်ခုခုပေးခြင်း၊ ဝယ်သူအား တစ်နည်းနည်းဖြင့် အကျိုးခံစားခွင့် ပြန်ပေးခြင်း၊ ပြည်သူလူထုသိရှိရန် စာနယ်ဇင်း၊ ရေဒီယို၊ ရုပ်သံတို့ကို အသုံးပြု ၍ဖြစ်စေ၊ အီလက်ထရွန်နစ်နည်း ပညာတစ်မျိုးမျိုးကို အသုံးပြု၍ဖြစ်စေ၊ ကြော်ငြာဆိုင်းဘုတ်များ လမ်းဖြတ် နဖူးစည်းစာတန်းများ၊ ကြော်ငြာအလံများ၊ ဗီနိုင်း၊ ပိုစတာ၊ လက်ကမ်းစာစောင်များ စသည်တို့အပြင် ယင်းတို့နှင့် အလားတူပစ္စည်းများ အသုံးပြု၍ဖြစ်စေ၊ အနုပညာရှင်များ၊ အားကစားသမားများ စသည့် လူသိများ ထင်ရှားကျော်ကြားသူများနှင့် ယင်းတို့၏ မိသားစုများမှ တစ်ဆင့်ဖြစ်စေ တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်၍သော်လည်းကောင်း ကြော်ငြာခြင်း၊ အရောင်းမြှင့်တင်ခြင်း၊ သတင်းအချက်အလက်ပေးခြင်း စသည့်အချက်များကို ကျန်းမာရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံ အစားအသောက် နှင့် ဆေးဝါးအာဏာပိုင်အဖွဲ့က တားမြစ်ထားကြောင်း သိရသည်။ ယင်းအမိန့်စာကို အမျိုးသားအစားအသောက်ဥပဒေ၏ ရည်ရွယ်ချက်နှင့်အညီ နို့စို့ကလေးနှင့် ကလေးငယ်များအား မိခင်နို့ရည် တိုက်ကျွေးခြင်းကို အထောက်အကူ ပြုရန်၊ မိခင်နို့ရည် အစားထိုးအစာ များကို အမှန်တကယ် လိုအပ်ချိန်တွင် အာဟာရပြည့်မီစွာနှင့် ဘေး အန္တရာယ်ကင်းရှင်းစွာ သုံးစွဲနိုင်စေရန်၊ သင့်လျော်သည့် ဖြည့်စွက်စာကို တိုက်ကျွေးတတ်စေရန်နှင့် ယင်းတို့နှင့် သက်ဆိုင်သော မှန်ကန်သည့်  သတင်းအချက်အလက်များကို ပြည်သူများ သိရှိကျင့်သုံးနိုင်စေရန် တို့အပြင် ဖော်စပ်ထုတ်လုပ်ထားသည့် မိခင်နို့ရည် အစားထိုးအစာများနှင့် ဖြည့်စွက်စာများကို ဈေးကွက်တင်နိုင်ရန်အလို့ငှာ ဆောင်ရွက်ရာတွင် စနစ်တကျ ဖြစ်စေရေးအတွက် မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါးအာဏာပိုင်အဖွဲ့သည် အမျိုးသားအစားအသောက် ဥပဒေပုဒ်မ ၃၈၊ ပုဒ်မခွဲ(ခ)အရ ထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 

Most Read

Most Recent