ပြုပြင်ထိန်းသိမ်းမှုများ လုပ်ဆောင်ရန် နန်းတွင်းပြတိုက်မှပစ္စည်းများ မန္တလေး ယဉ်ကျေးမှုပြတိုက်သို့ ပြောင်းရွှေ့ပြသမည်

ပြုပြင်ထိန်းသိမ်းမှုများ လုပ်ဆောင်ရန် နန်းတွင်းပြတိုက်မှပစ္စည်းများ မန္တလေး ယဉ်ကျေးမှုပြတိုက်သို့ ပြောင်းရွှေ့ပြသမည်
Published 13 December 2015
ဌေးလှအောင်

နန်းတွင်းပြတိုက်နှင့် ယဉ်ကျေးမှု ပြတိုက်တို့အား အကြီးစား ပြုပြင်ထိန်းသိမ်းမှုများ လုပ်ဆောင်သွားမည်ဖြစ်ပြီး မြနန်းစံကျော်ရွှေနန်းတော်အတွင်းရှိ နန်းတွင်းပြတိုက်တွင် ခင်းကျင်းပြသထားသော ပစ္စည်းများကို မန္တလေး ယဉ်ကျေးမှုပြတိုက်အတွင်းသို့ ပြောင်းရွှေ့ပြသသွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။မန္တလေးနန်းတွင်း၌ ပြသထားသည့် ပြတိုက်အတွင်းမှ ရတနာပုံခေတ် နန်းသုံးပစ္စည်းများ၊ မင်းတုန်းမင်းတရားကြီး၏ လက်ရေးမူအစစ်၊ သီပေါမင်းအား ပြစ်သစ်နိုင်ငံမှ ဆက်သသည့် ဖန်သလွန်၊ ညောင်စောင်းများ၊ နန်းတွင်းသူများ အသုံးပြုခဲ့သည့် မှန်တင်ခုံနှင့် ပရိဘောဂပစ္စည်းများ၊ မြတဘက်၊ မင်းတုန်းမင်းတရားကြီး ဝတ်ဆင်ခဲ့သောပုဆိုး၊ နန်းတွင်းဝတ်စုံများ၊ ဝေါယာဉ်များ၊ စာတိုက်သေတ္တာများ၊ ဒွါရပါလ နတ်မင်းရုပ်တုများအစရှိသည့် ရတနာပုံခေတ် နန်းသုံးပစ္စည်းအစစ် ၁၀၀ ကျော်ခန့်ကို မန္တလေးယဉ်ကျေးမှု ပြတိုက်အ တွင်းသို့ ပြောင်းရွှေ့ခင်းကျင်း ပြသသွားမည်ဖြစ်သည်။နန်းတွင်းပြတိုက်၌ ပြသထားသည့် ရတနာပုံခေတ် အသုံးအဆောင် ပစ္စည်းများအား မန္တလေးယဉ်ကျေးမှု ပြတိုက်သို့ ပြောင်းရွှေ့ပြသသွားမည် ဖြစ်သော်လည်း နန်းတွင်းပြတိုက်၌ ကျန်ရှိမည့် ပစ္စည်းများကို မူလပုံစံ အတိုင်း ပြန်လည်ပြသသွားမည် ဖြစ်ကာ ပြတိုက်ကိုလည်း ပြုပြင်ထိန်းသိမ်းမှုများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။“နန်းတွင်းပြတိုက်မှာ ပြသထားတဲ့ ပစ္စည်းတွေကို ကျုံးအနောက်ဘက်မှာရှိတဲ့ ယဉ်ကျေးမှုပြတိုက်မှာ ပြောင်းရွှေ့ပြသသွားမယ်။ ယဉ်ကျေးမှုပြတိုက်ကိုလည်း အဆင့်မြှင့် ပြုပြင်ထိန်းသိမ်းမှုတွေ လုပ်ဆောင်သွားမှာပါ။ ပထမဆုံးအနေနဲ့ ပြတိုက်နှစ်ခုရဲ့ အဆောက်အအုံပိုင်းတွေကို ပြင်ဆင်မှုတွေ လုပ်ဆောင်သွားမှာပါ”ဟု ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (မန္တလေး ဌာနခွဲ)မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။မန္တလေးကျုံးအနောက်ဘက်ရှိ ယဉ်ကျေးမှုပြတိုက်အား ပြည်တွင်း ပြည်ပ ခရီးသွားများ စိတ်ဝင်တစား လေ့လာမှုများ ပြုလုပ်နိုင်ရန်အတွက် ယခင်ပြသထားသည့် နှစ်ထပ်ဆောင်မှ သုံးထပ်အဆောင်သို့ ပြောင်းရွှေ့ပြသသွားမည်ဟုလည်းသိရသည်။ 

Most Read

Most Recent