မြန်မာနှစ်ဦး အနေဖြင့် ပြစ်မှုကျူးလွန်ကြောင်း သက်သေအခိုင်အမာ မပြသနိုင်သည့် ထိုင်းနိုင်ငံ လိပ်ကျွန်းလူသတ်မှု ဒီဇင်ဘာ ၂၄ ရက်တွင် အပြီးသတ် အမိန့်ချမည်

မြန်မာနှစ်ဦး အနေဖြင့် ပြစ်မှုကျူးလွန်ကြောင်း သက်သေအခိုင်အမာ မပြသနိုင်သည့် ထိုင်းနိုင်ငံ လိပ်ကျွန်းလူသတ်မှု ဒီဇင်ဘာ ၂၄ ရက်တွင် အပြီးသတ် အမိန့်ချမည်
Published 11 December 2015
ဉာဏ်ဝင်းရှိန်

ထိုင်းနိုင်ငံတောင်ပိုင်း၊ ကော့စမွီခရိုင် အတွင်းရှိ လိပ်ကျွန်းတွင် ၂၀၁၄ ခုနှစ် စက်တင်ဘာ ၁၅ ရက်က ဖြစ်ပွားခဲ့သည့် ဗြိတိန်နှစ်ဦး အသတ်ခံရမှုတွင် စွဲချက် အတင်ခံထားရသည့် မြန်မာလုပ်သားနှစ်ဦးကို ယခုလ ဒီဇင်ဘာ ၂၄ ရက်တွင် အပြီးသတ် အမိန့်ချမှတ်မည်ဖြစ်ကြောင်း သတင်းရရှိသည်။ထိုင်းရဲတပ်ဖွဲ့၏ အငြင်းပွားဖွယ် ဆောင်ရွက်ချက်များကြောင့် ကမ္ဘာသိခဲ့သည့် ထိုလူသတ်မှုတွင် ရွှေ့ပြောင်း မြန်မာလုပ်သားနှစ်ဦး ဖြစ်သူဇော်လင်းနှင့် ဝင်းဇော်ထွန်းတို့ကို ပြစ်မှုကျူးလွန်သည်ဟုဆိုကာ သေဒဏ် ချမှတ်နိုင်သည့် ပုဒ်မများဖြင့် ကော့စမွီခရိုင် တရားရုံးတွင် စွဲချက်တင်ခဲ့ပြီး တစ်နှစ်ကျော်ကြာ စစ်ဆေးခဲ့ပြီးနောက် ၂၀၁၅ ဒီဇင်ဘာ ၂၄ တွင် အပြီးသတ် အမိန့်ချမည်ဖြစ်သည်။ပြီးခဲ့သည့် တရားခွင် စစ်ဆေးချက်များတွင် စွဲချက်အတင်ခံထားရသူများသည် ကျူးလွန်သည်ဟု မျက်မြင်သက်သေနှင့်တကွ ခိုင်မာသည့် သက်သေပြချက်များ မပေးနိုင်ခဲ့သောကြောင့် သံသယရှိသူများ ဖြစ်နေသည့်အတွက် လွတ်မြောက်ရန် အားသာနေသော်လည်း တရားစွဲ အဖွဲ့အစည်းမှာ ထိုင်းရဲတပ်ဖွဲ့ ဖြစ်နေသည့်အတွက် ထိုင်းရဲတပ်ဖွဲ့၏ ဂုဏ်သိက္ခာအတွက် ပြစ်ဒဏ်ချမှတ်နိုင်ဖွယ်လည်း ရှိနေကြောင်း မြန်မာသံရုံး အထူးအဖွဲ့မှ ရှေ့နေဦးအောင်မျိုးသန့်က သုံးသပ်သည်။၎င်းက “ဥပဒေအရဆိုရင်တော့ အပြစ်ပေးလို့ မရဘူးခင်ဗျ။ တစ်ခုတော့ ရှိတယ်ပေါ့လေ။ ထိုင်းနိုင်ငံမှာ ကျွန်တော်တို့ ကလေးတွေကို တရားစွဲတာက ရဲတပ်ဖွဲ့ဖြစ်နေတော့ သူတို့ သိက္ခာပိုင်းဆိုင်ရာ ဖြစ်နေတယ်။ သိက္ခာပိုင်းဆိုင်ရာ ဖြစ်နေတော့ သိက္ခာဆယ်တဲ့ အနေနဲ့ အပြစ်ပေးမယ်ဆိုရင်လည်း ဒါက သူတို့နိုင်ငံမှာ ရှိနေတဲ့ ကျွန်တော်တို့ မြန်မာအလုပ်သမားတွေ အနေနဲ့ ဘာမှ မတတ်နိုင်ဘူးပေါ့” ဟု မှတ်ချက်ပြုသည်။ထို့ပြင် မြန်မာလုပ်သား နှစ်ဦးအား မည်သည့်ပြစ်ဒဏ် ချမှတ်သည်ဖြစ်စေ၊ မချမှတ်သည်ဖြစ်စေ ၎င်းတို့နှစ်ဦး အမှုနှင့် ပတ်သက်ပြီး မြန်မာသံရုံး အထူးအဖွဲ့ အနေဖြင့် ရှေ့ဆက်လုပ်ဆောင်သွားမည့် အစီစဉ်များ အဆင်သင့် ရှိနေကြောင်းလည်း ဦးအောင်မျိုးသန့်က ထပ်လောင်း ပြောကြားသည်။“ဒီကိစ္စနဲ့ ပတ်သက်လို့ ကျွန်တော်တို့ ကလေးတွေ လွတ်သွားပြီ ဆိုရင်လည်း ကျွန်တော်တို့က ရှေ့ဆက်ဖို့ အနေထားတွေ ရှိနေပါတယ်။ အဲ့တာ ဘာလဲဆိုတော့ တကယ်လို့ ကျွန်တော်တို့ဘက်က တရားသေ လွတ်သွားပြီးရင် ထိုင်းအစိုးရရှေ့နေဘက်က ပြင်ဆင်ချက်တက်ဖို့ စီစဉ်ပါလိမ့်မယ်။ အဲ့ဒီအတောတွင်းမှာ ဒီကလေးနှစ်ဦးကို ထောင်ထဲမှာပဲထားဖို့ လျှောက်ထားရင် ကျွန်တော်တို့ဘက်ကနေပြီးတော့ ကလေးတွေက အပြစ်မရှိလို့ လွှတ်ပေးလိုက်ပြီ ဖြစ်တဲ့အတွက် အပြင်ကနေပြီးတော့ဘဲ သူတို့ရဲ့ ပြင်ဆင်ချက်ကို ရင်ဆိုင်သွားဖို့ လုပ်ရပါလိမ့်မယ်။ တကယ်လို့ အပြစ်ပေးလိုက်တယ် ဆိုရင်လည်း ဘန်ကောက်မှာရှိတဲ့ တရားရုံးချုပ်ကို ကလေးတွေအတွက် အယူခံ ဝင်ရပါလိမ့်မယ်။ ဒါကိုလည်း ဘန်ကောက် မြန်မာ သံရုံးက သံအမတ်ကြီးနဲ့ တိုင်ပင်ပြီးသား ဖြစ်ပါတယ်” ဟု ဆိုသည်။ထိုလူသတ်မှုနှင့် ပတ်သက်ပြီး သေဆုံးသူ ဟန်နာ၏ ကိုယ်ပေါ်ရှိ ဒီအန်အေနှင့် စွပ်စွဲခံထားရသူများ၏ ဒီအန်အေတို့ ပြန်လည်တိုက်ဆိုင် စစ်ဆေးမှု ပြုလုပ်ခဲ့ရာတွင် တူညီမှု မရှိကြောင်း ထိုင်းနိုင်ငံ၏ ကျော်ကြားသည့် မှုခင်းဆရာဝန် တစ်ဦးဖြစ်သူ ဒေါက်တာဖွန်တစ်က တရားခွင် ရုံးချိန်းတစ်ခုတွင် လာရောက်သက်သေပြ ထွက်ဆိုခဲ့သည်။ ထို့ပြင် ထိုင်းရဲတပ်ဖွဲ့ အနေဖြင့်လည်း မျက်မြင်သက်သေ အပါအဝင် အခြားထင်ရှားသည့် သက်သေများ မပြသနိုင်ဘဲ မူလက စစ်ထားသည့် ဒီအန်အေ တူညီသည် ဆိုသည့် အချက်နှင့် ဝန်ခံသည့် အချက်များကိုသာ ထပ်တလဲလဲ သက်သေပြခဲ့သည်။မြန်မာလုပ်သားနှစ်ဦးဖြစ်သူ ဇော်လင်းနှင့် ဝင်းဇော်ထွန်းတို့ကို လူသတ်မှု၊ မုဒိမ်းမှု အပါဝင် ပြစ်မှု ပုဒ်မ-၇ ခုဖြင့် စွဲချက်တင်ထားခြင်းဖြစ်ပြီး ထိုင်းနိုင်ငံ ဥပဒေအရ ပြစ်မှုထင်ရှားပါက သေဒဏ်ထိ ကြီးလေးသည့်ပြစ်ဒဏ် ချမှတ်နိုင်သည်။