နိုင်ငံခြားမှ ယူဆောင်လာသည့် ငွေထုတ်ကတ် အတုများဖြင့် ဘူဂေးရီးယားနိုင်ငံသား တစ်ဦးက ATM စက်နှစ်စက်မှ ငွေခိုးထုတ်မှု ကမာရွတ်မြို့နယ်တွင် ဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီးရ ဲတပ်ဖွဲ့မှူးရုံးမှ စုံစမ်း သိရှိရသည်။
နိုဝင်ဘာ ၁၀ ရက်က ကမ္ဘောဇဘဏ် ATM ကတ်ဌာနတွင် ငွေလဲလှယ်/ဖြည့်တင်းသည့် ဝန်ထမ်းဖြစ်သူ ကို....... (၂၅)နှစ်သည် လှည်းတန်း စိန်ဂေဟာရှေ့နှင့် လှည်းတန်းစင်တာ ရှေ့တွင်ရှိသည့် ATM စက်များရှေ့တွင် TKMAXX တစ်ကတ်စီ တွေ့ရှိသဖြင့် ကမ္ဘောဇဘဏ် ATM ကတ်ဌာနမှ လက်ထောက်မန်နေဂျာ ဖြစ်သူအား အကြောင်းကြားခဲ့ကြောင်း သိရသည်။
ထို့နောက် ကမ္ဘောဇဘဏ် ATM ကတ် ဌာနမှ တာဝန်ရှိသူအချို့မှ ယင်းကတ်နှစ်ကတ်အား IT ဌာနတွင် စစ်ဆေးရာ ဗီဇာကတ် Data များ တွေ့ရှိခဲ့ကြောင်း ရဲမှတ်တမ်းများအရ သိရသည်။
ထိုသို့ စစ်ဆေးချက်များအရ နိုဝင်ဘာ ၈ ရက် ညနေ ၃ နာရီကျော်ခန့်တွင် လှည်းတန်း စင်တာရှိ ATM စက်နှင့် လှည်းတန်းစိန်ဂေဟာ ရှေ့ရှိ ATM စက်တို့တွင် ဘူဂေးရီးယား နိုင်ငံသားတစ်ဦးမှ VISA ကတ်အတု၊ MASTRO ကတ်အတုနှင့် MASTER ကတ်အတုတို့ဖြင့် စုစုပေါင်းငွေ ၁၈ သိန်းအား ထုတ်ယူသွားခဲ့ကြောင်း သိရသည်။
“ငွေခိုးထုတ်သွားတဲ့ နိုင်ငံခြားသားက တစ်ခါတည်း ကတ်အတုတွေ ပြင်ဆင်လာပြီးတော့ ခိုးထုတ်သွားတာ ဖြစ်ပါတယ်။ နောက်ကို ဒီလိုမျိူး ငွေခိုးထုတ်မှုတွေ မဖြစ်အောင် ကျွန်တော်တို့ ATM စက်တွေရဲ့လုံခြုံရေးပိုင်းကို တိုးမြှင့်သွားမှာ ဖြစ်ပါတယ်” ဟု ကမ္ဘောဇဘဏ် ATM ကတ်ဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။
“ထုတ်ယူသွားတဲ့ နိုင်ငံခြားသားက လာတဲ့နိုင်ငံနေကငွေ ထုတ်ခိုးမယ့် ကတ်အတုတွေကို အဆင်သင့်ပြုလုပ် ပြင်ဆင်လာတာ ဖြစ်တယ်။ အဲဒီကတ်တွေနဲ့ အခုလို ငွေတွေကိုခိုးပြီး ထုတ်ယူသွားတာ ဖြစ်ပါတယ်။ ခိုးယူခံရတာက နိုဝင်ဘာ လဆန်းပိုင်းက ဖြစ်ပါတယ်။ တရားလိုက သူတို့အစီအစဉ်နဲ့သူတို့ လုံခြုံရေး ကင်မရာ မှတ်တမ်းတွေကို ပြန်ကြည့်ပြီးတော့ ခိုးယူသွားတဲ့သူကို စုံစမ်းတယ်။ သိတဲ့အခါမှ အခုလိုရဲစခန်းလာပြီး အမှုဖွင့် တိုင်တန်းတာ ဖြစ်ပါတယ်။ ကျူးလွန်သူ မြန်မာနိုင်ငံထဲသို့ အဝင်အထွက်ကို စစ်ဆေးကြည့် လိုက်တဲ့ အခါမှာတော့ သူက မြန်မာနိုင်ငံထဲမှာ ရှိနေပါသေးတယ်။ သူ့ကို ဖမ်းဆီးရမိဖို့ အတွက် ဆက်လက်ဆောင်ရွက် နေပါတယ်” ဟု ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။
ငွေထုတ်ကတ် အတုများဖြင့် ငွေများ လိမ်လည် ထုတ်ယူသွားသည့် ဘူဂေးရီးယား နိုင်ငံသားအား ကမ္ဘောဇဘဏ် ATM ကတ်ဌာနမှ တာဝန်ရှိသူ တစ်ဦးက တရားလိုပြုလုပ်ပြီး ကမာရွတ်မြို့မ ရဲစခန်းသို့ တိုင်ကြားခဲ့သဖြင့် (ပ)၄၉၆/၂၀၁၅ ပြစ်မှုပုဒ်မ ၃၈၀/၄၆၈ ဖြင့်အမှုဖွင့်ထားပြီး တရားခံဖမ်းဆီး ရမိရေး ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
ဘူဂေးရီးယားနိုင်ငံသား တစ်ဦးက ငွေထုတ်ကတ် အတုများဖြင့် ATM စက်နှစ်ခုမှ ငွေခိုးထုတ်ယူမှု ကမာရွတ်မြို့နယ်၌ ဖြစ်ပွား