ပြီးခဲ့သောလက ပါရီရှိ ဘာတာကလန်ပြဇာတ်ရုံ၌ အကြမ်းဖက်တိုက်ခိုက်မှုတွင် ပါဝင်ခဲ့သော တတိယမြောက် သေနတ်သမားသည် ဆီးရီးယားသို့ သွားရောက်ခဲ့သော ပြင်သစ်အမျိုးသားဖြစ်သူ ဖာအွတ်မိုဟာမက်အက်ဂက်ဖြစ်ကြောင်း ဖော်ထုတ်နိုင်ခဲ့သည်ဟု တာဝန်ရှိသူများက ဒီဇင်ဘာ ၉ ရက်တွင် ကြေညာခဲ့သည်။ ယင်းသေနတ်သမား၏ ဖခင်ဖြစ်သူ ဆာအိမိုဟာမက်အက်ဂက်က သားဖြစ်သူ၏ အကြမ်းဖက်တိုက်ခိုက်မည့် အစီအစဉ်အား ကြိုသိခဲ့လျှင် သတ်ပစ်လိုက်မည်ဟု ထုတ်ဖော်ပြောကြားခဲ့သည်။
အသက် ၂၃ နှစ်ရှိ ဖာအွတ်သည် ဘာတာကလန်ပြဇာတ်ရုံ၌ အသေခံဗုံးခွဲ တိုက်ခိုက်ခဲ့မှုကြောင့် ဖျော်ဖြေပွဲလာရောက်သူ လူငယ် ၉၀ ခန့် သေဆုံးခဲ့ရကြောင်း သိရသည်။ တတိယမြောက် သေနတ်သမားကို ဖော်ထုတ်နိုင်ခဲ့ပြီဖြစ်ကြောင်း ပြင်သစ်ဝန်ကြီးချုပ် မန် နျူရယ်ဗားစ်က ကြေညာခဲ့ပြီးနောက် ဆာအိ က “ကျွန်တော်သာ ကြိုသိခဲ့ရင် သူ့ကို သတ်ပစ်လိုက်မှာပါ”ဟု အေအက်ဖ်ပီသို့ ပြောကြားခဲ့သည်။ “ကျွန်တော့်မှာ ပြောစရာစကား မရှိပါဘူး။ ဒီမနက်ကျမှ ကျွန်တော် သိရတာ”ဟု ၎င်းက ဆိုသည်။
ပြီးခဲ့သော လကုန်တွင် ဆီးရီးယားထံမှ မက်ဆေ့ချ်တစ်စောင်ရရှိခဲ့ပြီးနောက် ယင်းသေနတ်သမား၏ မိခင်ဖြစ်သူသည် ရဲတပ်ဖွဲ့ထံ သွားရောက်ခဲ့သည်ဟု သူ၏ ရှေ့နေ ဖရန်ဆွာကွတ်တာက ပြောကြားခဲ့သည်။ ဆီးရီးယားရှိ ဖာအွတ်၏ဇနီးဖြစ်သူက ပို့လိုက်သည်ဟု ယူဆရသော ယင်းမက်ဆေ့ချ်တွင် “ရှင့်သားက သူ့ရဲ့ညီအစ်ကိုတော်တွေနဲ့ နိုဝင်ဘာ ၁၃ ရက်မှာ အာဇာနည်လို သေဆုံးခဲ့ပါပြီ”ဟု ရေးသားထားသည်။ ဘာတာကလန်ကို တိုက်ခိုက်ခဲ့မှုတွင် ပါဝင်သောအခြားနှစ်ဦးသည် အသက် ၂၉ နှစ်ရှိ အိုမာအစ္စမေးမိုစတီဖိုင်နှင့် ဆီးရီးယားသို့ သွားရောက်ခဲ့ဖူးသည့် ပြင်သစ်နိုင်ငံဖွား အသက် ၂၈ နှစ်ရှိ ဆမ်မီအမီမိုအာတို့ ဖြစ်ကြသည်။
၂၀၁၄ ခုနှစ် ဖာအွတ်မိုဟာမက်အက်ဂက်၏ Facebook တွင် တင်ထားသော ၎င်း၏ ဓာတ်ပုံ
ဖာအွတ်၏ ညီအစ်ကိုတော်သူ ကာရင်သည်လည်း ၂၀၁၃ ခုနှစ်တွင် ဆီးရီးယားသို့ အတူသွားရောက်ခဲ့ဖူးသော်လည်း ယင်းတွင် နေထိုင်နိုင်ခြင်း မရှိသဖြင့် ယခုနှစ် မေတွင် ပြင်သစ်သို့ ပြန်လာခဲ့ကြောင်း ရှေ့နေက ပြောကြားခဲ့သည်။ ကာရင်သည် အကြမ်းဖက်မှုစွဲချက်များဖြင့် ရုံးတင်စစ်ဆေးမှု ခံယူရန် အကျဉ်းစခန်းတွင် စောင့်ဆိုင်းနေရသည်။ ဖာအွတ်ကမူ သူသည် လက်ထပ်ခဲ့ပြီးဖြစ်ကြောင်း၊ ကလေးတစ်ဦးလည်း ရခဲ့ပြီး အလွန်အမင်း ပျော်ရွှင်နေကြောင်း မိခင်ဖြစ်သူထံ ပြောကြားခဲ့သည်ဟု သိရသည်။
“သူ့အနေနဲ့ ပြင်သစ်ကို ပြန်လာစရာအကြောင်း မရှိဘူး။ သူက အီရတ်မှာ အသေခံဗုံးခွဲသမားလို သေချင်တယ်လို့ ပြောဖူးတယ်။ သြဂုတ်နောက်ပိုင်းကတည်းက သူ့အကြောင်းကို မိသားစုဝင်တွေ မကြားရတော့ဘူး”ဟု ရှေ့နေ ကွတ်တာက ဆိုသည်။ ဖာအွတ်ကို သူ၏မိခင်ထံမှ အသားစတစ်ခုနှင့် ဒီအင်န်အေ တိုက်ဆိုင်စစ်ဆေးခဲ့ပြီးနောက် ပြီးခဲ့သော သီတင်းပတ်ကုန်ရက်တွင် ဖော်ထုတ်နိုင်ခဲ့ခြင်းဖြစ်ကြောင်း ကွတ်တာက ပြောကြားခဲ့သည်။ ဖာအွတ်ကို အလားအလာရှိသော အစွန်းရောက်သမားတစ်ဦးအဖြစ် ပြင်သစ်လုံခြုံရေးများက စောင့်ကြည့်နေခဲ့ကြောင်း တရားရေးသတင်းရင်းမြစ်တစ်ဦးက ပြောကြားခဲ့ပြီး သူသည် စာရွက်စာတမ်းအတုများဖြင့် ဆီးရီးယားသို့ သွားရောက်ခဲ့ဖွယ်ရှိကြောင်း ပြောကြားခဲ့သည်။















