အာဏာ မလွှဲပြောင်းမီ ဖမ်းဆီးခံ ကျောင်းသားများနှင့် နိုင်ငံရေး အကျဉ်းသားများအား အမြန်ဆုံး ပြန်လွှတ်ပေးရန် ဟင်္သာတမြို့၌ အဖွဲ့အစည်းအသီးသီးက တောင်းဆိုခဲ့ကြသည်။ဧရာဝတီတိုင်း ဒေသကြီး အတွင်းရှိ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူများနှင့် လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများအဖွဲ့ (ဟင်္သာတ) တို့ ပူးပေါင်းကာ ဟင်္သာတမြို့၊ ပြည်လုံးချမ်းသာ ခန်းမ၌ ဒီဇင်ဘာလ ၁၀ ရက်က ကျင်းပပြုလုပ်သည့် ၆၇ ကြိမ်မြောက် ကမ္ဘာ့လူ့အခွင့်အရေး ကြေငြာစာတမ်း နေ့အခမ်းအနား၌ ထိုသို့တောင်းဆိုခဲ့ကြခြင်း ဖြစ်သည်။နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့ (ဟင်္သာတခရိုင်) မှ ဦးလှထွန်းအောင်က “နိုင်ငံရေးနဲ့ ပတ်သက်လို့ပဲဖြစ်ဖြစ် ကျောင်းသား လှူပ်ရှားမှုနဲ့ပဲဖြစ်ဖြစ် သက်ဆိုင်ရာ အစိုးရတွေက အမိုင်းအစဉ်အဆက် ဖမ်းဆီးလာခဲ့တာဟာ သူတို့ရဲ့ အာဏာပိုင်စိုးမှုအတွက် လုပ်ခဲ့တာဖြစ်လို့ တရားမဲ့ ပြုကျင့်တယ်လို့ပဲ သတ်မှတ်ပါတယ်။ အချုပ်ကျနေတဲ့ ထောင်ကျနေတဲ့ နိုင်ငံရေး အကျဉ်းသားအားလုံးနဲ့ ကျောင်းသား အားလုံးကို အာဏာ မလွှဲပြောင်းခင်မှာ အမြန်ဆုံး လွှတ်ပေးဖို့ တောင်းဆိုချင်ပါတယ်” ဟု ပြောကြားသည်။ဟင်္သာတခရိုင် ဗ.က.သ မှ ကွန်ပျူတာ တက္ကသိုလ် ကျောင်းသား ကိုရှိုင်းလင်းထက်က “ကျောင်းသားတွေကို ဖမ်းဆီးထားတာ ၉ လတောင်ရှိပြီ။ ပြန်မလွှတ်ပေးသေးဘူး။ ဒါဟာ အစိုးရရဲ့ ဆိုးဝါးတဲ့ လုပ်ရပ်တစ်ခုပဲ။ လွတ်လပ်စွာ ပညာသင်ကြားခွင့်ကိုပါ ထိခိုက်နေပါတယ်။ လက်ရှိ အစိုးရအနေနဲ့ နိုင်ငံရေး အကျဉ်းသားတွေကို လွှတ်ပေးစေချင်တယ်။ ကျောင်းသားတွေကတော့ အဓိကပေါ့။ Globalization အရ ကြည့်မယ်ဆိုရင် အစိုးရ အနေနဲ့ ရှက်သင့်နေပါပြီ။ အမှန်တရားဘက်ကို လိုက်သင့်နေပြီ။ အစိုးရသစ် တက်လာရင်တော့ ကျွန်တော်တို့ ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေ ရမယ်လို့ ယုံကြည်ပါတယ်” ဟု ပြောကြားသည်။ “ကျောင်းသားတွေနဲ့ ဝန်းရံပြည်သူတွေကို မဖမ်းပါဘူးဆိုတဲ့ သဘောတူညီချက်ကို ချိုးဖောက်ခဲ့မှု အပါအဝင် လက်ရှိ အချိန်အထိ လူ့အခွင့်အရေး ချိုးဖောက်မှု အားလုံးကို ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ နိုင်ငံတော် သမ္မတက တာဝန်ခံရမှာ ဖြစ်ပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို သူတို့ပဲ ရေးဆွဲတယ်။ သူကိုယ်တိုင်လည်းပဲ ညီလာခံ ဥက္ကဌအဖြစ် လုပ်ခဲ့တယ်။ အခု သူကိုယ်တိုင် ဥပဒေကို ချိုးဖောက်တဲ့ သဘော သက်ရောက်နေတယ်။ ဖမ်းတာလည်း ဒီအစိုးရပဲ၊ လွှတ်ဖို့ကလည်း ဒီအစိုးရမှာပဲ တာဝန်ရှိတယ်။ နောက်အစိုးရကို ကူးစရာ အကြောင်းမရှိဘူး။ အာဏာလွှဲပြောင်းမှု မလုပ်ခင်မှာ သမ္မတ ဦးသိန်းစိန်အနေနဲ့ ဖမ်းဆီးခံ ကျောင်းသားတွေနဲ့ နိုင်ငံရေး အကျဉ်းသားတွေကို အမြန်ဆုံး လွှတ်ပေးဖို့ တောင်းဆိုချင်တယ်” ဟု ရှစ်လေးလုံး အရေးတော်ပုံ၌ ဦးဆောင် ပါဝင်ခဲ့သူ တစ်ဦးဖြစ်သည့် ဆေးတက္ကသိုလ် ကျောင်းသားဟောင်း ဦးလှမြင့်က ဆိုသည်။လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများ အဖွဲ့မှ ကာကွယ်ရေး တာဝန်ခံ ဦးမြင့်နိုင်က “ကျောင်းသားတွေကို စပြီး ဖမ်းဆီးကတည်းက ဥပဒေနဲ့အညီ ဖမ်းတယ်လို့ သူတို့က ဆိုထားပေမယ့် ဥပဒေမဲ့စွာ ဖမ်းဆီးမှုလို့ပဲ ကျွန်တော်တို့ကတော့ မြင်တယ်။ လက်ရှိ တရားရုံးမှာ စစ်ဆေးနေတဲ့ အချိန်မှာလည်း အကြောင်းပြချက် အမျိုးမျိုးနဲ့ နှောင့်နှေးကြံ့ကြာမှုတွေ ရှိနေတယ်။ အမှုကို ဥပဒေနဲ့အညီ အမြန်ဆုံး ပြီးပြတ်အောင် ဆောင်ရွက် မပေးတာဟာ ဘာကြောင့်လည်းလို့ စဉ်းစားစရာ အများကြီး ရှိတယ်။ အခု ၉ လရှိသွားပြီ။ ၆ လထက်ပိုပြီး ကြံ့ကြာမှု မရှိရဘူးလို့ တရားဝင် အမိန့်ထုတ်ထားတာတွေ ရှိတယ်။ ကျန်တဲ့ အမှုတွေမှာ ရက်ပိုင်းအတွင်း လပိုင်းအတွင်း ပြီးဆုံးတာ အများကြီး ရှိတယ်။ ကျောင်းသားတွေ အမှုကျတော့ မကြာကြာအောင် ဆွဲထားတယ်။ မျှတမှု မရှိဘူး။ ဒါ့ကြောင့် ဥပဒေကြောင်းအရလည်း ချိုးဖောက်ခံရတယ်။ လူ့အခွင့်အရေး အရလည်း ချိုးဖောက် ခံနေရတယ်လို့ ပြောချင်တယ်” ဟု သုံးသပ် ပြောကြားသည်။ ကမ္ဘာ့ လူ့အခွင့်အရေး ကြေညာစာတမ်းကို ၁၉၄၈ ခုနှစ်၊ ဒီဇင်ဘာလ ၁၀ ရက်က ကုလသမဂ္ဂ အထွေထွေ ညီလာခံ၌ အတည်ပြုခဲ့ပြီး ကုလသမဂ္ဂ အဖွဲ့ဝင် နိုင်ငံအားလုံးက လေးစား လိုက်နာရမည်ဟု ပြဌာန်းထားသော်လည်း မြန်မာနိုင်ငံ၌ လက်ရှိ အချိန်ထိ လူ့အခွင့်အရေး ချိုးဖောက်လုပ်ဆောင်မှုများ ရှိနေသဖြင့် နယ်ပယ် အသီးသီးမှ ပြည်သူများက တောင်းဆိုနေကြခြင်းလည်း ဖြစ်သည်။
အာဏာမလွှဲပြောင်းမီ ဖမ်းဆီးခံ ကျောင်းသားများနှင့် နိုင်ငံရေး အကျဉ်းသားများအား အမြန်ဆုံး ပြန်လွှတ်ပေးရန် ဟင်္သာတမြို့၌ အဖွဲ့အစည်းအသီးသီး တောင်းဆို















