နေပြည်တော်ကောင်စီနယ်မြေအတွင်း နှစ်ပေါင်း ၄၀ ကျော်ကြာ နေထိုင်လာသူ အသက် ၅၀ ကျော် အမျိုးသားနှစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့အား နေပြည်တော် စည်ပင်တရားရုံး တရားသူကြီး ဒေါ်မိမိသန်း က ဒီဇင် ဘာ ၉ ရက်တွင် စည်ပင်ဥပဒေပုဒ်မ ၂၇ ဖြင့် ထောင်ဒဏ်တစ်လစီ ထပ်မံချမှတ်ခဲ့ကြောင်း သတင်းရရှိသည်။
နေပြည်တော်ကောင်စီနယ်အတွင်းရှိ ဒက္ခိဏသီရိမြို့နယ်၊ ဆင်အုံကြို့ပင်ကျေးရွာ အနီးရှိဒေသခံများ၏ နေအိမ်အဆောက်အအုံများ ဖယ်ရှားပေးခြင်းမရှိသည့်အတွက် ယခင် စည်ပင်ဥပဒေပုဒ်မ ၂၆ ဖြင့် ထောင်ဒဏ်နှစ်လ ကျခံခဲ့ပြီးနောက် ယခုအကြိမ်တွင် စည်ပင်ဥပဒေပုဒ်မ ၂၇ ဖြင့် ထောင်ဒဏ်တစ်လ ထပ်မံချမှတ်ခဲ့ကြောင်း သိရသည်။
အသက် ၅၀ ကျော်အရွယ်ရှိ ဒေါ်လှီ၊ ဦးလှမြင့်နှင့် ဦးကံလှတို့အား ယင်းကဲ့သို့ ထောင်တစ်လစီ ချမှတ်ခဲ့ခြင်းဖြစ်သည်။
ဒေါ်လှီ၏သား ကိုစိုးလှိုင်မှာလည်း ဒီဇင်ဘာ ၁၀ ရက်တွင် စည်ပင်ဥပဒေပုဒ်မ ၂၇ ဖြင့် အမိန့်ချမှတ်မည် ဖြစ်သော်လည်း ၎င်း၏ မိခင်နှင့် တစ်ပါးတည်းအမိန့်ချရန် တရားရုံးသို့ တောင်းဆိုခဲ့သော်လည်း မရရှိခဲ့ပေ။
“ကျွန်တော့်ကို မနက်ဖြန်အမိန့်ချမယ်။ကျွန်တော့်အမေကို ဒီနေ့ အမိန့်ချမှာမို့လို့ ကျွန်တော်လည်း အမေနဲ့တစ်ပါတည်း ထောင်ကျခံမယ်ဆိုပြီး လိုက်လာတာ။ တရားရုံးက ခွင့်မပြုဘူး။ မနက်ဖြန်မှ အမိန့်ချမယ်လို့ပြောတယ်” ဟု ကိုစိုးလှိုင်က ပြောကြားသည်။
စည်ပင်တရားရုံးမှ အမိန့်ချမှတ်ရာတွင် အမိန့်ချမည့်သူများကိုသာ တရားရုံးထဲသို့ ဝင်ခွင့်ပြုပြီးနောက် တရားရုံးတံခါးများ ပိတ်ကာ မိသားစုဝင်များနှင့် လုံးဝတွေ့ခွင့်မပေးတော့ဘဲ ရမည်းသင်းထောင်သို့ ကားဖြင့် ပို့ဆောင်ခဲ့ကြောင်း သိရသည်။
ကိုစိုးလှိုင်က “ကျွန်တော်တို့ကို အရင်အမိန့်ချကတည်းက ဒီအတိုင်းပဲ။ မိသားစုဝင်တွေကို လုံးဝမ၀င်ခိုင်းဘူး။ တံခါးတန်း ပိတ်လိုက်တယ်။ မိသားစုနဲ့ လုံး၀ မတွေ့ရဘူး။ ထောင်ဘယ်လောက်ကျသလဲဆိုတာကိုတောင် ပြောခွင့်မပေးဘူး။ တံခါးစောင့်တွေကနေတစ်ဆင့် သိရတာပါ”ဟု ၎င်းက ဆက်လက်ပြောကြားသည်။
လက်ရှိ ကျူးကျော်အဖြစ် သတ်မှတ်ထားသည့်နေရာမှာ နှစ်ပေါင်း ငါးဆယ်ကျော်ရှိပြီ ဖြစ်ကြောင်း၊ နေပြည်တော် တည်ဆောက်ပြီးနောက်မှသာ ကျူးကျော်အဖြစ် သတ်မှတ်၍ တရားစွဲခံခဲ့ရကြောင်း ဒေသခံ ထောင်ချမှတ်ခံရသည့် ဒေါ်လှီ၏ သားကိုစိုးလှိုင်က ပြောကြားသည်။
စည်ပိုင်းအုပ်စု သာယာကုန်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးလှဆောင်က “သူတို့တွေက ရွာမှာ အိမ်ဝိုင်းမရှိဘူးလို့ ဘိုးစဉ်ဘောင်ဆက်ကတည်းက နေလာတဲ့နေရာမှာနေနေတာ နှစ်ပေါင်းလေးဆယ် ကျော်သွားတဲ့အကြောင်းကို အရင် ပုဒ်မ ၂၆ နဲ့ စွဲကတည်းက ကျွန်တော် သက်သေလိုက်ခဲ့တယ်။ မလှီဆိုရင် အဲဒီမှာ မီးဖွားတာ။ အဲဒီမှာနေတာ။ ကျွန်တော့်ဘက်ကတော့ အမှန်အတိုင်း ထွက်ဆိုပေးတာပဲလေ။ စည်ပင်တရားရုံးကတော့ ဘယ်လိုဆုံးဖြတ်လည်းတော့ မသိဘူး။ သူတို့ဥပဒေပေါ့။ သူတို့လည်း နေစရာမရှိလို့ သူတို့လယ်ထဲမှာနေတာကို နေစရာအစား ပြန်ရစေချင်တာပေါ့။ တရားစွဲပြီး ထောင်ချတယ်ဆိုတော့ စိတ်မကောင်းဘူးပေါ့”ဟု ပြောကြားသည်။
လက်ရှိ ကျူးကျော်အဖြစ် သတ်မှတ်ထားသည့်နေရာအနီးတွင် စက်မှုဇုန် တည်ဆောက်လျက်ရှိပြီး လက်ရှိ တည်ဆောက်ထားသည့် မြေနေရာအတွက် လျော်ကြေးငွေ မရရှိကြောင်း ဒေသခံများက ပြောကြားသည်။
ဒီဇင်ဘာ ၈ ရက် တွင်လည်း နေပြည်တော် စည်ပင်တရားသူကြီး ဒေါ်မိမိသန်းက အသက် ၆၇ နှစ်အရွယ် ဦးချစ်အောင်နှင့် ကလေးငယ်လေးဦးတို့၏ ဖခင်ဖြစ်သူ ဦးအောင်ဇော်မိုးတို့အား ထောင်ဒဏ် တစ်လစီ ချမှတ်ခဲ့သည်။
နေပြည်တော်ကောင်စီနယ်မြေတွင် ယခုကဲ့သို့ ကျူးကျော်နေထိုင်ခြင်းနှင့် ပတ်သက်၍ တရားစွဲဆို ထောင်ချခြင်းများ ပြုလုပ်သည့် အမှုများ မကြာခဏ ပေါ်ပေါက်လျက်ရှိသည်။ နေပြည်တော်ကောင်စီဥက္ကဋ္ဌမှာ သမ္မတရုံးဝန်ကြီး ဦးသိန်းညွန့်ဖြစ်ပြီး လက်ရှိအစိုးရ သက်တမ်း သုံးလခန့်သာ ကျန်ရှိတော့ရာ ယခုကဲ့သို့သော ဖြစ်စဉ်များနှင့်ပတ်သက်၍ မည်ကဲ့သို့ ဆက်လက်ဆောင်ရွက်မည်ကို စောင့်ကြည့်ရမည်ဖြစ်ကြောင်း သုံးသပ်မှုများ ရှိနေသည်။
နေပြည်တော်ကောင်စီနယ်မြေအတွင်း နှစ်ပေါင်း ၄၀ ကျော်ကြာ နေထိုင်လာသူ အသက် ၅၀ ကျော်အရွယ် သုံးဦးအား နေပြည်တော်စည်ပင်တရားသူကြီး ဒေါ်မိမိသန်းက စည်ပင်ဥပဒေ ပုဒ်မ ၂၇ ဖြင့် ထောင်တစ်လစီ ထပ်မံချမှတ်















