မြန်မာနိုင်ငံရှိ အထည်ချုပ်အလုပ်သမားများသည် ကြွေးမြီများနှင့် ဆင်းရဲတွင်းထဲ၌ ပိတ်မိနေကြကြောင်း ဗြိတိန်အခြေစိုက် Oxfam အစီရင်ခံစာတွင် ဖော်ပြ

မြန်မာနိုင်ငံရှိ အထည်ချုပ်အလုပ်သမားများသည် ကြွေးမြီများနှင့် ဆင်းရဲတွင်းထဲ၌ ပိတ်မိနေကြကြောင်း ဗြိတိန်အခြေစိုက် Oxfam အစီရင်ခံစာတွင် ဖော်ပြ
Published 9 December 2015
နန်းစုနှင်းထွေး၊ ထက်ရှိုင်း

မြန်မာနိုင်ငံရှိ အထည်ချုပ်အလုပ်သမားများသည် ကြွေးမြီများနှင့် ဆင်ရဲတွင်းထဲ၌ ပိတ်မိနေကြကြောင်းကို ဒီဇင်ဘာ ၉ ရက်တွင် ဗြိတိန်အခြေစိုက် Oxfam မြန်မာက အစီရင်ခံစာ ထုတ်ပြန်ခဲ့သည်။
 
အဆိုပါ အစီရင်ခံစာတွင် မြန်မာနိုင်ငံရှိ အထည်ချုပ်အလုပ်သမားများသည် တစ်ပတ်လျှင် ခြောက်ရက်၊ တစ်ရက်လျှင် ၁၁ နာရီကြာ အလုပ်ချိန် ၈ နာရီထက်ကျော်လွန်ကာ အလုပ်လုပ်နေကြရသော်လည်း ဆင်းရဲနွမ်းပါးစွာ နေထိုင်နေရပြီး အစားအစာများ ဝယ်ယူစားသောက်နိုင်ရန် ငွေချေးယူနေရသည်ကို တွေ့ရှိရကြောင်း ဖော်ပြထားသည်။ ထို့ပြင် အလုပ်သမားအများစုသည် နည်းပါးသော လုပ်ခလစာကိုသာ ရရှိခြင်း၊ ကြီးကြပ်ရေးမှူးများ၏ ကြမ်းတမ်းစွာ ပြောဆိုမှုကိုခံရခြင်း၊ လုံခြုံမှုမရှိသော လုပ်ငန်းခွင်အခြေအနေများနှင့် အတင်းအဓမ္မ အချိန်ပိုစေခိုင်းခံရခြင်း စသည်တို့ကို ကြုံတွေ့နေရသည်ဟု အစီရင်ခံစာက ဆိုသည်။
 
ထိုသို့ ပင်ပန်းစွာ အချိန်ပိုများ လုပ်နေသော်လည်း ၎င်းတို့ရရှိသည် ပျမ်းမျှလုပ်ခလစာ ကျပ် ၁၂၂၀၀၀ (အမေရိကန် ၉၈ ဒေါ်လာ)သည် ယင်းတို့၏ စားဝတ်နေရေး အခြေခံကုန်ကျစရိတ်များကို မကာမိကြောင်း၊ စစ်တမ်းကောက်ယူရာတွင် ပါဝင်သည့် အလုပ်သမားအားလုံး၏ အလုပ်သမား ထက်ဝက်ခန့်သည် ကြွေးမြီများဖြင့် ပိတ်မိနေပြီး ထိုချေးယူထားသော ငွေများကို အခြေခံလိုအပ်ချက်များဖြစ်သည့် အစားအစာ၊ သွားလာရေးနှင့် နေထိုင်ရေးအတွက် အသုံးပြုနေရသည်ဟု သိရသည်။
 
လုပ်ခလစာ အနည်းငယ်သာရရှိပြီး ကြွေးမြီးနွံတွင် ကျရောက်နေသည့်ကြားတွင် အလုပ်သမားများသည် လုံခြုံရေးဆိုင်ရာ ဘေးအန္တရာယ်များနှင့် ဖိနှိပ်ခံရသော လုပ်ငန်းခွင် ပတ်ဝန်းကျင်ကို ကြုံတွေ့နေရသည်ဟု အစီရင်ခံစာက ဆိုသည်။
 
“သုံးယောက်မှာ တစ်ယောက်ထက်ပိုတဲ့ အလုပ်သမားတွေက လုပ်ငန်းခွင်မှာ ဒဏ်ရာရခဲ့ဖူးတယ်လို့ ပြောကြတယ်။ အဆောက်အအုံတွေရဲ့ ထွက်ပေါက်တွေက များသောအားဖြင့် ပိတ်ထားပြီး သော့ခတ်ထားတာတောင် ရှိတာမို့လို့ အများစုက စက်ရုံအတွင်း မီးလောင်မှာကို ကြောက်တယ်လို့ ပြောကြတယ်။ အလုပ်သမားတွေအနေနဲ့ နေမကောင်းလို့ ခွင့်ယူရင် လစာထဲက ဖြတ်ခံရတာတို့ အလုပ်ထုတ်ခံရတာတို့ ကြုံရတယ်။ နောက်ပြီးတော့ အလုပ်ချိန်အတွင်းမှာ အိမ်သာတောင် အသုံးပြုခွင့်မရဘူးလို့လည်း အလုပ်သမားအများစုက ပြောကြတယ်။ အဲဒီအခြေအနေတွေက ၂၁ ရာစု အထည်ချုပ်လုပ်ငန်းမှာ ဘယ်လိုမှ လက်ခံလို့မရတဲ့ အခြေအနေဖြစ်တယ်” ဟု Oxfam ၏ မြန်မာနိုင်ငံဆိုင်ရာ ညွှန်ကြားရေးမှူး Mr. Paul Joicey က ပြောကြားသည်။
 
အထည်ချုပ်အလုပ်သမားများသည် နေထိုင်ရေး တစ်ခုတည်းအတွက်ပင် ၎င်းတို့လစာ၏ ထက်ဝက်ကျော်ကို အသုံးပြုနေကြရကြောင်း၊ အလုပ်သမားလေးဦးတွင် တစ်ဦးသည် အတင်းအဓမ္မ အချိန်ပိုစေခိုင်းခံနေရပြီး အချို့က အချိန်ပိုကြေးမရသည့် အချိန်ပိုအလုပ်များ လုပ်နေရကြောင်း၊ ရာခိုင်နှုန်း ၉၀ သော အလုပ်သမားများသည် ၎င်းတို့ရရှိသော ဝင်ငွေကို မစုဆောင်းနိုင်ကြကြောင်း အစီရင်ခံစာအရ သိရသည်။
 
ဆယ်စုနှစ်အတန်ကြာ စီးပွားရေးတိုးတက်မှုမရှိဘဲ နောက်ကောက်ကျ ကျန်ရစ်ခဲ့ပြီး နောက် ၂၀၁၁ ခုနှစ်တွင် ဒီမိုကရေစီစနစ်သို့ အသွင်ကူးပြောင်းလာသောအခါ ကမ္ဘာ့နာမည်ကြီး ကုန်အမှတ်တံဆိပ်များ ဖြစ်သည့် GAP ၊ H&M၊ PRI Mark နှင့် Addias တို့သည် မြန်မာနိုင်ငံမှ အရင်းအမြစ်များကို အသုံးပြုရန် စတင်ခြေလှမ်းလာကြပြီ ဖြစ်ကြောင်း၊ အလုပ်သမားများအား ၎င်းတို့၏ အလုပ်သမားသမဂ္ဂများမှ တစ်ဆင့် လုပ်ခလစာ တိုးမြှင့်ပေးရန် လွတ်လပ်စွာ ညှိနှိုင်းတောင်းဆိုခွင့် ရရှိစေခြင်း၊ လုံခြုံရေးဆိုင်ရာ သင်တန်းများကို ပုံမှန်တက်ရောက်ခွင့် ရရှိစေခြင်းနှင့် လုံခြုံရေးဆိုင်ရာ စိုးရိမ်မှုများကို ထုတ်ဖော်ပြောဆိုနိုင်သည့် ထိရောက်မှုရှိသော တိုင်ကြားမှုစနစ်များ ရှိစေခြင်းစသည်တို့ကို ကုမ္ပဏီများအနေနှင့် ပြုလုပ်ပေးသင့်ကြောင့် Oxfam မြန်မာက အစီရင်ခံစာတွင် အကြံပြုထားသည်။
 
ယင်းသုတေသနတွင် ပါဝင်ခဲ့သည့် အလုပ်သမားအခွင့်အရေး မြှင့်တင်ရေးနှင့် ကာကွယ်စောင့်ရှောက်ရေးအဖွဲ့ (LRDP)မှ ဒေါ်အိရွှေစင်ညွန့်ကလည်း “ပိုပြီးဆိုးတာက နိုင်ငံခြားသားလုပ်ငန်းရှင်တွေ ကိုယ်တိုင်ကလည်း တိုင်းရင်းသားလုပ်ငန်းရှင်တွေ နီးပါးပဲ အခွင့်အရေး ချိုးဖောက်နေတယ်။ ကျွန်မတို့မှာ အထောက်အထားတွေ အများကြီးရှိပါတယ်။  ကိုရီးယား၊ တရုတ် စတဲ့ လုပ်ငန်းရှင်တွေက တိုင်းရင်းသားလုပ်ငန်းရှင်တွေအချို့ ဖောက်တာတော့ မပြောနဲ့တော့။ သူတို့ဟာ အမြဲတမ်း ခရိုနီတွေ၊ စစ်အစိုးရနဲ့ ပေါင်းတယ်။ စစ်တပ်ကအရာရှိတွေ ၊ ဗိုလ်မှူးဗိုလ်ကြီးတွေပိုင်တဲ့ စက်ရုံတွေက များနေတယ်။ မနေ့က သွားဖြေရှင်းပေးတဲ့ မင်းတပ်ဆိုရင် မြန်မာနိုင်ငံသားပိုင်လို့ ပြောတယ်။ ကျွန်မ ထိုင်သွားဖြေရှင်းတဲ့အခါ မန်နေဂျာရော၊ ပိုင်ရှင်ရော မြန်မာစကား တစ်လုံးမှ မတတ်ပါဘူး။ ဘာသာပြန်နဲ့ စကားပြောရတယ်။ 
တရုတ်ပိုင်ပါ” ဟု ဆိုသည်။
 
Oxfam မြန်မာ၏ “အထည်ချုပ်အလုပ်သမားများအတွက် ဆင်ရဲတွင်း၌ အမြစ်တွယ်စေခြင်းလား သို့မဟုတ် သင့်တင့်လျောက်ပတ်သော လုပ်ငန်းများလား” ဟူသည့် သုတေသန အစီရင်ခံစာကို ဒဂုံဆိပ်ကမ်း ရွှေလင်ပန်း၊ မင်္ဂလာဒုံ၊ ပဲခူး၊ သီလဝါနှင့် လှိုင်သာယာမြို့နယ်များရှိ စက်မှုဇုန်အတွင်း အထည်ချုပ်စက်ရုံ ၂၂ ရုံတွင် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ သုတေသနကို Oxfam အဖွဲ့နှင့်အတူ ပြည်တွင်းရှိ အလုပ်သမားသမဂ္ဂများ ပူးပေါင်းဆောင်ရွက်ရေးကော်မတီ (CCTU)၊ ၈၈မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း၊ အလုပ်သမားရေးရာဌာန၊ Action Labour Right s (ALR) ၊ အလုပ်သမားအခွင့်အရေး မြှင့်တင်ရေးနှင့် ကာကွယ်စောင့်ရှောက်ရေးအဖွဲ့ (LRDP) တို့နှင့် ပူးပေါင်းပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
 
မြန်မာနိုင်ငံတွင် အထည်ချုပ်ကဏ္ဍသည် အလုပ်သမားအများဆုံး ရှိပြီး အများစုမှာ အမျိုးသမီးအလုပ်သမားများဖြစ်ကာ ၂၀၁၂ ခုနှစ်မှစ၍ လုပ်ခလစာ နည်းပါးမှုနှင့် အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံရမှုကြောင့် အလုပ်သမားဆန္ဒ့ပြမှု အများအပြား ပေါ်ပေါက်ခဲ့သည်။ ယခုလက်ရှိအချိန်အထိ မြန်မာနိုင်ငံတွင် အထည်ချုပ်စက်ရုံပေါင်း ၃၅၀ နီးပါးရှိပြီး အဆိုပါစက်ရုံများတွင် အလုပ် လုပ်ကိုင်နေသည့် အလုပ်သမားဦးရေ နှစ်သိန်းခွဲကျော်ရှိကြောင်းလည်း သိရသည်။                 
 
 

Most Read

Most Recent