အစိုးရနှင့်ဆွေးနွေးရာ၌ ခက်ခဲမှုများရှိသော်လည်း နှစ်လနီးပါးကြာ ဖြစ်ခဲ့သည့်တိုက်ပွဲများ ချုပ်ငြိမ်းပြီး ငြိမ်းချမ်းရေးကို ဆက်ထိန်းနိုင်ရေး SSPP ဆောင်ရွက်မည်

အစိုးရနှင့်ဆွေးနွေးရာ၌ ခက်ခဲမှုများရှိသော်လည်း နှစ်လနီးပါးကြာ ဖြစ်ခဲ့သည့်တိုက်ပွဲများ ချုပ်ငြိမ်းပြီး ငြိမ်းချမ်းရေးကို ဆက်ထိန်းနိုင်ရေး SSPP ဆောင်ရွက်မည်
Published 9 December 2015

ရှမ်းပြည်နယ်အတွင်း၌ ပြီးခဲ့သည့် အောက်တိုဘာလဆန်းမှ စတင်ကာ မကြာခဏဖြစ်ပွားခဲ့သည့် အစိုးရတပ်မတော်နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော်(SSPP/SSA)တို့အကြား စစ်ရေးပဋိပက္ခ လျှော့ချရပ်ဆိုင်းရေးကိစ္စများ  ဆွေးနွေးမှုကို နှစ်ဖက်ကိုယ်စားလှယ်အဖွဲ့တို့သည် ဒီဇင်ဘာ ၇ ရက်နှင့် ၈ ရက်များက နေပြည်တော်၌ တွေ့ဆုံ၍ ဆွေးနွေးခဲ့ရာ ထိုသို့ဆွေးနွေးရာ၌ အခက်အခဲရှိသော်လည်း နှစ်လနီးပါးကြာ ဖြစ်ပွားခဲ့သည့် တိုက်ပွဲများချုပ်ငြိမ်းပြီး ငြိမ်းချမ်းရေးကို ဆက်ထိန်းနိုင်ရေး ဆောင်ရွက်သွားမည်ဟု SSPP/SSA  ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးစိုင်းဆုက ဒီဇင်ဘာ ၉ ရက်တွင် ပြောကြားသည်။
 
ရှမ်းပြည်နယ်အတွင်း တိုက်ပွဲဖြစ်ပွားခဲ့မှုများနှင့် ပတ်သက်ပြီး အစိုးရ၏ ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ (UPWC) နှင့်  SSPP/SSA   အဖွဲ့ဒုတိယဥက္ကဋ္ဌ စဝ်ခေးတိုင်း ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့တို့သည် ပြီးခဲ့သည့် နိုဝင်ဘာ ၂၃ ရက်၊ ၂၄ ရက်များတွင် ရန်ကုန်မြို့၌ တွေ့ဆုံဆွေးနွေးခဲ့ပြီး ယင်းဆွေးနွေးပွဲတွင် မူအားဖြင့် သဘောတူညီခဲ့မှုများကို အကောင်အထည်ဖော်နိုင်ရေးအတွက် ယခု ဒီဇင်ဘာလတွင် ထပ်မံတွေ့ဆုံ ညှိနှိုင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
 
ဗိုလ်မှူးစိုင်းဆုက “ဆွေးနွေးရတာ ခက်တယ်ဗျ။ တော်တော်လေး အကြိတ်အနယ် ဆွေးနွေးရတယ်လို့ ပြောတာပဲ။ ဆွေးနွေးတာကတော့ မနေ့ကပြီးတယ်။ သွားဆွေးနွေးတဲ့ အဖွဲ့က ကျွန်တော်တို့ ဌာနချုပ်ကို မရောက်သေးဘူး။ အချက်အလက် အသေးစိတ်ကတော့ ကိုယ်စားလှယ်တွေပြန်ရောက်မှ ကျွန်တော်တို့က ဗဟိုကော်မတီအစည်းအဝေးထိုင်ပြီး ဘာမဆိုဆောင်ရွက်သင့် ဆောင်ရွက်ထိုက်တာတွေကို ဆောင်ရွက်သွားပြီးမှ ပြောလို့ရမှာဖြစ်ပါတယ်။ ဒီ နှစ်လနီးပါးဖြစ်ပွားခဲ့ တဲ့ တိုက်ပွဲတွေ ချုပ်ငြိမ်းသွားဖို့ ပြီးတော့ ဒုက္ခရောက်နေတဲ့ စစ်ဘေးဒုက္ခသည်တွေ နေရာ ပြန်ချထားနိုင်အောင် ကျွန်တော်တို့က အပြုသဘောနဲ့ ဒီ ငြိမ်းချမ်းရေးကို ဆက်လက်ထိန်းသွားမယ်ဆိုတဲ့သဘောနဲ့ ကျွန်တော်တို့က ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟု ဆိုသည်။
 
အစိုးရ ကိုယ်စားလှယ်အဖွဲ့နှင့်  SSPP/SSA  ကိုယ်စားလှယ်အဖွဲ့တို့အကြား တပ်နေရာချထားရေးကိစ္စကို ဆွေးနွေးနိုင်ခဲ့၍ ပြီးခဲ့သည့် နိုဝင်ဘာ ၂၃ ရက်၊ ၂၄ ရက် ဆွေးနွေးပွဲတွင် နှစ်ဖက်အကြား မူအားဖြင့် သဘောတူညီခဲ့မှုများကို အကောင်အထည်ဖော်နိုင်မည်ဟု ယူဆကြောင်း ဗိုလ်မှူးစိုင်းစုက ဆိုသည်။ 
 
“ဘာကြောင့်လဲဆိုရင် နှစ်ဦးနှစ်ဖက် ဆုတ်မယ်ဆိုတော့ အဆင်ပြေတာပေါ့။ နှစ်ဦး နှစ်ဖက် ဆုတ်မယ်လို့ ကတိတည်လာတယ်လို့ ပြောတယ်။ အဲဒီလောက်လေးပဲ  ကြားရသေးတယ်” ဟု ၎င်းက ပြောကြားသည်။
 
အစိုးရကိုယ်စားလှယ်အဖွဲ့နှင့် SSPP/SSA ကိုယ်စားလှယ်အဖွဲ့တို့သည် နှစ်ဖက်အကြားဖြစ်ပွားနေသော စစ်ရေးပဋိပက္ခလျှော့ချ ရပ်ဆိုင်းရေး၊ နိုင်ငံတော်အစိုးရနှင့် SSPP/SSA တို့အကြား ၂၀၁၂ ခုနှစ် ဇန်နဝါရီ ၂၈ ရက်တွင် တောင်ကြီးမြို့၌ လက်မှတ်ရေးထိုးခဲ့သော ငြိမ်းချမ်းရေးဆွေးနွေးပွဲ၌ သဘောတူစာချုပ်ပါ ဆက်လက်ဆောင်ရွက်ရန် ကိစ္စရပ်များကို နှစ်ဖက်ညှိနှိုင်းပြီး ဆက်လက်အကောင်အထည်ဖော်သွားရန်၊ SSPP/SSA  တပ်ဖွဲ့ဝင်များအနေဖြင့် မိုင်းနောင်-မိုင်းရှူးကားလမ်း မြောက်ဘက်ခြမ်းတွင်ရွှေ့ပြောင်းနေထိုင်ရန် နှင့် မိုင်းနောင်-မိုင်းရှူးကားလမ်း တောင်ဘက်ခြမ်းရှိ ထိပ်တိုက်ရင်ဆိုင်နေသော တပ်မတော်စစ်ကြောင်းများကိုလည်း ရွှေ့ပြောင်းနေရာချထားရန်၊  မိုင်းနောင်တွင် SSPP/SSA ဆက်ဆံရေးရုံးဖွင့်လှစ်၍ နှစ်ဖက်ပဋိပက္ခများ နှင့် လိုအပ်သော အုပ်ချုပ်မှုဆိုင်ရာကို ညှိနှိုင်းဖြေရှင်းသွားရန် စသည်အချက်များကို မူအားဖြင့် သဘောတူညီထားသည်။
 
ထို့ပြင် စစ်ပွဲများကြောင့် ပိတ်ထားရသည့် စာသင်ကျောင်းများ အမြန်ဆုံးပြန်လည်ဖွင့်လှစ်နိုင်ရေးနှင့် စစ်ဘေးဒုက္ခသည် ပြည်သူများ နေရပ်ပြန်လည်နေထိုင်ရေးကို နှစ်ဖက်ပူးပေါင်းညှိနှိုင်း၍ ကူညီပေးသွားရန် တို့ကိုလည်း မူအားဖြင့် သဘောတူခဲ့သည်။
 
“အခြေအနေကတော့ ဒီတိုက်ပွဲတွေ ချုပ်ငြိမ်းသွားအောင်တော့ နည်းလမ်းတစ်ခု မဟုတ်တော့ ဆောင်ရွက်ရမယ့် သဘောရှိပါတယ်။ အကောင်းဘက်ကို ဦးတည်စေပြီးတော့ ရှေ့ဆက် ငြိမ်းချမ်းရေးကို ထိန်းသိမ်းသွားနိုင်အောင် ကျွန်တော်တို့က လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်။                              

Most Read

Most Recent