တရားစီရင်ရေးတွင် အဂတိ လိုက်စားမှုများ ဆက်ရှိနေပြီး တရားသူကြီးမှ စာပို့လုလင်အထိ ပါဝင်ဆက်စပ်နေကြောင်း လွှတ်တော်၌ အစီရင်ခံစာတင်

တရားစီရင်ရေးတွင် အဂတိ လိုက်စားမှုများ ဆက်ရှိနေပြီး တရားသူကြီးမှ စာပို့လုလင်အထိ ပါဝင်ဆက်စပ်နေကြောင်း လွှတ်တော်၌ အစီရင်ခံစာတင်
Published 8 December 2015

တရားစီရင်ရေးတွင် အဂတိ လိုက်စားမှုမှာ တရားသူကြီးမှ စာပို့လုလင်အထိ ပါဝင် ဆက်စပ်လျက် ရှိခြင်းကြောင့် ထင်သာမြင်သာဖြစ်အောင် ဖော်ထုတ်ရန် ခက်ခဲနေကြောင်း တရားစီရင်ရေး၊ ဥပဒေရေးရာနှင့် တိုင်ကြားစာများ၊ အသနားခံစာများ စိစစ် ဆောင်ရွက်ရေး ကော်မတီက ဒီဇင်ဘာ ၈ ရက် ပြည်သူ့လွှတ်တော်တွင် အစီရင်ခံစာ တင်သွင်းခဲ့သည်။
 
ထို့အပြင် တရားစီရင်ရေးတွင် အဂတိတရားများ လွှမ်းခြုံလျက်ပင် ရှိနေသည်ကို တွေ့ရကြောင်း၊ တရားသူကြီး အဆင့်ဆင့်သည် အထက်တရားသူကြီး အဆင့်ဆင့်၏ ကြီးကြပ်မှုဖြင့် ဆောင်ရွက်ရာတွင် အပေးအယူ ကိစ္စများတွင် ကွင်းဆက်များ ရှိနေကြောင်း၊ အလားတူပင် ဥပဒေ ဝန်ထမ်း အဆင့်ဆင့်၌လည်း ကြီးကြပ်သူ အဆင့်ဆင့် ဝန်ထမ်းများသည် ယျေဘုယျအားဖြင့် ကွင်းဆက်ရှိနေပြီး နားလည်မှုဖြင့် ဆောင်ရွက်လျက် ရှိကြောင်းနှင့် အများအားဖြင့် ပြစ်မှုများတွင် အဆိုပါ အခြေအနေများကို တွေ့ရှိရကြောင်း ကော်မတီက အစီရင်ခံစာ တင်ခဲ့သည်။
 
တရားစီရင်ရေးဟု ဆိုရာတွင် တရားသူကြီးများ သာမက တရားရေး ဝန်ထမ်းများ၊ ရှေ့နေများ၊ ဥပဒေ ဝန်ထမ်းများ၊ တရားစွဲ အဖွဲ့အစည်းများ၊ ဝန်ထမ်း အကြီးအမှူးဖြစ်သော ညွှန်ကြားရေးမှူးချုပ်အဆင့် တာဝန် ထမ်းဆောင်သူများမှ အဆင့်ဆင့် စာပို့လုလင်အထိ ပါဝင်ဆက်စပ်လျက်ရှိရာ ၎င်းတို့အားလုံး၏ အဂတိ လိုက်စားမှုကို ထင်သာမြင်သာအောင် ဖော်ထုတ်နိုင်ရန်မှာ လွယ်ကူသော ကိစ္စ မဟုတ်ကြောင်း ကော်မတီက လွှတ်တော်သို့ အစီရင်ခံစာ တင်သွင်းရာတွင် ပြောကြားသည်။
 
“တရားမ တစ်ခုတွင် တရားလိုက တရားပြိုင်ထံမှ ငွေကျပ်လေးသိန်း ရလိုမှုဖြင့် တရားစွဲဆိုခဲ့ရာတွင် မြို့နယ် တရားသူကြီးက တရားပြိုင်အား ၃၅၀၀၀၀ ကျပ်ကို တစ်လလျှင် ခုနစ်သောင်းပေးရန် အမိန့် ချမှတ်ခဲ့ပါတယ်။ တရားပြိုင်က ပေးရသည့် ငွေမှာ ရှေ့နေကြီးအတွက် လက်ဖက်ရည်ဖိုး ပေးရငွေ၊ ရှေ့နေ လမ်းညွှန်ချက်အရ တရားသူကြီးကို အမှုအနိုင်ရရန် ပေးရငွေ၊ အမှုလိုက်ခအဖြစ် ရှေ့နေခ ပေးရငွေ၊ တံဆိပ်ခေါင်းဖိုး ပေးရငွေ၊ စာပို့လုလင်အား ပေးရငွေ စုစုပေါင်း ၃၀၁၀၀၀ ကုန်ကျခဲ့ကြောင်း၊ ငွေပေးငွေယူကို တရားရုံးဝင်း အတွင်း၌ပင် ဆောင်ရွက်နေကြောင်းနှင့် ရုံးချိန်း ၂၁ ကြိမ် သွားရောက်ခဲ့ရကြောင်း စိစစ် တွေ့ရှိခဲ့ပါတယ်” ဟု ကော်မတီ အဖွဲ့ဝင် ဦးတင်ထွေးက ပြောကြားသည်။
 
ထို့အပြင် တရားသူကြီးများသည် မှတ်တမ်းများ ပြင်ဆင်ခြင်း၊  သက်သေခံ တင်သွင်းသည့် အထောက်အထားများကို ဘက်လိုက်၍ လက်ခံခြင်း၊ တရားလွှတ်တော်ချုပ် (အထူး အယူခံအမှု) တွင် တိုက်ရိုက် သက်သေ၏ ထွက်ဆိုချက် မဟုတ်သော တစ်ဆင့်ကြား သက်သေ၏ ထွက်ဆိုချက်ဖြင့် အောက်ရုံး အဆင့်ဆင့်၏ စီရင်ချက်ကို ပြင်ဆင် ပယ်ဖျက်ပြီး ဆုံးဖြတ်ခဲ့ခြင်း၊ ကျပ်သိန်း ၈၀ ဖြင့် ပေါင်နှံထားသည့် အဆောက်အအုံ တစ်ခုနှင့် ပတ်သက်၍ ဟန်ဆောင် စာချုပ်ပါ ကျပ်သိန်း ၃၂၀ ပေးလျော်ရန် အမိန့်ချရမည် ဖြစ်သော်လည်း ထိုသို့ အမိန့်မချဘဲ ကာလပေါက်ဈေး 
သိန်း ၆၀၀၀ ခန့် တန်သည့် မြေနှင့်အဆောက်အအုံကို သိန်း ၂၈၀ ဖြင့် ရောင်းစေဟု တိုင်းဒေသကြီး တရားရုံး တစ်ခုက အမိန့်ချမှတ်ခဲ့ခြင်း စသည်တို့ကို တိုင်ကြားစာများနှင့် ပတ်သက်၍ စိစစ် တွေ့ရှိရကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။
 
ထို့အတူ မြေပါပစ် ရှိတစ်ဦးက အခြားဝယ်သူ နှစ်ဦးထံသို့ လိမ်လည်၍ ထပ်မံ ရောင်းချကြောင်း ပေါ်လွင်ပါလျက် ပထမ ဝယ်သူနှင့် ဒုတိယ ဝယ်သူကို ပြစ်မှုကြောင်းအရ အပြန်အလှန် လိမ်လည်မှုများဖြင့် အမှုစစ်ဆေးခြင်း၊ ပြစ်မှုကြောင်း၊ တရားမကြောင်းများဖြင့် အထပ်ထပ် အဆင့်ဆင့် စွဲဆိုကြရာတွင် ရုံးအဆင့်ဆင့်က ကွဲပြားသော အမိန့်နှင့် ဒီကရီ ချမှတ်ခဲ့ခြင်းများ၊ သက်သေခံ စာရွက်စာတမ်းအဖြစ် လက်ခံရာတွင် မှတ်ပုံတင်ရုံး၏ တရားဝင် အထောက်အထားများကို မျက်ကွယ်ပြုပြီး နိုင်ငံခြားတွင် နေထိုင်သော အမှုသည်က ကိုယ်တိုင် မလာရောက်ဘဲ တင်သွင်းသည့် အထောက်အထားကို တရားရုံးက လက်ခံ၍ အမှုကို ဘက်လိုက် ဆုံးဖြတ်ခြင်းများလည်း တွေ့ရှိရကြောင်း ကော်မတီက အစီရင်ခံသည်။
 
ထိုသို့ တရားစီရင်ရေးတွင် အဂတိ လိုက်စားမှုနှင့် ပတ်သက်၍ ကော်မတီ အနေဖြင့် လိုအပ်သော ကြားနာမှုမျိုးဖြင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဆောင်ရွက်သွားမည် ဖြစ်ကြောင်းနှင့် အမှန် နစ်နာသူ ပြည်သူများကလည်း နိုင်ငံတော်၏ အကျိုးစီးပွားအတွက် မိမိ၏ ကိုယ်ကျိုး မဖက်သော မှန်ကန်သည့် ရပ်တည်ချက်များဖြင့် လာဘ်စားမှုများ၊ မသမာမှုများ၊ အဂတိ လိုက်စားမှုများကို ရဲဝင့်စွာ တင်ပြကြရန် လိုအပ်ကြောင်း ကော်မတီက သုံးသပ်ရပါကြောင်း လွှတ်တော်သို့ ပြောကြားသည်။
 
ထို့အတူ ဥပဒေပညာဖြင့် အသက်မွေးဝမ်းကျောင်း ပြုသူများသည် ဥပဒေပညာကို မျက်ကွယ်ပြု၍ အမှုအနိုင် အရှုံးကိုသာ စိတ်ဝင်စားပြီး အမှုပွဲစားများ လုပ်နေမည် ဆိုပါက တရားစီရင်ရေး မဏ္ဍိုင်မှာ ပို၍သာ ဆိုးဝါးသွားနိုင်ပြိး တရားဥပဒေ စိုးမိုးရေး ဆိုသည်မှာလည်း ဝေးကွာနေမည် ဖြစ်ကြောင်း အစီရင်ခံစာ တင်သွင်းခဲ့သည်။
 
လက်ရှိ မြန်မာနိုင်ငံတွင် တရားဥပဒေ စိုးမိုးမှု လွန်စွာ အားနည်းနေသောကြောင့် ပြည်သူများ အနေဖြင့် လူမှုစီးပွားရေး ဘဝလုံခြုံမှု မရှိဟု ခံစားနေရကြောင်း၊ တရားဥပဒေ စိုးမိုးမှု အားကောင်းလာစေရန် လိုအပ်ချက်များစွာ ရှိနေရာ တရားရေးမဏ္ဍိုင် ဖြောင့်မတ် ကြံ့ခိုင်ရန်သည် အဓိက လိုအပ်ချက် ဖြစ်ကြောင်း၊ လွတ်လပ်သော၊ ဖြောင့်မတ် ကြံ့ခိုင်သော၊ တရားမျှတသော တရားရေးမဏ္ဍိုင် ဖြစ်လာမှသာ ပြည်သူကို အကာအကွယ် ပေးနိုင်မည် ဖြစ်ကြောင်း၊ ထိုအခြေအနေမျိုး ရရှိနိုင်ရန်အတွက် တရားရုံး၊ တရားလွှတ်တော် အဆင့်ဆင့်ကို ဒီမိုကရေစီ ကျင့်စဉ်နှင့်အညီ ပြင်ဆင် 
ဖွဲ့စည်းနိုင်ရေး ဝိုင်းဝန်းကြိုးပမ်းကြရန် လိုအပ်ကြောင်း ကော်မတီက သုံးသပ် တင်ပြခဲ့သည်။

Most Read

Most Recent