တွေ့ဆုံပွဲ

တွေ့ဆုံပွဲ
Published 8 December 2015
မျိုးကို

တွေဆုံပွဲကို ပထမဆုံး နဖူးတွေ့ဒူးတွေ့ စပြီး ကြုံဖူးသည်မှာ ဧရာဝတီ မြစ်ဝကျွန်းပေါ် ဒေသတွင် တာဝန်ကျစဉ် က ဖြစ်သည်။ အရေးကြီးပုဂ္ဂိုလ် လာရောက်မည် ဆိုသဖြင့် တွေ့ဆုံပွဲသို့ တက်ရောက်လာကြမည့် ဒေသခံပြည် သူလူထုကို ကျန်းမာရေး စောင့်ရှောက်မှု ပေးနိုင်ရန် အလို့ငှာ ဆေးရုံမှ သူနာပြုဆရာမနှစ်ဦး နှင့် အတူ တိုင်းရင်းဆေးမှ ဆေးခန်းတာဝန်ခံ အစ်မကြီးကိုပါ ခေါ်ပြီး ဆေးရုံကားဖြင့် သွားခဲ့ကြသည်။ ထိုစဉ်ကတော့ တွေဆုံပွဲဟု မခေါ်သေး။ ရှေ့မှ နာမဝိသေသနများစွာဖြင့် အထူးပြုလျက် “…ထံမှ သြဝါဒခံယူပွဲ”ဆိုပြီး ခပ်ဖား ဖား၊ ခပ်ကြွားကြွား ခေါင်းစီးတပ် ထားသည်။ ရှည်လျား ထွေပြားသည့် ဘဝသံသရာ ခေါင်းစီးများပေါ့လေ။
ကိုယ်က ခုမှ ဦးဦးဖျားဖျား လိုက်ဖူးသူဆိုတော့ ဆေးအဖွဲ့ကို ရှေ့နားလောက်မှာ နေရာ ပေးတန်ကောင်းလောက်ရဲ့ဟု တွေးကာ ကနားဖျင်းတဲကြီး၏ ရှေ့ပိုင်းဆီ ချီတက်ဖို့ လုပ်တော့ အသားကျနေပြီ ဖြစ်သည့် တိုင်းရင်းဆေး အစ်မကြီးက ဦးဆောင်ခေါ်သွားသဖြင့် ဟိုး နောက်နားက ချောင်တစ်ချောင်မှာ ခပ်ကုပ်ကုပ် သွားထိုင်ရသည်။ အတော်ကြီးကြာအောင် စောင့်ပြီးမှ ရဟတ်ယာဉ်ဖြင့် အုပ်စု လိုက် ရောက်လာကြ၏။ သူလည်း ပြောချင်ရာပြော၊ ကိုယ်ကလည်း တွေးချင်ရာတွေး၊ အချိန်တန်တော့ ဆေးရုံပြန်။ သြော် ဝန်ထမ်းဖြစ်ကာစ မှာ ရယူနိုင်လိုက်သော ခါးသက်သက် သင်ခန်း စာတစ်ခု၊ စိတ်ရှည်ရမည်၊ သည်းခံရမည်။ နောက် အငတ်ခံနိုင်ရမည်။
နောက်တစ်ကြိမ် ကြုံသည်က မြန်မာပြည် မြောက်ဖျားမှာ။ သည်တုန်းက အကြောက်လွန်သူတွေကြောင့် ဝန်ထမ်းတွေခမျာ ပိုပြီး ဒုက္ခရောက်ရသည်။ သင်္ကြန်တွင်းကြီးမှာ လူကြီးခရီးစဉ်ရှိသည် ဆိုပြီး ဝန်ထမ်းတွေကို အတင်း တွန်းအားပေးတော့ ဝန်ထမ်းတွေ ခမျာ မလာနိုင်မှန်းသိပါလျက် ထုံးစံအတိုင်း ရှိစုမဲ့စုလေးဖြင့် ဌာနကို သနပ်ခါးလိမ်းကြရသည်။ ပြင်ဦးလွင်သွားမည့် လူကြီးက မဆီမဆိုင် မြန်မာပြည်မြောက်ဖျား လှည့်ဝင်မည်ဟု တွေးဘဲတွေးတတ်သလို ခိုင်းလည်း ခိုင်းရက်သည်။ အင်းလေ သူတို့လူကြီးအကြောင်း သူတို့က ပိုသိလို့ နေမှာပေါ့။ သည်တော့လည်း ပြည်မက လူတွေ သင်္ကြန်အတွင်း အပျော်ကြီး ပျော်နေကြချိန်မှာ မြန်မာပြည်မြောက်ဖျားမှ ဝန်ထမ်းတွေကတော့ ပေါ်မလာနိုင်သည့် ရွှေဧည့်သည်ကို သင်္ကြန်တစ်တွင်းလုံး စောင့် မျှော်ကာ သင်္ကြန်ပြီးမှသာ မျှော်တော်ယောင် ဘဝက လွတ်ငြိမ်းခွင့် ရကြလေသည်။
တကယ်တမ်း ရောက်လာတော့ ဆောင်းဦးပေါက်မှာ။ မြို့လယ်က မြို့တော်ခန်းမမှာ တွေ့ဆုံပွဲလုပ်စဉ် လူကြီးက ဘာလိုအပ်သေးလဲမေးတော့ ဒေသခံတစ်ယောက်က ခရိုင်အတွင်းမှ ကျောင်းသူကျောင်းသားများ အ တွက် အသက်မွေးဝမ်းကြောင်း တက္ကသိုလ်တစ်ခု ဖွင့်ပေးဖို့ တောင်းဆိုသည်။ လူကြီးက ခရိုင်ပညာရေးမှူးကို ထင်မြင်ချက ်တောင်းသည်တွင် ပညာရေးမှူးက တက္ကသိုလ်ထက် စက်မှုလက်မှုသိပ္ပံလို ကျောင်းမျိုးလောက်သာ အကြံပြုသွားသဖြင့်သာ တော်တော့သည်။ မဟုတ်လို့ကတော့ တက္ကသိုလ်ဝင်တန်းအောင်ချက် အလွန်နည်းပြီး ကျောင်းတက်၊ ကျောင်းဆင်းချိန်လောက်သာ လူနည်းနည်းပါးပါး ရှုပ်သလိုရှိသည့် နေရာမျိုးမှာ လာဖွင့်သည့် တက္ကသိုလ် သရဲခြောက်ခံရမည့်ကိန်း။
မြို့တော်ခန်းမတွေ့ဆုံပွဲ ပြီးတော့ ဆေးရုံ တိုးချဲ့ဆောင် ဖွင့်ပွဲအခမ်းအနားကို တက်ရောက် ဖွင့်လှစ်ပေးသည်။ သတင်းထဲမှာတော့ စက်ခလုတ်နှိပ်၍ ဖွင့်လှစ်ပေးသည်ပေါ့။ တကယ်တမ်းကတော့ စက်ခလုတ်မဟုတ်၊ လက် ခလုတ်သာလျှင် ဖြစ်၏။ ခရိုင်ကျန်းမာရေး ဦးစီးဌာနမှူးက ဆေးရုံအကြောင်း အကျဉ်းမျှ ပြောပြီးနောက်ဝယ် လူကြီးမလာမီ သုံးလေးရက်အလို ကတည်းက ကြိုတင် စည်းဝါးကိုက်ထားကြသည့်အတိုင်း လူကြီးက ခလုတ်နှိပ်လိုက်သည့် အချိန်မှာ ရဲအရာရှိက သူ့လူတွေကို စကားပြောစက်ဖြင့် မသိမသာအချက်ပေး လိုက်သည့်အခိုက် လူကြီးမမြင်အောင် တိုးချဲ့ဆောင် ခေါင်မိုးပေါ်မှာ ကြိုတင်နေရာယူထား သူတို့က အဆောင်မုခ်ဦးပေါ် ဖုံးထားသည့် နဖူးစည်းကို ကားလိပ်ဆွဲသလို ဟိုဘက်သည်ဘက် ကြိုးဖြင့် ဖြည်းဖြည်းချင်း ဆွဲလိုက်ကြသည်။ သည်မှာ တိုးချဲ့ဆောင် ဆိုင်းဘုတ်က အခန့်သားပေါ်လာ၏။ သူ့အရပ်နှင့် သူ့ဇာတ်ကတော့ ဟပ်နေတာပါပဲလားကွယ်။
ဖွင့်ပွဲပြီးတော့ ဆေးရုံအတွင်း လှည့်လည် ကြည့်ရှုသည်။ ဆေးရုံ၌ နိုင်ငံရပ်ခြားမှာ အဆင်ပြေနေသည့် ဒေသခံတစ်ဦးက လှူထားသော ပြည်ပ ဆေးရုံဟောင်းတစ်ခုမှ  ဆေးရုံသုံး ကိရိယာများစွာရှိ၏။ လူကြီးမလာမီ ခရိုင်အကြီးအကဲက ယင်းပစ္စည်းများကို အသေအချာ အစီအရီပြထားရမည်ဟု အမိန့်ရှိသဖြင့် မိမိတို့က အခန်းနှစ်ခန်းထဲမှာ လှူဒါန်းပစ္စည်းများကို သပ်သပ်ရပ်ရပ် ခင်းကျင်း ပြသထားခဲ့သည်။ သို့တစေ လူကြီးက သဘောကျပုံမရ။ နိုင်ငံတော်က မြောက်မြားစွာ လုပ်ပေးထားတာတွေ မှေးမှိန်နေပြီး တစ်ခါတလေ အနည်းအကျဉ်း လှူသူက စာပေါ်နေသလိုမျိုး ပြောတော့ မိမိတို့ ဘာပြန်ပြောရမည်မှန်း မသိသလို မျက်နှာကိုလည်း ဘယ်နေရာသွား ထားရမည်မှန်းမသိခဲ့။
သည့်နောက် အခါအားလျော်စွာ လူကြီး ခရီးစဉ်တွေ ကြုံရတတ်သည်။ တချို့လူကြီး တွေကတော့ အချိန်အတိအကျ ရောက်လာတတ်သည်။ အပိုတွေ သိပ်မပြော။ လိုရင်းကို သာပြောပြီး မြန်မြန်ပြန်၏။ များသောအားဖြင့် သူတို့က အောက်ခြေမှ တစ်ဆင့်ပြီးတစ်ဆင့် တက်လာသူတွေ။ သည်တော့လည်း ဝန်ထမ်း တွေကို ကောင်းကောင်း ကိုယ်ချင်းစာတတ်သည်။ သို့တည်းမဟုတ် ကြာကြာပြောပါက မေတ္တာအပို့ခံရမှာကို ကြိုသိနေလို့လည်း ဖြစ်နိုင်သည်။
အချို့ကျတော့လည်း ဘယ်သူတွေ ဘယ်လောက်စောင့်စောင့် လာချင်သလို လာသည်။ သည်အခါမျိုးမှာတော့ ဝန်ထမ်းတွေခမျာ မြန်မာပြည်မြောက်ဖျား၌ မိုးတွင်းဘက် လေယာဉ်စောင့်ရသလို ဇွဲကောင်းကောင်း ဖြင့် စိတ်ရှည်ရှည်ထားပြီး စောင့်ရသည်။ ထမင်းစားပြန်တုန်း လေယာဉ်လာလို့ ကျန်ရစ်ခဲ့နိုင်သလို ရောက်လေရာမှာ တာဝန်ကို ကျေကျေပွန်ပွန် ထမ်းဆောင်စေကာမူ လူကြီးလာခိုက် ကိုယ်မရှိခဲ့လျှင် အမျက်တော်ရှသွားနိုင် သည်။ သည်တော့လည်း အဓိက နှင့် သာမည ကို ပြောင်းပြန်လုပ်ရ၏။ အရေးကြီးသည့် လူနာကိစ္စကို ခဏထားပြီး သွေးနီးသည့် အမူအရာကိစ္စကို ဆပွားရသည်။ မ, သွားလျှင်တော့လည်း အမြတ်ပေါ့လေ။
တလောက လူကြီးခရီးစဉ်မှာ မနက်ပိုင်း အတွင်းလူနာတွေ ကြည့်ပြီးကတည်းက စောင့်နေကြရသော်ငြား လူကြီးကတော့ မွန်းတည့်  ၁၂ နာရီခွဲလောက်ကျမှ ပေါက်ချ လာသည်။ ပြောသွားတာတွေက ထုံးစံအတိုင်း မစားရဝခမန်းတွေ။  ရှေ့စကား နှင့် နောက်စကားကလည်း မညီ။ ပြောကာစက နေရာတစ်ခု၌ ဝန်ထမ်းအချို့ မရှိသည်မှာ သူနှင့် မဆိုင်ကြောင်း ပြောပြီး ပြန်ကာနီးကျတော့ မလိုအပ်လို့ သက်သက်မခန့်တာတဲ့။ ကိုယ့် ဘာသာလက်နှင့် ရေးထားသည့် အကြောင်းအရာတစ်ခုကို မိနစ်ပိုင်းအတွင်းမှာပင် ခြေဖြင့်ဖျက်၏။ လျှာမှာ အရိုးမရှိဘူးဆိုတာ ဒါ့ကြောင့်ပြောတာ ထင်ပါရဲ့ဟု တွေးမိသည်။
 နယ်တစ်နယ်မှ လူကြီးခရီးစဉ်မှာတော့ ဝန်ထမ်းတွေ နံနက် ၁၀ နာရီလောက် ကတည်းက စောင့်နေကြရပြီး လူကြီးက ညနေ ၃ နာရီလောက်မှ ပေါ်တော်မူလာသဖြင့် ညည်းညူသံအချို့ ကြားရသည်။ လူကြီး လာမယ်ဆိုလည်း လာပေါ့။ ကိုယ့်အလုပ်ကိုယ် လုပ်နေပြီး ဌာနရောက်တော့မှ ထွက်ကြိုလိုက်လျှင် မပြီးဘူးလား။ လူကြီးလည်း နောက်ဆံတင်းစရာ မလို၊ ဝန်ထမ်းတွေလည်း အလုပ်အကိုင် ပျက်စရာ အကြောင်းမရှိ။ ခုတော့ ပြောင်းလဲပြီဆိုကာမှ တန်ဖိုးရှိလှသည့် အချိန်တွေကို ပျင်းရိငြီးငွေ့ဖွယ် လူကြီးစောင့်ဆိုင်းရင်း အဓိပ္ပာယ်မဲ့စွာ ကုန်ဆုံးစေကြရသည်။ စောင့်ကြပေါ့လေ။ ဝန်ထမ်းဆိုတာ သူလာလာ၊ မလာလာ ကိုယ်ကစောင့်ရမှာပဲ မဟုတ်ပါလား။
တွေ့ဆုံခြင်းအကြောင်း စဉ်းစားနေစဉ် မှာပင် လတ်တလော ခပ်စိပ်စိပ်ဖြစ်ပေါ်နေ သော တွေ့ဆုံမှုတွေကို သတိထားမိလိုက်သည်။ သည်တွေ့ဆုံမှုတွေကတော့ သမားရိုး ကျ တွေ့ဆုံမှုနှင့် ဆန့်ကျင်စွာပင် လူအများ ကာလကြာရှည်စွာ လိုလားတောင့်တနေကြသည့် သမိုင်းဝင် ဖြစ်ရပ်တစ်ခု ဖြစ်သည်။ သည်လို အဓိပ္ပါယ်ရှိသည့် တွေ့ဆုံမှုတွေကနေ ကုရာနတ္ထိဆေးမရှိ ဖြစ်နေသော တိုင်းပြည်၏ နာတာရှည် အိုင်းအနာကြီးကို ထိထိ ရောက်ရောက် ကုသနိုင်မည့် နည်းလမ်းကုထုံး တွေ  ပေါ်လာတန်ကောင်းပါရဲ့ ဟု မျှော်လင့်ရသည်။
သြော် တွေ့ဆုံပွဲ တွေ့ဆုံပွဲ…။

Most Read

Most Recent