မျက်စိသူငယ် လူမမည် သနားစဖွယ်

မျက်စိသူငယ် လူမမည် သနားစဖွယ်
Published 7 December 2015
မောင်တင်ဦး(မြောင်းမြ)

မြို့တွင်းတစ်နေရာ
ကိုယ်တုံးလုံး အချွတ်ခံလိုက်ရတဲ့ ရှစ်နှစ်အရွယ် မိန်းမငယ်လေးရဲ့ မျက်လုံးတွေက မှုန်မှိုင်းနေလေရဲ့။ ဘာတွေဖြစ်နေမှန်း ကလေးမ သိဟန်မတူဘူး။ လတ်တလော ကလေးမ သိတာ တစ်ခုပဲရှိတယ်။ အဲဒါက--ကြောက်တယ်။ အရမ်းကြောက်တယ်။
သူတို့ခိုင်းသမျှလည်း လိုက်လုပ်ပေးတာပဲ။ သူတို့ကျွေးတာပဲ စားခဲ့တာပဲ။ အဘွားနဲ့ အမေနှစ်ဦးကြားမှာ ဟိုဘက်လှည့်ဖက်၊ ဒီဘက်လှည့် ဖက်အိပ်ခဲ့ရတဲ့ အိပ်ရာကို အရမ်းလွမ်းတာပဲ။
ကလေးဆိုတာ လူကြီးလို ရင့်ကျက်မှု မရှိသေးဘူး။ ခံစားချက်ကို ဖုံးဖိနိုင်စွမ်း အလွန်နည်းသေးတယ်။ ငိုစရာရှိတာ ငိုမယ်။ရယ်စရာရှိတာ ရယ်မယ်။ ဒါ ကလေးသဘာဝပဲ။
တောတွင်းတစ်နေရာ
နေခြည်နုဟာ ထွက်လု နေမင်းဆီက ဖြာဆင်းလာတယ်။ တောအုပ်စိမ်းစိမ်း လေပြည်နုနုအောက်မှာ ငှက်မောင်နှံတို့ လည်ချင်းယှက် ပျံသန်းနေကြတယ်။ ငှက်သံဟာ နံနက်ခင်းရဲ့ မင်္ဂလာတေးသံတွေပဲ။ ရင်ထဲမှာ ကြည်နူး ချမ်းမြေ့စေတယ်။ မြေးလေးတွေ နိုးလာရင်စားဖို့ အဘွားက ထမင်းကြော်နေတယ်။ အဘိုးက မြေးလေးရဲ့စာအုပ်၊ လွယ်အိတ်တို့ကို ကွပ်ပျစ်ပေါ်မှာ အဆင်သင့်တင်ထားရင်း ဖက်ဆေးလိပ်သောက်ကာ နံနက်ခင်းရဲ့အရသာကို ခံစားနေလေရဲ့။ အရပ်လေးမျက်နှာဟာ အပြစ်ကင်းစင် လှပနေတယ်။ ငြိမ်းချမ်းသော နယ်မြေလေးပေါ့။
“ဝုန်း၊ ဒိုင်း၊ ဝုန်း” အစာယက်ရှာနေကြတဲ့ ကြက်တွေ လန့်ဖျပ်ပြီး ထခုန်ကြတယ်။ အဘိုးလည်း ထိုင်ရာမှ ထရပ်တယ်။ အဘွားလည်း ပါးစပ်က ယောင်ပြီး ပေါက်ကရစကားတွေ ထွက်ကုန်တယ်။ မြေးလေးအိပ်ရာမှ ကြောက်လန့်တကြား အော်ငိုရင်း ငုတ်တုတ်ထထိုင်တယ်။
ပါးစပ်ကလည်း ”အဘိုး ကျောင်းသွားမယ် လိုက်ပို့လေ။သမီးသူငယ်ချင်း မွေးနေ့ပွဲ ဒီနေ့လုပ်မှာ အဘိုးရ” ပါးစပ်ကသာ ကယောင်ကတမ်း ပြောနေတာ။ လူကထိုင်ရာက မထသေးဘူး။ “ဝုန်း၊ ဒိုင်း၊ ဝုန်း” နောက်ထပ် ကျယ်လောင်တဲ့အသံက အမြောက်ဆန်လား။ ဗုံးဆန်လား။ ဘေးဘီတစ်ဝိုက်မှာ ကျလာပြန်တယ်။ ဒီတော့ မြေးလေး သူ့အဘိုးရှိရာကို အပြေးသွားတယ်။ “ကြောက်တယ်။ ဘိုးဘိုး။ ကြောက်တယ်”
အဘိုးက မြေးကို လှမ်းချီလိုက်တယ်။ ပြီးဘေးကို ဝဲယာကို ကြည့်တယ်။ သေနတ်သံတွေ၊ ဗုံးသံတွေ၊ အမြောက်သံက အရပ်ရှစ်မျက်နှာမှာ ညံနေတယ်။ ဘယ်သူကဘယ်သူ့ ကို ပစ်ခတ်နေတာလဲ။ ဘာအတွက် ပစ်နေတာလဲ။ ဘာကို လိုချင်နေကြတာလဲ။ ဘယ်သူက ဘာတွေကို အပိုင်စီးဖို့ ကြံနေတာလဲ။
အဘိုးဉာဏ်မီသလောက် စဉ်းစားကြည့်တယ်။ အဖြေက ထွက်မလာဘူး။ အတွေးမှာ အဖြေထွက် မလာပေမယ့် ကျည်ဆန် ပေါက်ကွဲသံတွေက တဖြည်းဖြည်း နီးလာတယ်။ ဗုံးပေါက်ကွဲသံက စိပ်စိပ်လာတယ်။ ရွာမြောက်ဘက်က ရွာသားတွေ အထုပ်ကိုယ်စီဆွဲပြီး အဘိုးတဲရှေ့က ပြေးလွှားနေကြပြီ။
“အဘိုး သမီး ကျောင်းသွားရမယ်လေ” အဘိုးကျောင်းရှိရာဘက်နဲ့ ဆန့်ကျင်ဘက် ပြေးနေတာကို သတိထားလိုက်မိတဲ့ မြေးမက အဘိုးလက်ကို လှုပ်ရင်း ပြောလိုက်တယ်။ အဘိုးက ဒေါသထွက်ထွက်နဲ့ အသံအကျယ်ကြီး ပြန်ဖြေလိုက်တယ်။ “စစ်က ပိတ်လိုက်တာဟေ့။ စစ်ပွဲကြီးက စစ်ပွဲကြီးက ”အဘိုးရဲ့ ဒေါသတကြီး ပြောလိုက်တဲ့ စကားသံကြောင့် ဆက်မမေးရဲလို့ ထပ်မမေးဖြစ်ပေမယ့် ‘စစ်’ ဆိုတာကို နားမလည်ပေမယ့် ကျောင်းပိတ်အောင် လုပ်လိုက်တဲ့စစ်ကို စိတ်ထဲကလည်း အလိုအလျောက် မုန်းမိပါတော့တယ်။
ကယ်ဆယ်ရေးစခန်း တစ်နေရာ
ဒီလိုနဲ့ မြို့ပေါ် ကယ်ဆယ်ရေးတစ်ခုကို အဘိုးရယ်၊ အဘွားရယ်၊ မြေးမလေးရယ် တစ်နေကုန် ခရီးကို ဖြတ်သန်းပြီးမှ ရောက်လာတယ်။ အစားအစာရော၊ ရေပါ ငတ်ပြတ်လာတော့ ကယ်ဆယ်ရေးစခန်းက ကျွေးတဲ့ စားစရာတွေကို အားရပါးရ စားပစ်လိုက်တယ်။ သူတို့ဒီလို အားရပါးရစားနေတာကို အလှူရှင် မိသားစုအချို့က လာကြည့်ကြတယ်။
စားပြီးတော့ မြေးမလေးက တရှုပ်ရှုပ် ငိုပြန်ပါရော။ “ဘာဖြစ်လို့ ငိုတာလဲသမီးရဲ့”။ “ကျောင်းသွားချင်တယ် ဘိုးဘိုးရ။ ဒီနေ့သမီးသူငယ်ချင်း မွေးနေ့ရှိတယ်သိလား”။ “သိပါတယ်သမီးရဲ့။ ဒါပေမဲ့ သမီးသူငယ်ချင်းလည်း ကျောင်းလာမှာ မဟုတ်ပါဘူး။ကျောင်းက ပိတ်သွားပြီလေ” နောက်ဒုက္ခသည် စခန်းရောက်လာသူ တစ်ယောက်က ဝင်ပြောတယ်။ “ဟုတ်တယ်သမီး။ ကျောင်းပေါ်ကို ဗုံးကျလို့ ကျောင်းက ပြိုကျ ပျက်စီးသွားပြီ။ ဘယ်လိုမှ ကျောင်းပြန်ဖွင့်လို့ မရသေးဘူး” ဒီတော့မှ မြေးမလေးဟာ ကျောင်းပြန်တက်ချင်တယ် ဆိုတဲ့စကားကို အကြိမ်ပေါင်းများစွာ ရွတ်ဆိုနေရင်း ငိုနေလေရဲ့။ အလှူရှင်မိသားစုထဲက မြေးမလေးနဲ့ ရွယ်တူကောင်မလေးက ငိုယိုနေတဲ့ မြေးမလေးကို ငေးကြည့်ရင်း သူမပါ မျက်ရည်စို့လာတယ်။ အတော်ကြာသည်အထိ ငေးကြည့်နေတယ်။ နောက်တော့ ထိုကလေးမ ပါးပေါ်ကို မျက်ရည်တွေ စီးယိုလာတယ်။ ရုတ်တရက် ငိုယိုနေတဲ့ မြေးမလေးနားကို ကလေးမလေး ပြေးသွားကာ ထိုင်ချလိုက်တယ်။ ပြီးပါးစပ်ကလည်း ပြောလိုက်တယ်။ ”နင်တစ်နေ့နေ့ ကျောင်းတက်ရမှာပါ။ ငါတို့ ကျောင်းကို လာတက်ပေါ့။ ငါခေါ်သွားမယ်လေ။ ငါတို့အတူတူ ကျောင်းသွားကြတာပေါ့။”
လူပရိသတ်တွေ အားလုံးက ကောင်မလေးရဲ့အပြောကို သဘောကျသွားတယ်။ ကလေးတစ်ယောက်အတွက် ကျောင်းနေခွင့် ဒီလောက် ခက်ခဲနေရသလား။ ဘာကြောင့်လဲ။ ဘယ်သူက ဒီကျောင်းကို ဖျက်ဆီးလိုက်တာလဲ။ မျက်စိမပါတဲ့ ဗုံးတွေက ဒီလို လက်လွတ်စပယ် ပစ်လို့ရနေသလား။ အပြစ်ကင်းတဲ့ ကလေးတွေရဲ့ ငြိမ်းချမ်းသော နယ်မြေဟာ ခုတော့ စစ်တလင်း ဖြစ်ရပြီလား။
ကလေးတွေရဲ့နှလုံးသားဟာ အပြစ်ကင်းတယ်။ ဖြူစင်တယ်။ ခံစားလွယ်တယ်။ ဒါပေမဲ့ ဘယ်တော့မှ မမေ့အောင် မှတ်မိနေတတ်တယ်။ အဖြစ်အပျက်အသစ်တွေ ဘယ်လောက်ပဲ တိုးလာတိုးလာ၊ ခံစားထားခဲ့တဲ့ နာကျည်းဖွယ် အဖြစ်အပျက်တို့ဟာ နှလုံးသားရဲ့ ထောင့်တစ်နေရာမှာ သေသည်အထိ သိမ်းဆည်းထား တတ်ကြတယ်။
အနိုင်ရခြင်း၊ အရှုံးပေးခြင်းဆိုတာ လူကြီးတွေရဲ့သတ်မှတ်ချက်နဲ့ ခံစားချက်သာ ဖြစ်တယ်။ လူမမည် ကလေးတွေမှာ အနိုင်ရလိုက်၏။ အရှုံးပေးလိုက်ရ၏ဆိုတဲ့ သတ်မှတ်ချက်တွေ သူတို့မှာ တိတိကျကျ မရှိကြဘူး။ ကြောက်ရွံ့မုန်းတီးခြင်း၊ ချစ်ခင်ခြင်း၊ တွယ်တာခြင်း၊ သနားခြင်းဆိုတဲ့ မာနမပါတဲ့ ခံစားချက်တွေပဲ ရှိတယ်။ ဒုက္ခသည် ကောင်မလေးနဲ့ အလှူရှင်ကလေးမတို့ဟာ ခံစားချက်တစ်ခုတည်းပဲ။ ဒုက္ခသည် ကောင်မလေးကို သနားတယ်။ စစ်ဆိုတာကြီးကို ကြောက်ရွံ့တယ်။ ဒီတော့ ဒုက္ခသည် ကောင်မလေးကို သူကူညီမယ်။
အနိုင်ကျင့်တာ၊ အကြမ်းဖက်တာကို အနိုင်ကျင့်ခံရသူသာ မကြိုက်တာမဟုတ်ဘူး။ အနိုင်ကျင့်ခွင့် ရနေတဲ့ဘက်က ရပ်တည်နေတဲ့သူတွေကို ကိုယ်တိုင်မကြိုက်ကြဘူး။ နှလုံးသား ဖြူစင်လေလေ၊ လူသားချင်း စာနာတတ်လေလေ၊ တရားမျှတခြင်းကို မြတ်နိုးလေလေ၊ အနိုင်ကျင့်ခွင့်ရပေမယ့် အနိုင်မကျင့်ချင်ကြဘူး။
တကယ်တော့ အနိုင်ကျင့်ခွင့်ရနေသူရဲ့နှလုံးသားကို တစ်စုံတစ်ရာသော အရောင်ဆိုးထားလို့သာ အနိုင်ကျင့်နေကြတာ။ လူလူချင်း အနိုင်ကျင့်ဖို့ဆိုတာ လူတိုင်းက ဝန်လေးကြတယ်။ ညစ်ပတ်သူ၊ ဦးနှောက်မပြည့်သူ၊ အတ္တလောဘ အတောမသတ်နိုင်သူမှာသာ ဖြစ်ပေါ်တတ်ကြတယ်။
ကလေးတွေရဲ့ နှလုံးသားကို အရောင်မဆိုးကြပါနဲ့။ ဖြူစင်စွာရှိနေတဲ့ နှလုံးသားအတိုင်း ဘဝကိုရှင်သန်ခွင့် ပေးကြပါ။ ကလေးလူမမည်တွေ လောကကို မျက်စိသူငယ် နားသူငယ်နဲ့ မဖြတ်သန်းကြပါစေနဲ့။ နိုင်ခွင့်ရတိုင်း အနိုင်ယူနေတာထက် နိုင်ခွင့်ရပေမယ့် အနိုင်ရသင့်သူကိုသာ  အနိုင်ပေးလိုက်တာဟာ လောကကို  အေးချမ်းစေမှာ ဖြစ်ပါကြောင်း။

Most Read

Most Recent