နိုင်ငံပိုင် မြန်မာအမျိုးသား လေကြောင်းလိုင်းမှ ဟောင်ကောင်သို့ ပုံမှန်ခရီးစဉ် စတင်ပျံသန်း

နိုင်ငံပိုင် မြန်မာအမျိုးသား လေကြောင်းလိုင်းမှ ဟောင်ကောင်သို့ ပုံမှန်ခရီးစဉ် စတင်ပျံသန်း
Published 6 December 2015
ရွှန်းလဲ့ဝင်း

နိုင်ငံပိုင် မြန်မာအမျိုးသား လေကြောင်းလိုင်းမှ ဟောင်ကောင်သို့ ပုံမှန်ခရီးစဉ်အား ဒီဇင်ဘာ ၄ ရက်တွင် စတင်ပျံသန်းခဲ့ကြောင်း သတင်းရသည်။မြန်မာအမျိုးသား လေကြောင်းလိုင်းသည် ဟောင်ကောင်သို့ တနင်္လာ၊ ဗုဒ္ဓဟူး၊ သောကြာနှင့် တနင်္ဂနွေနေ့များတွင် တစ်ပတ်လေးကြိမ် ပျံသန်းသွားမည်ဟု သိရသည်။ဟောင်ကောင်နှင့် မြန်မာနိုင်ငံတို့ကြား လေကြောင်းလိုင်းများ အကန့်သတ်မရှိ ပျံသန်းနိုင်ရန် လေကြောင်း သဘောတူ စာချုပ်များ ပြင်ဆင်ချုပ်ဆိုနိုင်ရန် မြန်မာနှင့် ဟောင်ကောင် လေကြောင်း ဦးစီးဌာနမှ တာဝန်ရှိသူများသည် နိုဝင်ဘာ ၂၄ နှင့် ၂၆ ရက်များတွင် ဆွေးနွေးခဲ့သည်။မြန်မာနှင့် ဟောင်ကောင်တို့အကြား လေကြောင်း သဘောတူ စာချုပ်အား ၁၉၉၇ ခုနှစ်ကတည်းက ချုပ်ဆိုခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် ခေတ်နှင့်လျော်ညီသည့် စာချုပ်အဖြစ် ပြန်လည် ချုပ်ဆိုနိုင်ရန် ဆွေးနွေးခြင်း ဖြစ်သည်။  လက်ရှိတွင် ဟောင်ကောင်မှDragon Air လေကြောင်းလိုင်းနှင့် မြန်မာအမျိုးသား လေကြောင်းလိုင်းတို့မှာ တိုက်ရိုက် လေကြောင်းခရီးစဉ် ပျံသန်းလျက်ရှိပြီး မကြာမီ Hongkong Express လေကြောင်းလိုင်းမှ မြန်မာနိုင်ငံနှင့် တိုက်ရိုက် ခရီးစဉ် ထပ်မံ ပျံသန်းရန် စီစဉ်ထားကြောင်း သိရသည်။ယင်းအပြင် နိုင်ငံပိုင် မြန်မာအမျိုးသား လေကြောင်းလိုင်းမှ ထိုင်ဝမ်သို့ လာမည့် ဇန်နဝါရီတွင် စတင်ပျံသန်းရန် စီစဉ်ထားကြောင်း သိရသည်။ မြန်မာအမျိုးသား လေကြောင်းလိုင်း သည် အောက်တိုဘာ အတွင်းက အငှားအဖြစ် လက်ခံ ရရှိခဲ့သည့် ဒုတိယမြောက် ဘိုးရင်းလေယာဉ်ဖြင့် ရန်ကုန်-ထိုင်ဝမ်နှင့် ရန်ကုန်-ဟောင်ကောင် ခရီးစဉ်များကို ပျံသန်းရန် စီစဉ်ထားခြင်း ဖြစ်သည်။လက်ရှိတွင် ထိုင်ဝမ်နိုင်ငံ ထောက်ယွမ် နိုင်ငံတကာ လေဆိပ်၏ လေယာဉ်ပြေးလမ်းကြောင်းများ ထပ်မံတိုးချဲ့ ပြုပြင်ခြင်း စီမံကိန်းကို ဆောင်ရွက်လျက်ရှိရာ ၂၀၁၆ ခုနှစ် ဇန်န ဝါရီ ၈ ရက်တွင်မှ ပြီးဆုံးမည် ဖြစ်သည်။
ထိုင်ဝမ် လေဆိပ်သို့ လျှောက်ထားလာသည့် လေကြောင်းလိုင်းသစ်များ၏ အချိန်ဇယားနှင့် ပတ်သက်၍ မြန်မာအမျိုးသား လေကြောင်းလိုင်းဘက်မှ ပျံသန်းလိုသည့် ခရီးစဉ် အချိန်မရရှိသဖြင့် ပြေးလမ်းသစ် စတင် အသုံးပြု နိုင်မည့် ဇန်နဝါရီလ အတွင်းသို့ ရွှေ့ဆိုင်းထားခြင်း ဖြစ်ကြောင်း သတင်းရသည်။

Most Read

Most Recent