မြန်မာနိုင်ငံ၌ လာမည့် ငါးနှစ်အတွင်း ခရီးသွားလုပ်ငန်း ကဏ္ဍမှ အလုပ်အကိုင်သစ် နှစ်သန်းကျော် ဖန်တီးပေးနိုင်မည်ဟုဆို

မြန်မာနိုင်ငံ၌ လာမည့် ငါးနှစ်အတွင်း ခရီးသွားလုပ်ငန်း ကဏ္ဍမှ အလုပ်အကိုင်သစ် နှစ်သန်းကျော် ဖန်တီးပေးနိုင်မည်ဟုဆို
Published 6 December 2015
အေးမို့မို့အောင်သူ၊ မြတ်စုနိုင်

မြန်မာနိုင်ငံ၌ လာမည့် ငါးနှစ်အတွင်း ခရီးသွားလုပ်ငန်း ကဏ္ဍတွင် အလုပ်ကိုင် အခွင့်အလမ်းသစ်ပေါင်း နှစ်သန်းကျော်အား ဖန်တီးပေးနိုင်မည်ဟု မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း အဖွဲ့ချုပ်မှ အထွေထွေ အတွင်းရေးမှူး ဦးတင်ထွန်းအာင်က ပြောကြားသည်။“လူဇင်ဘတ်နိုင်ငံရဲ့ ခရီးသွားကဏ္ဍ ပညာရှင်တွေရဲ့ သုတေသန ပြုလုပ်ချက် စာတမ်းအရ မြန်မာနိုင်ငံမှာ ငါးနှစ်အတွင်း ခရီးသွား အလုပ်အကိုင် ကဏ္ဍကနေ အလုပ်ကိုင် အခွင့်လမ်း နှစ်သန်းကျော် ရရှိလာနိုင်တယ်လို့ ဖော်ပြထားတယ်။ မြန်မာနိုင်ငံကို နိုင်ငံခြား ဧည့်သည် ဝင်ရောက်မှုအပေါ် မူတည်ပြီးတော့ အခုခန့်မှန်းချက်က ဖြစ်နိုင်ချေ ရှိပါတယ်။ နောက်ပြီး နောင်လာမယ့် နှစ်တွေမှာ ခရီးသွား ဧည့်သည် ရှစ်သန်း၊ ကိုးသန်း ဝင်ရောက်လာမယ်ဆိုရင် ဒီသုတေသန စစ်တမ်းအရ အလုပ်အကိုင်သစ် နှစ်သန်း ရရှိလာမှာပါ။ ပြည်တွင်း ဒေသခံတွေအတွက်လည်း အကျိုး ရှိပါတယ်” ဟု မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း အဖွဲ့ချုပ်မှ အထွေထွေ အတွင်းရေးမှူး ဦးတင်ထွန်းအောင်က ဆိုသည်။ထို့ပြင် ဟိုတယ်၊ ခရီးသွား ကဏ္ဍနှင့် ပတ်သက်သည့် အလုပ်အကိုင် အခွင့်အလမ်းများ မြင့်တက်လာစေရန်အတွက် ခရီးသွား ကဏ္ဍနှင့် သက်ဆိုင်သည့် သင်တန်းများ ဖွင့်လှစ်နိုင်ရန် ဆောင်ရွက်လျက် ရှိကြောင်းလည်း သိရသည်။လက်ရှိ မြန်မာနိုင်ငံတွင် ခရီးသွားလုပ်ငန်း ကဏ္ဍ၌ ပြည်တွင်းပြည်ပ ခရီးသွား ကုမ္ပဏီများ၏ အလုပ်အကိုင် ဖန်တီးပေးနိုင်မှုမှာ လေးရာခိုင်နှုန်းခန့်သာ ရှိကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။ထို့ကြောင့် မြန်မာနိုင်ငံသို့ ကမ္ဘာလှည့် ခရီးသွား ဝင်ရောက်မှု ပိုမိုမြင့်တက်လာစေရန် ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန၊ ခရီးသွားလုပ်ငန်း အဖွဲ့ချုပ်နှင့် သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ပူးပေါင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ထို့ပြင် အိမ်နီးချင်းနိုင်ငံဖြစ်သည့် ထိုင်းနိုင်ငံသို့ ကမ္ဘာလှည့် ခရီးသည် ဝင်ရောက်မှုမှာ ၂၀၁၅ ခုနှစ်တွင် သန်း ၃၀ ခန့် ဝင်ရောက်မည်ဟု ထိုင်းနိုင်ငံရှိ ခရီးသွား လုပ်ငန်းအဖွဲ့ချုပ်က ပြောကြားထားပြီး ယင်းကဲ့သို့ မြန်မာနိုင်ငံ၌ ခရီးသွား ဝင်ရောက်မှု မြင့်တက်လာစေရန် ထိုင်းနိုင်ငံရှိ ခရီးသွား ကုမ္ပဏီများ၊ ခရီးသွားလုပ်ငန်း အဖွဲ့ချုပ်နှင့် သက်ဆိုင်ရာ အဖွဲ့အစည်းများက ခရီးသွားကဏ္ဍနှင့် ပတ်သက်၍ ပြပွဲများ ပြုလုပ်ပြီး ဆွေးနွေးပွဲများ လုပ်ဆောင်သွားမည် ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent