အမျိုးသား လူ့အခွင့်အရေး ကော်မရှင်အသစ် ဖွဲ့စည်းပြီးချိန်မှ တစ်နှစ်အတွင်း ပြည်တွင်း တိုင်တန်းစာ ၁၂၀၀ ကျော် ရရှိခဲ့ပြီး မြေယာ အငြင်းပွားမှုမှာ တိုင်ကြားမှု အများဆုံးဖြစ်

အမျိုးသား လူ့အခွင့်အရေး ကော်မရှင်အသစ် ဖွဲ့စည်းပြီးချိန်မှ တစ်နှစ်အတွင်း ပြည်တွင်း တိုင်တန်းစာ ၁၂၀၀ ကျော် ရရှိခဲ့ပြီး မြေယာ အငြင်းပွားမှုမှာ တိုင်ကြားမှု အများဆုံးဖြစ်
Published 6 December 2015
ဇာလီမြင့်ဦး

မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် အသစ်ဖွဲ့စည်းပြီးချိန်မှ လက်ရှိအချိန်အထိ တစ်နှစ်အတွင်း ပြည်တွင်း တိုင်ကြားစာ ၁၂၀၀ ကျော် ရရှိခဲ့ပြီး မြေယာအငြင်းပွားမှုများနှင့် ပတ်သက်၍ တိုင်ကြားမှုမှာ အများဆုံး ဖြစ်ကြောင်း သိရသည်။ဒီဇင်ဘာ ၄ ရက်က မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ရုံးတွင် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ကော်မရှင် အဖွဲ့ဝင်များက ရှင်းလင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ကို ၂၀၁၄ စက်တင်ဘာတွင် ပြန်လည် ဖွဲ့စည်းခဲ့ခြင်း ဖြစ်ပြီး ၂၀၁၄ အောက်တိုဘာမှ ယခုနှစ် အောက်တိုဘာလအထိ ပြည်တွင်း တိုင်တန်းစာ စုစုပေါင်း ၁၂၂၂ စောင် ရရှိခဲ့ကြောင်း သိရသည်။ထိုသို့ တိုင်ကြားမှုများအနက် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် အနေဖြင့် သက်ဆိုင်ရာ ဌာနများသို့ ၂၅၂ စောင်၊ တိုင်တန်းသူများသို့ ၂၉၅ စောင် အကြောင်းကြားမှုများ ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။“မြေယာ ပြဿနာကတော့ အများဆုံးပေါ့။ တပ်ပိုင်မြေ သိမ်းခံရတဲ့ ကိစ္စတွေ၊ နောက် ကုမ္ပဏီတွေနဲ့ အငြင်းပွားမှုဆိုင်ရာ ကိစ္စတွေကို တိုင်ကြားမှုတွေ များပါတယ်။ ကျန်တာကတော့ တရားရေးရာ ကိစ္စတွေ၊ ဝန်ထမ်းရေးရာ ကိစ္စတွေ ပါပါတယ်။ ဒီနေရာမှာ မှတ်တမ်းတင် အနေနဲ့ပဲ ထားရှိရတာတွေ၊ အမှု ပိတ်သိမ်းတာတွေလည်း ရှိပါတယ်။ ဒါ့အပြင် ယခင် ကော်မရှင်ဟောင်း လက်ထက်က လက်ကျန် တိုင်ကြားမှု ၂၂၉ ခုလည်းရှိတော့ ဒါတွေထဲက ဆက်လုပ်နေရတာတွေ ရှိပါတယ်” ဟု ကော်မရှင် အဖွဲ့ဝင် ဦးဇော်ဝင်းက ပြောကြားသည်။ကော်မရှင် အနေဖြင့် တိုင်ကြားလာသည့် လူ့အခွင့်အရေးဆိုင်ရာ ကိစ္စရပ်များကို ဥပဒေအရ ဖြေရှင်းဆောင်ရွက်မှုထက် အစိုးရအဖွဲ့နှင့် သက်ဆိုင်ရာ ဝန်ကြီးဌာနများထံ အကြံပြု တင်ပြခြင်းနှင့် ညှိနှိုင်းမှုများ လုပ်ဆောင်ပေး၍ရကြောင်းကော်မရှင် ဥက္ကဋ္ဌ ဦးဝင်းမြက ပြောကြားသည်။သက်ဆိုင်ရာ ဝန်ကြီးဌာနများမှ ပြန်ကြားမှု အနေဖြင့် ပြည်ထောင်စု အဆင့် ဌာန ၂၁ ဌာနမှ ပြန်ကြားစာ ၁၈၄ စောင်၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရအဖွဲ့ ၁၂  ဖွဲ့မှ ၈၃ စောင်၊ တရားလွှတ်တော် လေးဌာနမှ ၁၈ စောင်၊ ဥပဒေ ဌာနများမှ ၃ စောင်၊ ကော်မရှင်၊ ကော်မတီနှင့် ကောင်စီ ငါးခုမှ ၁၁ စောင်နှင့် ပြည်တွင်း အဖွဲ့အစည်းများမှ ပြန်ကြားစာ ကိုးစောင်ဖြင့် တိုင်တန်းမှုများကို မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်သို့ အကြောင်း  ပြန်ကြားခဲ့ကြောင်း သိရသည်။ထို့ပြင် ၂၀၁၄ အောက်တိုဘာလမှ လက်ရှိအချိန်အထိ ပြည်ပ တိုင်တန်းစာ ၂၀၀၀ ကျော်လည်း ရရှိခဲ့ကြောင်း ကော်မရှင်မှ ထုတ်ပြန်သည့် အချက်အလက်များအရ သိရသည်။သို့သော် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် ဥပဒေအရ ရက်ပေါင်း ၃၀ အတွင်း အကြောင်းပြန်ကြားရမည် ဖြစ်သော်လည်း အချိန်နောက်ကျမှ အကြောင်း ပြန်ကြားမှုများနှင့် ပြန်ကြားမှု မရှိသည်များလည်း ကြုံတွေ့ရကြောင်း ကော်မရှင် အဖွဲ့ဝင် ဦးဇော်ဝင်းက ပြောကြားသည်။

Most Read

Most Recent