၂၀၁၁ ခုနှစ်အတွင်းက မြောက်ဥက္ကလာပမြို့နယ်အတွင်းရှိ စားသောက်ဆိုင်တစ်ဆိုင်၌ ဖြစ်ပွားခဲ့သည့် အုပ်စုဖွဲ့ လူသတ်မှုတွင် ပါဝင်ကျူးလွန်မှုကြောင့် သေဒဏ်ချမှတ်ခံခဲ့ရသည့် တရားခံ ၁၀ ဦးက ပြစ်ဒဏ်အပေါ် အထူးအယူခံတက်ရောက်မည်ဖြစ်ကြောင်း သတင်းရရှိသည်။ပြီးခဲ့သည့် မတ်လ ၅ ရက်နေ့က မြောက်ပိုင်းခရိုင်တရားရုံးမှ ချမှတ်ခဲ့သည့် သေဒဏ်စီရင်ချက်အပေါ် ပြည်ထောင်စုတရားလွှတ်တော်ချုပ်သို့ အယူခံတက်ရာတွင် သေဒဏ် ချမှတ်ခံရသူ ၁၅ ဦးအနက် ငွေပေးစေခိုင်းသူ မိသားစုဝင် ၅ ဦးမှာ သေဒဏ်ပြစ်ဒဏ်မှ တရားသေ လွတ်မြောက်ခဲ့ပြီး ကျန် ၁၀ ဦးမှာ မလွတ်မြောက်သဖြင့် အထူးအယူခံ ထပ်မံတက်ရောက်ရန် ပြင်ဆင်နေကြောင်း တရားခံရှေ့နေတစ်ဦးက ပြောကြားသည်။“ကျွန်မကအမိန့်တွေ ကူးထားတယ်။သူတို့က အထူးအယူခံတက်ဖို့ အခွင့်အရေးရှိနေသေးတော့ တက်မယ်လို့ပြောတယ်။ သူတို့ကို တစ်ယောက်တစ်နေရာစီ ထောင်တွေခွဲထားတော့ လိုက်သွားပြီး ထောင်မှာ ရှေ့နေပါဝါ သွားတောင်းရဦးမှာပေါ့။ တက်ဖို့ စီစဉ်နေပါတယ်” ဟု သေဒဏ်ကျတရားခံ၏ ရှေ့နေတစ်ဦးက ဒီဇင်ဘာ ၅ ရက်က ပြောကြားသည်။ ၂၀၁၁ ခုနှစ် နိုဝင်ဘာ ၁၇ ရက် ည ၈ နာရီခန့်က မြောက်ဥက္ကလာပမြို့နယ် နွယ်သာကီ ၆ လမ်းအတွင်းရှိ စားသောက်ဆိုင်အတွင်း၌ ဖြစ်ပွားခဲ့သည့် အဆိုပါ လူသတ်မှု ကို သုံးနှစ်ကျော်ကြာ စစ်ဆေးခဲ့သည်။ ထိုအမှုတွဲအား၂၀၁၅ ခုနှစ် ဖေဖော်ဝါရီ ၂၃ ရက်က အပြီးသတ်လျောက်လဲချက်ပေးခဲ့ပြီး ၂၀၁၅ ခုနှစ် မတ်လ ၅ ရက်က စွဲချက်အတင် ခံထားရသည့် တရားခံ ၁၅ ဦးလုံးအား သေဒဏ် အမိန့်ချမှတ်ခဲ့ခြင်းဖြစ်ကာ ယင်းတို့အနက် ငါးဦးကို ပြည်ထောင်စုတရားလွှတ်တော်ချုပ်က နိုဝင်ဘာ ၂၀ ရက်က အမိန့်ချမှတ်ခဲ့ရာတွင် အပြီးပြတ်လွှတ်ပေးခဲ့ကြောင်း သိရသည်။
မြောက်ဥက္ကလာပမြို့နယ်၌် ဖြစ်ပွားခဲ့သော အုပ်စုဖွဲ့လူသတ်မှုတွင် ကျူးလွန်မှုကြောင့် သေဒဏ်ချမှတ်ခံရသည့် တရားခံ ၁၀ ဦးက အထူးအယူခံတက်မည်ဟုဆို















