ငြိမ်းချမ်းသော မြန်မာပြည်

ငြိမ်းချမ်းသော မြန်မာပြည်
Published 6 December 2015
ဒေါက်တာခင်မောင်ညို

ငြိမ်းချမ်းမည်လား
၂၀၁၅ ခုနှစ် နောက်ဆုံးလဖြစ်သည့် ဒီဇင်ဘာလကို ရောက်နေကြပါပြီ။ မကြာမီ နှစ်သစ်သို့ ရောက်ပါတော့မည်။ ကမ္ဘာကြီး ဘာတွေဆက်ဖြစ်မည်လဲ။ မြန်မာပြည် ဘာတွေဖြစ်နေသလဲ။ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) မဲအနိုင်ရလေပြီ။ အာဏာလွှဲ ပြောင်းမှုသည် ထင်တာထက်ပင် များစွာချောမွေ့မည်ဟု ယူဆနေကြသည်။ NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် ရှေ့လုပ်ငန်းစဉ်ကို ဆောင်ရွက်ရန် အဓိကကျသော သူရဦးရွှေမန်း၊ သမ္မတ ဦးသိန်းစိန်နှင့် ကာကွယ်ရေး ဦးစီးချုပ် မင်းအောင်လှိုင်တို့နှင့် တွေ့ဆုံ ဆွေးနွေးခဲ့ပြီး ဖြစ်သည်။
NLD အနိုင်ရပြီး ဒီမိုကရေစီ အသွင်ကူးပြောင်း အုပ်ချုပ်ဖို့ ဆောင်ရွက်နေပေမယ့် ငြိမ်းချမ်းရေး မရရှိနိုင်သေးပါဘူး။ လက်နက်ကိုင် အဖွဲ့အစည်း ၂၀ ကျော် ရှိသော်လည်း ငြိမ်းချမ်းရေး သဘောတူညီမှုကို ဆောင်ရွက်ဖို့အတွက် ရှစ်ဖွဲ့သာ လက်မှတ် ရေးထိုးထားသည်။ လွတ်လပ်ရေး ရပြီးကတည်းက ငြိမ်းချမ်းရေး မရသေးသော မြန်မာပြည်ကို ဒီတစ်ခါ ငြိမ်းချမ်းအောင် လုပ်နိုင်ပါ့မလား။
မတူသည့်လူများ
ကျွန်တော်တို့ မြန်မာပြည်မှာ လူမျိုး ၁၃၅ မျိုးရှိသည်။ လူဦးရေကတော့ ၅၂ သန်းကျော်သည်။ လူမျိုးအကွဲကွဲ အပြားပြား ရှိသည်။ ဘာသာ စကားတွေ များစွာကွဲပြားသည်။ အသားအရောင်တွေလည်း ကွဲပြားသည်။ အတွေးအခေါ်တွေ ကွဲပြားသည်။ ယဉ်ကျေးမှုတွေလည်း ကွဲပြားကြသည်။ ကိုးကွယ်သည့် ဘာသာသည်လည်း ခြားနားကြသည်။ အတွေးအခေါ် အယူအဆတွေ မတူကြသော ထိုသူတို့သည် တိုင်းဒေသကြီးနှင့် ပြည်နယ်တွင် အတူတကွ ပေါင်းစည်း နေထိုင်ကြသည်။ ထို့ကြောင့်လည်း ပြဿနာ ပေါင်းစုံကို တွေ့ကြုံရတော့သည်။
ကွဲပြားခြားနားသော လူမျိုး အသီးသီးသည် အယူအဆတွေ မတူကြသည့် အားလျော်စွာ တစ်ယောက်နဲ့ တစ်ယောက် နားမလည်ကြ။ သို့သော် တစ်ဦးနှင့် တစ်ဦးတော့ အကြောင်း အားလျော်စွာ ဆက်ဆံမှုတွေ ပြုလာကြသည်။ ကူးသန်းရောင်းဝယ်မှု ပြုလာကြသည်။ ထိုသို့ပြုလျှင် အကျိုးဖြစ်ထွန်း လာကြသည်ကို တွေ့လာကြသည်။
လူတို့ ကုန်သွယ်မှုတွေ ပြုကြသောကြောင့် ယဉ်ကျေးမှု ကူးလူး ဆက်နွှယ်ကာ ပိုမို တိုးတက်သည့် လူ့ဘောင်ကို တည်ဆောက်လာနိုင်သည်။ ကမ္ဘာတွင်လည်း ဒီပုံစံမျိုးသာ ဖြစ်သည်။ အရှေ့တိုင်း ယဉ်ကျေးမှုသည် အနောက်တိုင်းဆီသို့ ပျံ့သည်။ အနောက်တိုင်း၏ စက်မှုလက်မှု ပညာရပ်များ အရှေ့တိုင်းသို့ ပျံ့နှံ့သည်။ ကောင်းသော တိုးတက်မှုတွေ များစွာဖြစ်ပွားသည်။ သို့သော် အဆိုးဘက်ကိုလည်း ဦးတည်ခဲ့ပါသေးသည်။
ကုန်သွယ်မှုမှ လောဘ တက်လာသော အင်အားကြီးသည့် နိုင်ငံများသည် တစ်ဖက်နိုင်ငံကို ကျူးကျော် သိမ်းပိုက် ကျွန်ပြုလာသည်။ အဖိုးတန် ပစ္စည်းများကို ဘဏ္ဍာတော် သတ်မှတ်ကာ ပစ္စည်းများကို သိမ်းပိုက် လာတော့သည်။ လူကိုဖမ်း၍ ကျွန်ပြုသည်လည်း ရှိသည်။ မတရား စေခိုင်းသည်လည်း ရှိသည်။
စစ်ပွဲများ
တစ်ချိန်က နိုင်ငံ အများအပြားသည် ကိုလိုနီနိုင်ငံ ဖြစ်လာသည်။ တိုင်းနိုင်ငံများစွာသည် ကျွန်ဖြစ်ကြရသည်။ လူမှုဆက်ဆံရေးတွင် ကျွန်ပြုခြင်းသည် မတရားမှုဟု နားလည်နိုင်သည်။ ထို့အတွက် ကျွန်ပြုခြင်းကို လက်နက်၊ အာဏာ၊ ပရိယာယ်တို့ဖြင့် တာရှည် မထိန်းထားနိုင်ပါ။ ဆိုလိုသည်မှာ  အင်အားကြီး နိုင်ငံများသည် လက်အောက်ခံ ကိုလိုနီနိုင်ငံများကို လက်နက်နှင့် တာရှည် မထိန်းထားနိုင်ပါ။ ထိုကြောင့် တစ်ကမ္ဘာလုံးရှိ နိုင်ငံတိုင်း လိုလို လွတ်လပ်ရေး ရသွားတော့သည်။
တစ်ကမ္ဘာလုံး နယ်ချဲ့လက်အောက်မှ လွတ်မြောက်လာရခြင်း ဒုတိယ အကြောင်းရင်းမှာ ကမ္ဘာစစ်ကြီး ဖြစ်ပွားလာ၍ ဖြစ်သည်။ မည်သို့ပင် ဖြစ်စေ ဒုတိယ ကမ္ဘာစစ်အပြီးမှာ နိုင်ငံများစွာ လွတ်လပ်ရေး ရလာခဲ့သည်။ လွတ်လပ်ပြီးသော်လည်း ခြားနားတဲ့ အတွေးအခေါ် အယူအဆတွေကြောင့် ကမ္ဘာမှာ စစ်မီးတွေ ပျံ့နှံ့နေဆဲပဲ ဖြစ်သည်။
ပြည်တွင်းစစ်၊ ဘာသာရေးစစ်၊ လူမျိုးစုစစ် စသော စစ်ပွဲပေါင်းများစွာ အကြား လူတွေ နေထိုင်ကြရသည်။ စစ်အေးတိုက်ပွဲဟု နားလည်ထားသော လက်နက် ပြိုင်မှုတွေလည်း များစွာ ထင်ရှားသည်။
ခေတ်မီတိုးတက်
၂၁ ရာစု တိုင်လာပြီ ဖြစ်သည်။ လူသားတို့ရဲ့ စားဝတ်နေရေး အခြေအနေသည် အလွန်ပင် ကောင်းမွန်လာသည်။ ပညာအရာ၊ စာပေအရာ၊ သိပ္ပံအရာမှာ ထူးချွန် ပြောင်မြောက်ခဲ့သည်။ ကွန်ပျူတာ၊ အင်တာနက်၊ မိုဘိုင်းဖုန်း စသော ဆက်သွယ်ရေး တက္ကနိုလိုဂျီတို့ များစွာ တိုးတက် ကောင်းမွန်လာသော ခေတ်ဖြစ်သည်။  သို့သော် စစ်ပွဲအချို့ ကျန်နေသေးသည်။ ပို၍ဆိုးရွားသည်မှာ အညှိုးကြီးသော လက်စားခြေမှုများက ကမ္ဘာကို လွှမ်းမိုးလာခြင်း ဖြစ်သည်။ လူတို့သည် စစ်ကြေညာခြင်း မပြုဘဲ တိုက်ခိုက်ကြသည်။ ပစ်မှတ် သတ်မှတ်ချက် မရှိ။ အရပ်သား၊ စစ်သားခွဲခြားမှု မရှိ။ လူတိုင်းသည် ပစ်မှတ်ဖြစ်နိုင်၍ နေရာမရွေး၊ ဒေသမရွေး အကြောင်းရှိရှိ မရှိရှိ တိုက်ခိုက်ခံ ရနိုင်သည်။ ၎င်းကို ‘အကြမ်းဖက်မှု’ ဟု အမည် တပ်ထားသည်။
ယခုနှစ် ၂၀၁၅ ခု နိုဝင်ဘာ ၁၃ ရက်က ဖြစ်ပွားသော ပါရီမြို့ အကြမ်းဖက်မှုသည် အရပ်သား ၁၃၀ ကျော် အသက်ကို ဆွဲနှုတ်သွားသည်။  ပြင်သစ်သမ္မတ Francois Hollande က ဒါဟာ ဒုတိယ ကမ္ဘာစစ်ကြီးအပြီး အဆိုးဆုံးသော တိုက်ခိုက်မှုဟု ဆိုသည်။
အကြမ်းဖက်မှုသည် လူသားတို့ကို ကျီးလန့်စာ စားရသလို ဖြစ်စေလေသည်။အကြမ်းဖက်မှုသည် ဆိုးရွားသည်။ ရန်သူကြောင့်လည်း အသက်ဆုံးရှုံးနိုင်သလို မိတ်ဆွေကြောင့်လည်း အသက်သေဆုံးနိုင်သည်။ ဘာကြောင့် ဒီလို တိုက်ခိုက်မှုတွေ ပေါ်ပေါက်နေသနည်း။
လက်နက်များ ပြိုင်မလား၊ ခွင့်လွှတ်မလား
ဒုတိယ ကမ္ဘာစစ်ကို လက်နက် အင်အားနဲ့ အဆုံးသတ်ခဲ့သည်။ (ဂျပန်မှာ အဏုမြူဗုံး နှစ်လုံးကြဲသည်။ ဂျာမနီကို မဟာမိတ်တို့ အလုံးအရင်းနဲ့ အနိုင်ယူ တိုက်ခဲ့သည်) လက်နက်သည် စစ်ပွဲတွေကို ခေတ္တ ရပ်ဆိုင်းသွားစေသည်။ သို့သော် ထာဝရ ရပ်ဆိုင်းခြင်း မပြုနိုင်ပါ။
နောက်ထပ် စစ်မီးတွေ ပွားလာပြန်သည်။ လက်ရှိ အခြေအနေမှာပင် စစ်ပွဲတွေ ဖြစ်နေသည်။ အစ္စရေး၊ ပါလက်စတိုင်း ရန်စောင်ကာ နေ့စဉ် သတ်ဖြတ်မှုတွေ ဖြစ်နေကြသည်။ လစ်ဗျားတွင် ပြည်တွင်းစစ် ဖြစ်နေသည်။ ယီမင်တွင် စစ်ဖြစ်နေသည်။ ထိုနည်းတူ ဆီးရီးယား ပြည်တွင်းစစ်သည်လည်း ပြင်းထန်နေပြီး နိုင်ငံတကာ ဝင်ပါလာသည်။ ဤသည်ကား လူသားတွေရဲ့ ကံကြမ္မာလေလား။
ယနေ့ခေတ် ယဉ်ကျေးမှု အခြေခံကာ စစ်ပွဲတွေကို ရပ်ဆိုင်းနိုင်သည်ဟု စာရေးဆရာ တစ်ဦးက သုံးသပ်ပြထားသည်။ သူ၏ ယူဆချက်ကို နားထောင်ကြည့်ရအောင် ။
လွန်ခဲ့တဲ့ လေးနှစ်လောက်က ကျွန်တော် ကမ္ဘောဒီးယားနိုင်ငံ ကမ္ဘာ့ယဉ်ကျေးမှု အမွေဖြစ်တဲ့ အန်ကောဝပ် ကျောင်းဘေးကို လျှောက်သွားစဉ်မှာ ခမာနီ ခေါင်းဆောင်ဟောင်း နှစ်ယောက်သည် ဘာအကာအကွယ် အစောင့်အရှောက်တွေ မပါဘဲ ပြုံးပျော်စွာ လမ်းလျှောက်နေတာကို တွေ့ရသည်။ သူတို့သည် ခမာနီ ခေါင်းဆောင် ‘ပိုပေါ့’ လက်ထက်က ကမ္ဘောဒီးယား သုံးသန်းနီးပါးကို သတ်ခဲ့သူတွေထဲမှာ ပါဝင်ခဲ့သူတွေ ဖြစ်သည်။ သူတို့သည် လက်ရှိ အစိုးရထံတွင် လက်နက်ချခဲ့သည်။ အပြည်ပြည်ဆိုင်ရာ သဘောတူညီချက် အရ သူတို့ကို အစိုးရက လွတ်ငြိမ်း ချမ်းသာခွင့် ပေးခဲ့သည်။ ခုတော့ သူတို့သည် ဆန္ဒရှိသလို ခရီးတွေ သွားလာနိုင်ပြီး လွတ်လပ်မှု အရသာကို ခံစားနေကြသည်။
သူတို့ကြောင့် ခြေပြတ်လက်ပြတ် ဖြစ်သူတွေအပြင် ခေါင်းပြတ်သူတွေ များစွာရှိသည်။သူတို့ကြောင့် ဖြစ်လာတဲ့ မိဘမဲ့ ကလေးတွေ အများကြီး ရှိသည်။ သူတို့ကို ကျွန်တော်တို့ အုပ်စုထဲက တစ်ယောက်က အသေအချာ မြင်သွားသည်။ သူဟာ လက်သီးတွေ ဆုပ်ကာ အံတွေကြိတ်သည်။ ဒါပေမဲ့ ကျွန်တော့်ဘေးက နောက်တစ်ယောက်က ပြောသည်။ “လုပ်မနေပါနဲ့။ တို့တစ်တွေ သူတို့ကို ဒုက္ခပေးရင် ဒီသံသရာကြီးဟာ တစ်ကျော့ပြန်လည်လာမှာပဲ။ ဒါတွေကို မေ့လိုက်ပါ”
အာရှတန်ဖိုး (Asian Value)     
ထိုအချက်သည် အာရှတိုက်သားတွေရဲ့ ထူးခြားသည့် ခွင့်လွှတ်တတ်မှုများ ဖြစ်သည်။ ဒါကို Asian Value ဟု ခေါ်နိုင်ပေမည်။ ထိုစိတ်ဓာတ်ကို အနောက်တိုင်းသားတွေကို သဘောမပေါက်ကြပါ။
သမိုင်းကို ပြန်ကြည့်လျှင် ဗီယက်နမ်မှာ သူတို့ရဲ့ သားတွေသမီးတွေ ဆုံးရှုံးကြရတာ အမေရိကန် တွေကြောင့်ပဲဟု ဗီယက်နမ် လူမျိုးအားလုံး သိကြသည်။ယနေ့ အမေရိကန်တို့သည် ဗီယက်နမ်သို့ နောက်တစ်ကျော့ ပြန်သွားကြသည်။ အမေရိကန် အရောင်းအဝယ် ကုန်သည်တွေ၊၊ ရင်းနှီးမြှုပ်နှံ သူတွေ၊ ခရီးသွားတွေ ဗီယက်နမ်ကို လာကြသည်။
ဗီယက်နမ် လူမျိုးတို့သည် အမေရိကန်တွေကို လက်ကမ်းကြိုဆိုကာ မျိုးချစ်စိတ်ကို ပြခဲ့ကြသည်။ သူတို့သည် တိုးတက်သော နိုင်ငံ တည်ဆောက်ရန် အတွက် အမေရိကန်တွေ လွှမ်းမိုးနေတဲ့ အနာဂတ်ကို ဝင်ရောက်ဖို့ လိုကြောင်း သိကြသည်။
ဂျပန်ကိုလည်း ကြည့်ပါဦး။ အဲဒီတိုင်းပြည်ဟာ အမေရိကန်တွေရဲ့ ဗုံးဒဏ်ကြောင့် ပြာပုံအတိ ဖြစ်ခဲ့ရသည် သူတို့ စစ်ရှုံးရသည်။
ဒီတော့ ဂျပန်တွေဟာ လက်နက်တွေကို စွန့်လွှတ်ကာ သူတို့ကို မယှဉ်နိုင်ရင် ပူးပေါင်းပါဆိုသည့် ပေါ်လစီ အတိုင်း လိုက်နာ ကျင့်ကြံသည်။
ယနေ့ IS ပြဿနာသည် အလွန်ကြီးမားနေသည်။ IS တို့သည် ဆီးရီးယားတွင် အခြေစိုက်ကာ အကြမ်းဖက် တိုက်ခိုက်မှုများ ပြုလုပ်နေကြသည်။ ဆီးရီးယားတွင် ပြင်သစ်တို့က IS ကို ဗုံးကြဲ တိုက်ခိုက်နေသည်။ အင်္ဂလိပ်ကတော့ မဆုံးဖြတ်ရသေး။ ကုလသမဂ္ဂက IS ကို တိုက်ရန် ခွင့်ပြုထားသည်။အမြစ်ပြတ်အောင် တိုက်ကြမှာလား။ အရင်က အယ်လ်ကေးဒါး ရှိသည်။ အယ်လ်ကေးဒါးကို နှိမ်လိုက်သည့် အတွက်  IS ပေါ်လာသည်။ IS ကို တိုက်ရင် ဘာဖြစ်မှာလဲ။ ပျောက်သွားမှာလား၊ နောက်တစ်ဖွဲ့ ပေါ်လာမှာလား။  စိုးရိမ်စရာပါ။ ဒါဆိုရင် ညှိနှိုင်းမှာလား။ ရကော ရနိုင်ပါ့မလား။
နိဂုံး
မြန်မာပြည်တွင်လည်း ကရင်သူပုန် KNDO ကို နှိမ်လိုက်ရာ KNU ပေါ်လာသည်။ ကချင်တွင်လည်း KIA, KIO စသော အဖွဲ့ များ ပေါ်လာသည်။သာဓကတွေ အများကြီးပါ။မြန်မာသူပုန် အလံဖြူ အလံနီ တို့ကို နှိမ်လိုက်ရာ ABSDF ပေါ်လာသည်။
အကြမ်းဖက်ခြင်းသည် ကောင်းသည့် အလုပ်မဟုတ်ဘူး ဆိုတာကို သူသူကိုယ်ကိုယ် နားလည်ကြသည်။
မိမိမှာ လက်နက်ကောင်းသည် ဟူ၍ လက်နက်နှင့် အနိုင်ယူပါက ငြိမ်းချမ်းရေးမှ ဝေးနေပါမည်။ အစိုးရ ကိုယ်တိုင်ကလည်း မိမိကိုယ်တိုင် အကြမ်းဖက်ခြင်း ဟုတ် မဟုတ် သုံးသပ်ရန် လိုသည်။
ငြိမ်းချမ်းရေး ဆွေးနွေးပွဲ အတွက် အရေးပါသည်မှာ နိုင်ငံရေး ဆွေးနွေးပွဲ ဖြစ်သည်။မကြာမီ ရက်ပိုင်း အတွင်းတွင် အဲဒီ ဆွေးနွေးပွဲကို ကျင်းပပါမည်။ အစစ်အမှန် နိုင်ငံရေး ဆွေးနွေးပွဲ ဖြစ်ရပေမည်။
အစိုးရသည် အခွင့်အလမ်းကောင်းကို မိမိရရ ဆွဲကိုင်နိုင်ဖို့ လိုသည်။ငြိမ်းချမ်းရေး ရလဒ်ကောင်းများကို မျှော်လင့်နေကြပါသည်။

Most Read

Most Recent